အမေရိကန်အစိုးရက မြန်မာနိုင်ငံအပေါ်ဒဏ်ခတ်ပိတ်ဆို့မှုကို ပြန်ပြီးပြင်ဆင်ရာမှာ အမေရိကန်ကုမ္ပဏီတွေရဲ့ အကျိုးစီးပွားအတွက် အလေးပေးဆောင်ရွက်ခဲ့ကြောင်း သုံးသပ်သူတွေကပြောပါတယ်။ အထူးသဖြင့် ခရိုနီတွေကို အမေရိကန်က ပစ်မှတ်ထား ပိတ်ဆို့ထားတယ်ဆိုပေမဲ့ စတီဗင်လော ခေါ် ဦးထွန်းမြင့်နိုင် ပိုင်တဲ့ အေးရှားဝေါ်လ် ဆိပ်ကမ်းနဲ့ လေဆိပ်တွေကို အမေရိကန် လုပ်ငန်းရှင်တွေ အသုံးပြုခွင့် အကန့်အသတ်မရှိ ခွင့်ပြုလိုက်တာဟာ ဒီခရီုနီအတွက်လည်း ပိုပြီး အကျိုးအမြတ် ရစေတယ်ဆိုတဲ့အချက်ကို ထောက်ပြပြောဆိုနေကြတာပါ။ မအင်ကြင်းနိုင်ကအပြည့်အစုံကိုတင်ဆက်မှာပါ။
ပြီးခဲ့တဲ့ အင်္ဂါနေ့က မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှုတွေထဲက အမေရိကန်သမ္မတ အိုဘားမားအစိုးရ ဖြေလျော့ပေးလိုက်တဲ့ အချက်တွေထဲမှာ ၂၀၁၅ ဒီဇင်ဘာလမှာ စပြီး (၆)လသက်တမ်းပဲ ခွင့်ပြုထားတဲ့ မြန်မာစစ်ခေါင်းဆောင်တွေနဲ့ နီးစပ်သူ ခရိုနီ လုပ်ငန်းရှင် စတီဗင်လော ပိုင် အေးရှားဝေါ်လ်ဆိပ်ကမ်းနဲ့လေဆိပ်တွေမှာ အမေရိကန်ကုမ္ပဏီတွေ အသုံးပြုဖို့အချက်ကို အကန့်အသတ်မရှိ သတ်မှတ်ပေး လိုက်တာဖြစ်ပါတယ်။
ဒါဟာ မြန်မာနိုင်ငံရဲ့ စီးပွားရေးလောကကို ခရိုနီလုပ်ငန်းရှင်တွေပဲ ချုပ်ကိုင် ထားတာဖြစ်ပြီး သူတို့နဲ့ ကင်းရှင်းလို့မရဘူး ဆိုတာပြလိုက်တာပဲ လို့ မြန်မာ လုပ်ငန်းရှင် ဦးမင်းခင်က သုံးသပ်ပါတယ်။
"ဆိပ်ကမ်းကို အသုံးပြုခွင့်ပြုလိုက်တာနဲ့ တချိန်တည်းမှာ ပိတ်ဆို့ခံထားရတဲ့ လူအများက ခရိုနီလို့ခေါ်တဲ့ စီးပွားရေးလုပ်ငန်းတွေကြောင့် တိုင်းပြည်က ဘယ်လိုပုံစံနဲ့ တိုင်းပြည်ရဲ့ စီးပွားရေးက ဆက်နစ်နာနေဦးမလဲ ဆိုတာ တဖက်က စဉ်းစားစရာရှိတယ်။ အခုက မြန်မာပြည်စီးပွားရေးက လူများစုက လူနည်းစုကို လုပ်ကျွေးနေရသလို ဖြစ်နေတယ်။ ရိုးရိုးသားသား မှန်မှန်ကန်ကန် လုပ်နေကြတဲ့ စီးပွားရေး လုပ်ငန်းတွေ နောက်ပြီးတော့ ပေါင်းမစားနိုင်တဲ့ လုပ်ငန်းတွေက တိုးတက်သင့် သလောက် တိုးတက်မလာဘူး။ အဲ့တော့ တဖက်ကလည်း အဲ့တာရှိနေတယ်။ ဆိုတော့ အဲ့တာ နှစ်ဖက်သွားပဲ။ သူတို့ စတီဗင်လောလို့ခေါ်တဲ့ ဦးထွန်းမြင့်နိုင်တို့ လုပ်ငန်းရှင်ဘက်ကတော့ ဆိပ်ကမ်းကို အကန့်အသတ်မရှိ ခွင့်ပြုလိုက်တာက သူတို့အတွက် အကျိုးရှိဖို့ များတာပေါ့နော်။"
ဒါ့အပြင် အမေရိကန်ဘဏ္ဍာရေးဌာနရဲ့ OFAC ခေါ် နိုင်ငံရပ်ခြားပိုင်ဆိုင်မှုများ ထိန်းချုပ်ရေး ရုံးအဖွဲ့ကနေ စတီဗင်လော (သို့မဟုတ်) အေးရှားဝေါလ် ကုမ္ပဏီက ၅၀ ရာခိုင်နှုန်း နှင့် အထက် ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၆ ခုရဲ့ အမည်တွေကို ဖော်ထုတ်ပြီး SDN ပိတ်ဆို့မှု စာရင်း ထပ်မံ ထည့်သွင်းလိုက်ပေမယ့် မင်္ဂလာဒုံလေဆိပ်ကို တိုးချဲ့ တည်ဆောက်နေတဲ့ စတီဗင်လော ပိုင်တဲ့ Yangon Aerodrome ကုမ္ပဏီ အမည်တော့ ပါဝင်ခဲ့ခြင်းမရှိဘူးလို့ ဦးမင်းခင်ကထောက်ပြပါတယ်။
" ခုနက အေရှားဝေါလ်ကုမ္ပဏီက ၅၀ ရာခိုင်နှုန်းထက် အစုရှယ်ယာပါတဲ့ ကုမ္ပဏီတွေကို ထည့်ပြီး ပိတ်ဆို့တဲ့အခါမှာ အရေးကြီးတဲ့ကုမ္ပဏီတခု ကျန်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်မကုန်ခင် အစိုးရ အာဏာ မလွှဲခင်ပေါ့။ နိုဝင်ဘာလ ရွေးကောက်ပွဲနောက်ပိုင်း မှာ မင်္ဂလာဒုံလေဆိပ်ကို ခရီးသည်သန်း (၂၀)ကိုင်တွယ်နိုင်အောင် ချဲ့ဖို့ဆိုပြီး အစိုးရနဲ့ လူမသိသူမသိ MOU ထိုးသွားတာရှိတယ်။ အဲ့ဒီ့လုပ်ငန်းကို လုပ်နေတဲ့ကုမ္ပဏီက ကျနော်တို့သိထားတာက Yangon Aerodrome ဆိုတဲ့ ကုမ္ပဏီ အဲ့တာလည်း ဦးထွန်းမြင့်နိုင် ကုမ္ပဏီပဲ ဒါပေမဲ့ အဲ့ဒီ့ဥစ္စာက ထပ်တိုးလိုက်တဲ့ ကုမ္ပဏီ ထဲမှာ SDN စာရင်းထဲမှာ ပါမလာဘူး။ အမေရိကန်ရဲ့ commercial airline ကို ဆင်းဖို့ဆိုရင် ဆင်းဖို့ခက်မှာစိုးလို့ ချန်ခဲ့တာများလားစသည်ဖြင့်မေးနေကြတယ်။ "
အခုလို အမေရိကန်အစိုးရ ရဲ့ မြန်မာအပေါ် ပိတ်ဆို့အရေးယူမှု ကိုကြည့်ရင် ရှေ့နဲ့ နောက် မတူညီတဲ့အချက်တွေရှိနေပြီး တဖက်မှာ လည်း ဒေါ်အောင်ဆန်းစုကြည် ရဲ့ ဆန္ဒအတိုင်း အကောင်အထည်ဖေါ်ဆောင်ရွက် တာဖြစ်တယ်ဆိုတဲ့အချက်ကို အမေရိကန်ဘက် ပြသချင်ပုံရကြောင်း ဝါရှင်တန် အခြေစိုက် နိုင်ငံတကာသုတေသီအဖွဲ့တခုဖြစ်တဲ့ Center for Strategic and International Studies (CSIS)ရဲ့ မြန်မာ့အရေးကျွမ်းကျင်သူ Pheong Nguyen က ဗွီအိုအေကိုပြောပါတယ်။
“ပိတ်ဆို့အရေးယူမှုနဲ့ ပက်သက်လို့ အမေရိကန်အစိုးရမှာ မတူညီတဲ့ ရည်ရွယ်ချက်တွေ ရှိနေတာ ပထမဆုံး ပြောပြချင်ပါတယ်။ ဒီကိစ္စမှာ အမေရိကန် အစိုးရက မတူညီတဲ့ သတင်းစကားတွေ ပေးချင်ပုံရပါတယ်။ ပထမ သတင်းစကား ကတော့ ဒီမိုကရေစီ နည်းအရ အပြောင်းအလဲတွေ ဖြစ်ခဲ့ပေမယ့် အမေရိကန် အနေနဲ့ အရေးကြီးတဲ့ ကိစ္စတွေမှာ အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို ဆက်ပြီး ထောက်ခံမယ်ဆိုတာဖြစ်ပြီး၊ ပိတ်ဆို့အရေးယူမှုတွေ ဖယ်ရှားရေးက ဒီလို အရေးကြီး ကိစ္စတွေထဲက တစ်ခုအဖြစ် ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်အစိုးရနဲ့ စစ်တပ်အပေါ် နိုင်ငံရေးအရ အသာစီးရချင်တဲ့ အတွက် အချို့သော ပိတ်ဆို့ အရေးယူမှုတွေတို ဆက်ထားစေချင်တာကို ပြသခဲ့ပါတယ်။ အဲဒီအတွက် စတီဗင်လော ပိုင်ဆိုင်တဲ့ ကုမ္ပဏီအချို့ကို ပိတ်ဆို့ အရေးယူမှု စာရင်းထဲမှာ ဆက်ထည့်တားတာဟာ အမေရိကန် အစိုးရအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက်ကို ဆက်လက်ထောက်ခံကြောင်း ပြသရာ ရောက်ပါတယ်။
အမေရိကန်ပြည်ထောင်စု ဘဏ္ဍာရေးနဲ့ အကြမ်းဖက် လုပ်ငန်းများ ဆိုင်ရာ ထောက်လှမ်းရေး အဖွဲ့ယာယီ လက်ထောက်ဝန်ကြီး Adam J Szubin ကတော့ မြန်မာအစိုးရနဲ့ပြည်သူတွေကို ကူညီဖို့အတွက် ကုန်သွယ်ရေးနဲ့ ပိတ်ဆို့မှုမခံရတဲ့ စီးပွားရေးလုပ်ငန်းတွေ လုပ်ကိုင်နိုင်ခွင့်ရဖို့ မြန်မာအပေါ် ပိတ်ဆို့ထားမှုကို ပြန်ပြင်ဆင်ခဲ့တာဖြစ်တယ်လို့ အင်္ဂါနေ့က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။