သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဘာသာရေးနှိပ်ကွပ်မှု ကန်ဝေဖန်


Secretary Kerry and Ambassador-at-Large for International Religious Freedom David Saperstein release the International Religious Freedom Report for 2014 at Department of State. (Credit: state.gov)
Secretary Kerry and Ambassador-at-Large for International Religious Freedom David Saperstein release the International Religious Freedom Report for 2014 at Department of State. (Credit: state.gov)

မြန်မာနိုင်ငံမှာ ဘာသာရေးလွတ်လပ်ခွင့်နဲ့ ပတ်သက်ပြီး ဖိနှိပ်မှုတွေနဲ့ ခွဲခြားဆက်ဆံမှုတွေ ဆက်ရှိနေဆဲဖြစ်တယ်လို့ - အမေရိကန်အစိုးရရဲ့ လောလောဆယ် ထုတ်ပြန်ခဲ့တဲ့ ၂၀၁၄ ဘာသာရေးလွတ်လပ်ခွင့်အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံမှာ မကြာသေးခင်က အတည်ပြုပြဌာန်းခဲ့တဲ့ ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားခြင်း၊ ဘာသာကူးပြောင်းခြင်းတွေအပေါ် ကန့်သတ်တဲ့ ဥပဒေတွေကို အမေရိကန်အစိုးရက လက်မခံတဲ့အကြောင်း ပြောဆိုထားတာပါ။ ဒါ့အပြင် ရိုဟင်ဂျာမူဆလင်တွေနဲ့ ခရစ်ယာန်ဘာသာဝင် လူနည်းစုတွေအပေါ် ကန့်သတ်မှုတွေ ရှိနေတာကိုလည်း ထောက်ပြထားတဲ့ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး မနန္ဒာချမ်း က ဆက်ပြောပြပါမယ်။

ဟုတ်ပါတယ်… အောက်တိုဘာလ ၁၄ ရက် ဗုဒ္ဓဟူးနေ့က အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနကနေ ထုတ်ပြန်ခဲ့တဲ့ ဘာသာရေးလွတ်လပ်ခွင့်ဆိုင်ရာ နှစ်စဉ် အစီရင်ခံစာမှာ - မြန်မာနိုင်ငံမှာ သူတို့အခေါ် လူနည်းစု ရိုဟင်ဂျာ မူဆလင်တွေနဲ့ ခရစ်ယာန်ဘာသာဝင်တွေအပေါ် ကန့်သတ်ချက်တွေရှိနေတာနဲ့ သဘောထားတင်းမာတဲ့ ဗုဒ္ဓဘာသာဝင်တွေရဲ့ မူဆလင်ဆန့်ကျင်ရေး ပြောကြားချက်တွေကို အဓိက မီးမောင်းထိုးပြထားပါတယ်။ ရခိုင်ပြည်နယ်မှာ ရဲအရာရှိတဦး သေဆုံးခဲ့မှုအပေါ် လက်တုံ့ပြန်တဲ့အနေနဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ လက်ချက်နဲ့ ဒါဇင်နဲ့ချီ ရိုဟင်ဂျာတွေ သေဆုံးခဲ့ရတယ်ဆိုတဲ့ ၂၀၁၄ ဇန်နဝါရီလက စွပ်စွဲချက်အပေါ် စုံစမ်းစစ်ဆေးမှုလုပ်ဖို့ မြန်မာအစိုးရရဲ့ ပျက်ကွက်မှုကိုလည်း ဒီအစီရင်ခံစာမှာ ဝေဖန်ထားတာပါ။ ဒီအစီရင်ခံစာနဲ့ ပတ်သက်ပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က အခုလို ပြောကြားခဲ့ပါတယ်။

“ဝမ်းနည်းစရာကတော့ ဒီကနေ့ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာ မြန်မာနိုင်ငံ၊ အီရန်၊ ပါကစ္စတန်၊ ရုရှား၊ ဆော်ဒီအာရေးဗီးယားနဲ့ တခြားနိုင်ငံတွေလို လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို လျစ်လျူရှု ခံနေရတာတွေနဲ့ အပြည့် ဖြစ်နေတာပါပဲ။”

အလားတူ - မြန်မာနိုင်ငံကို သွားရောက်ခဲ့တဲ့ - ဘာသာရေးလွတ်လပ်မှုဆိုင်ရာ အမေရိကန် အထူးသံအမတ်ကြီး David Saperstein ကလည်း မြန်မာနိုင်ငံမှာ မကြာသေးခင်က အတည်ပြု ပြဌာန်းခဲ့တဲ့ ဘာသာခြားနဲ့ လက်ထပ်ထိမ်းမြားခြင်း၊ ဘာသာကူးပြောင်းခြင်းတွေအပေါ် ကန့်သတ်ထားတဲ့ ဥပဒေတွေကို အမေရိကန်အစိုးရက လက်မခံတဲ့အကြောင်း အဲဒီအစီရင်ခံစာထုတ်ပြန်ခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုသွားခဲ့ပါတယ်။

“မြန်မာနိုင်ငံမှာ ဘာသာခြားနဲ့ လက်ထပ်တာ၊ ဘာသာကူးပြောင်းတာတွေကို တားမြစ်တဲ့ ခွဲခြားဆက်ဆံမှုတွေကို ကနေဒါသံအမတ်ကြီး Bennett နဲ့အတူ ကျနော်လည်း ဖိအားပေးပြောဆိုခဲ့ပါတယ်။”

ဒါကြောင့်လည်း ၁၉၉၉ ခုနှစ်ကစလို့ မြန်မာနိုင်ငံကို ဘာသာရေးလွတ်လပ်ခွင့် ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ အထူးစိုးရိမ်ရတဲ့ နိုင်ငံများစာရင်း CPC မှာ ထည့်သွင်း ထားခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် အမေရိကန်နိုင်ငံခြားရေးဌာနရဲ့ ၁၇ ကြိမ်မြောက် ထုတ်ပြန်တဲ့ နိုင်ငံတကာ ဘာသာရေးလွတ်လပ်ခွင့် အစီရင်ခံစာထဲမှာ - ခရစ်ယာန် ဘာသာဝင်တွေ၊ ဝီဂါမူဆလင်တွေနဲ့ တိဘက်ဗုဒ္ဓဘာသာဝင်တွေအပေါ် တရုတ်အစိုးရရဲ့ ကန့်သတ်ဖိနှိပ်မှုတွေကိုလည်း ဝေဖန်ထားပြီး၊ ထိန်းသိမ်းခံထားရတဲ့ တရုတ်ခရစ်ယာန် လူ့အခွင့်အရေးရှေ့နေ Zhang Kai ကို ပြန်လွှတ်ပေးဖို့အတွက်ကိုလည်း ဝန်ကြီး ကယ်ရီ က တောင်းဆိုသွားခဲ့ပါတယ်။

အလားတူ သီရိလင်္ကာနိုင်ငံမှာလည်း - ဘာသာခြားတွေကို တိုက်ခိုက်ဖို့အတွက် ယခင်အစိုးရကနေ ဗုဒ္ဓဘာသာ အစွန်းရောက်ဝါဒီအဖွဲ့အစည်းတွေနဲ့ ပူးပေါင်း လုပ်ဆောင်ခဲ့ပုံ ရှိတယ်လို့ ဖော်ပြထားပါတယ်။ အီရတ်မှာ ရှီယာစစ်သွေးကြွတွေ၊ ဆီးရီးယားက al-Nusra တပ်ဦး အကြမ်းဖက်အဖွဲ့၊ နိုင်ဂျီးရီးယားက ဘိုကိုဟာရမ်းစစ်သွေးကြွအုပ်စု၊ ပါကစ္စတန်မှာတော့ Lashkar I Jhangvi အဖွဲ့တွေရဲ့ အကြမ်းဖက်မှုတွေကိုလည်း ဒီအစီရင်ခံစာမှာ ဝေဖန်ထောက်ပြထားပါတယ်။

ဝန်ကြီးကယ်ရီကတော့ - ဘာသာရေးလွတ်လပ်ခွင့် ဆိုတာဟာ သာမာန် ကိုးကွယ်ခွင့် ပြုထားတယ်ဆိုတာထက် ပိုတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။ ဘာသာတခုကို ကိုးကွယ်ယုံကြည်သူတွေအနေနဲ့ တခြားလူတွေကို အတင်းအကျပ်စည်းရုံး သိမ်းသွင်းတာ၊ ဘာသာကူးပြောင်းခိုင်းတာ၊ နှုတ်ပိတ်ထားတာ၊ ဒါမှမဟုတ်ရင်လည်း ယုံကြည်သက်ဝင်မှုကြောင့် အသက်ဆုံးရှုံးအောင် လုပ်ပိုင်ခွင့် မရှိစေရဘူးလို့လည်း ဝန်ကြီးကယ်ရီက ပြောဆိုခဲ့ပါတယ်ရှင်။

XS
SM
MD
LG