သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ ငြိမ်းချမ်းရေး ကန် ပံ့ပိုးကူညီမည်


 မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး
မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး

အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာနိုင်ငံ ဒီမိုကရေစီအသွင်ကူးပြောင်းရေးမှာ အရေးပါတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အောင်မြင်ရေး အတွက် နိုင်ငံရေး ဆွေးနွေးပွဲတွေ အထမြောက်အောင် အားပေးသွားမှာဖြစ်သလို နည်းပညာပိုင်းအရ ပံ့ပိုးကူညီ သွားမှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး ကပြောဆိုလိုက်ပါတယ်။ ရန်ကုန်မြို့ American Center မှာ ဒီကနေ့ကျင်းပတဲ့ အမေရိကန်-မြန်မာဆက်ဆံရေး သတင်းစာရှင်းလင်းပွဲမှာ သံအမတ်ကြီး Scot Marciel က အခုလိုပြောဆိုလိုက်တာပါ။ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ VOA ရန်ကုန်ရုံးခွဲတာဝန်ခံ ဒေါ်ခင်စိုးဝင်းက တင်ပြထားပါတယ်။

မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး
မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ မြန်မာ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဟာ သိပ်ကို နက်နဲသိမ်မွေ့တဲ့အတွက် အမေရိကန်ပြည်ထောင်စုအနေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကနေ နိုင်ငံရေး ဆွေးနွေးပွဲတွေ အထမြောက်အောင်အားပေးရင်း၊ နည်းပညာပိုင်းအရ ကူညီပံ့ပိုးသွားမှာ ဖြစ်တယ်လို့ သံအမတ်ကြီး Scot Marciel က အခုလိုပြောပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ ငြိမ်းချမ်းရေးမရဘဲ မအောင်မြင်နိုင်ပါဘူး။ ဘယ်နိုင်ငံမဆို ငြိမ်းချမ်းရေးရမှသာ အောင်မြင်မှာပါ။ ဒါ့ကြောင့် ကျနော်တို့က တနိုင်ငံလုံးအပစ်အခတ်ရပ်စဲရေးအပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ နိုင်ငံရေးဆွေးနွေးပွဲအတွက် တစိုက်မတ်မတ် အားပေး ထောက်ခံခဲ့တာပါ။ ဒီနေရာမှာ ကျနော်အလေးအနက်ပြောလိုတာကတော့ ဒီ လုပ်ငန်းစဉ်ဟာ မြန်မာတွေက အားသွန်ခွန်စိုက်လုပ်ကြရမယ့် ပြည်တွင်းရေးဖြစ်ပါတယ်။ ကျနော်တို့ဟာ နိုင်ငံခြားက အစိုးရဖြစ်ပါတယ်။ ကျနော်တို့ရဲ့ အခန်းကဏ္ဍက ဝင်ရောက်စွက်ဖက်ဖို့ မဟုတ်သလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုတာ ဒီလိုလုပ်ရတယ်လို့ ဆရာကြီးလုပ်ဖို့လည်းမဟုတ်ပါဘူး။ မြန်မာလူထုက ဆုံးဖြတ်ဖို့ဘဲဖြစ်ပါတယ်။ ဒါပေမဲ့ ကျနော်တို့ ပံ့ပိုးပေးနိုင်မယ့် နည်းလမ်းတွေရှိခဲ့ရင်၊ နိုင်ငံရေးဆွေးနွေးပွဲတွေ အထမြောက်အောင် အားပေးမှာဖြစ်သလို၊ နည်းပညာပိုင်းအရ အကူအညီတွေ ပေးသွားမှာဖြစ်ပါတယ်။”

လောလောဆယ် အရပ်သားအစိုးရက ဒီမိုကရေစီ အသွင်ကူးပြောင်းနေတဲ့ ကာလမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အချိန်ယူ အကောင်အထည်ဖေါ်ဆောင်ရွက်သွားရမှာဖြစ်တယ်လို့ သံအမတ်ကြီး Marciel က သုံးသပ်လိုက်ပါတယ်။

အရင် စစ်အစိုးရအဆက်ဆက် လူ့အခွင့်အရေးတွေချိုးဖေါက်မှုတွေကြောင့် အမေရိကန်ပြည်ထောင်စုက စီးပွားရေးအရ ပိတ်ဆို့မှုတွေနဲ့ အရေးယူခဲ့ပြီး လွန်ခဲ့နှစ်တွေအတွင်း ပြုပြင်ပြောင်းလဲမှု အထိုက်အလျောက်ဖေါ်ဆောင်ခဲ့တာကြောင့် အများပြည်သူကို တိုက်ရိုက် ထိခိုက်စေတဲ့ ပိတ်ဆို့မှုတွေဖြေလျှော့ပေးခဲ့ပြီး တသီးပုဂ္ဂလပစ်မှတ်ထားတဲ့ ပိတ်ဆို့မှုတချို့ကတော့ အကြုံးဝင်နေဆဲဖြစ်ကြောင်းနဲ့ အဲဒီ တသီးပုဂ္ဂလပစ်မှတ်ထားပိတ်ဆို့ရာမှာလည်း မရည်ရွယ်တဲ့ပြည်သူတွေ နစ်နာခဲ့ရတဲ့အတွက် အမေရိကန်ဘဏ္ဍာရေးဌာနက သီးသန့်စဉ်းစားပြီး ယာယီဖြေလျှော့မှုတွေ လုပ်ပေးခဲ့ပါကြောင်းနဲ့ ပိတ်ဆို့မှု မူဝါဒကို သံအမတ်ကြီးက ရှင်းပြပါတယ်။

“ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်ပြောရမယ်ဆိုရင် ခင်ဗျားတို့က ဒါတွေလုပ်ပြရင် ကျနော်တို့က ပိတ်ဆို့မှုအားလုံး ရုပ်သိမ်းပေးမယ်ဆိုတဲ့ သဘောမျိုးမဟုတ်ပါဘူး။ ဒါပေမဲ့ ဒီမိုကရေစီရေးလှုပ်ရှားမှုတွေနဲ့ လူ့အခွင့်အရေးလေးစားလိုက်နာဖို့ကို ပိုအလေးပေးပြီး ကျနော်တို့ရဲ့ ပိတ်ဆို့မှုတွေနဲ့ထိရောက်စေဖို့ဖြစ်ပါတယ်။ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ တိုက်ရိုက် ဆက်စပ်နေတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ ငြိမ်းချမ်းရေးရရင် ပဋိပက္ခတွေလျော့ကျမယ်၊ လူ့အခွင့်အရေးချိုးဖေါက်မှုတွေလည်း သိသိသာသာ လျော့သွားနိုင်ပါတယ်။ ငြိမ်းချမ်းရေးအပြည့်အဝရရင် ပိတ်ဆို့မှုတွေ အားလုံးရုပ်သိမ်းပေးမယ့် သဘောမဟုတ်ဘူး ဆိုတာကိုတော့ အလေးအနက်ပြောပါရစေ။”

စီးပွားရေးအသိုင်အဝိုင်းက အမေရိကန်ပိတ်ဆို့မှုတွေ ရုပ်သိမ်းပေးဖို့ တွန်းအားပေးနေတဲ့ တချိန်တည်းမှာဘဲ လူ့အခွင့်အရေး လှုပ်ရှားသူတွေကလည်း မေလ ၂၀ ရက်နေ့မှာ သက်တမ်းကုန်ဆုံးမယ့် ပိတ်ဆို့မှုတွေကို ထပ်မံသက်တမ်းတိုးသင့်တယ်လို့ သမ္မတအိုဘားမားအစိုးရကိုတိုက်တွန်းနေကြပါတယ်။

နိုဝင်ဘာလဆန်းမှာ ကျင်းပမယ့် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ဘယ်ပါတီကဘဲနိုင်နိုင် မြန်မာနိုင်ငံနဲ့ဆက်ဆံရေးကတော့ ပြောင်းလဲစရာအကြောင်းမရှိဘူးလို့လည်း သံအမတ်ကြီး Scot Marciel က ကောက်ချက်ချပါတယ်။

“Donald Trump သမ္မတဖြစ်မဖြစ်ဆိုတာ ရွေးကောက်ပွဲမတိုင်ခင် အချိန်က ၆ လ နီးပါးလိုသေးတယ်ဆိုတော့ ပြောဖို့စောနေပါသေးတယ်။ အမေရိကန်နိုင်ငံရေးနဲ့ ဘာတွေဖြစ်လာမလဲဆိုတာကို ကျနော် ခန့်မှန်းပြီးပြောလို့ရပါဘူး။ ပါတီ ၂ ခုစလုံးရဲ့ သမ္မတလောင်းဖြစ်လာမယ့်သူတွေကလည်း ဒီကိစ္စကို တိတိကျကျမပြောကြသေးပါဘူး။ ဒါပေမဲ့ ကျနော်ပြောနိုင်တာကတော့ ပါတီ ၂ ခုစလုံးက မြန်မာနိုင်ငံမှာဘာတွေဖြစ်နေသလဲဆိုတာ မျက်ခြေမပြတ်သလို အခြေခံအားဖြင့် ဒီမိုကရေစီပြပြုပြောင်းလဲရေးအတွက် ကျယ်ကျယ်ပြန့်ပြန့် ထောက်ခံအားပေးနေတယ်ဆိုတာပါဘဲ။ လွှတ်တော်အမတ်တွေကတော့ သီးခြားရပ်တည်မှုတွေ ရှိကြပေမဲ့ ဒီနေ့အထိ မြန်မာ့အရေးနဲ့ ပတ်သက်လာရင် ပါတီစွဲမရှိကြပါဘူး။ သမ္မတရွေးကောက်ပွဲမှာ ဘယ်သူဖြစ်ဖြစ်အရွေးခံခဲ့ရရင်လည်း။ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးအတွက် အခြေခံကျတဲ့ အထောက်အပံ့တွေနဲ့ ဆက်ပြီးထောက်ခံအားပေးသွားမယ်လို့ မျှော်လင့်ပါတယ်။”

မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအသစ် Scot Marciel ဟာ အမေရိကန်-မြန်မာ ဆက်ဆံရေးမူဝါဒနဲ့ ပတ်သက်တဲ့ သတင်းစာရှင်းလင်းပွဲ ကျင်းပခဲ့ရာမှာ၊ အရပ်ဖက်လူမှုအဖွဲ့အစည်းတွေရဲ့ခေါင်းဆောင်တွေ၊ တက္ကသိုလ်၊ ကောလိပ်တွေက ပါမောက္ခတွေနဲ့ သတင်းမီဒီယာတွေကို ဖိတ်ကြားခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG