သုံးရလွယ်ကူစေသည့် Link များ

အရေးယူမှု လျှော့ပေမယ့် ကန် ရင်းနှီးမြှုပ်နှံမှု ကန့်သတ်ချက်ရှိဆဲ


မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marcial

မြန်မာနိုင်ငံအနေနဲ့ ဒီမိုကရေစီအသွင်ကို သိသိသာသာကူးပြောင်းနေပြီး ထင်ရှားတဲ့ တိုးတက်မှုတွေ ရှိနေတာကြောင့် အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေကို ဖြေလျော့ပေးလိုက်တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီး Scot Marcial က ပြောဆိုလိုက်ပါတယ်။ စီးပွားရေး ပိတ်ဆို့မှုအချို့ကို ဖြေလျော့ပေးခဲ့ပေမယ့်လည်း အမေရိကန်စီးပွားရှင်တွေ ရင်းနှီးမြှုပ်နှံမှုလုပ်ခွင့်ကိုလည်း ကန့်သတ်ထားသေးတယ်လို့ ပြောပါတယ်။ အပြည့်အစုံကို VOA သတင်းထောက် မသိင်္ဂီလင်းက ပြောပြပေးပါမယ်။

မြန်မာနိုင်ငံအနေနဲ့ အထွေထွေရွေးကောက်ပွဲတစ်ရပ်ကျင်းပနိုင်ခဲ့ပြီး ဒီမိုကရေစီအသွင် တဖြည်းဖြည်းကူးပြောင်းနေတာကြောင့် စီးပွားရေး ပိတ်ဆို့မှုအချို့ကို ဖြေလျော့ပေးခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာအမေရိကန်သံအမတ်ကြီး Scot Marcial က ပြောဆိုလိုက်ပါတယ်။

"ဒီမိုကရက်တစ်ပန်းတိုင်ကို ရောက်အောင် ကြိုးစားနေတဲ့ မြန်မာနိုင်ငံမှာ တိုးတက်မှုတွေကို မြင်တွေ့နေရတာကြောင့် စီးပွားရေး ပိတ်ဆို့မှုတွေ ကို ဖြေလျော့ပေးတာဖြစ်ပါတယ်။ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကို တုံ့ပြန်ပေးရမယ်လို့ ယုံကြည်တယ်လေ။ အခုဆိုရင် ဒီမိုကရေစီ နည်းကျကျ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရတစ်ရပ်လည်းရှိနေပြီ၊ ဒီမိုကရေစီအသွင်ကို လုံးလုံးကူးပြောင်းသွားတာမဟုတ်သေးပေမယ့် ဒီအပြောင်းအလဲနဲ့ အစိုးရသစ်ကို ကြိုဆိုရမယ်၊ ထောက်ပံ့ပေးရမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့် တရိပ်ရိပ်တိုးတက်လာတဲ့ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနဲ့ လူ့အခွင်အရေးဆိုင်ရာ အခြေအနေတွေကို ကြည့်ပြီး စီးပွားရေးပိတ်ဆို့မှုတွေကို လျော့ချပေးလိုက်တာပါ။"

သံအမတ်ကြီး Marcial ဟာ အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ ဒီနေ့ အမေရိကန်သံရုံးမှာ သတင်းထောက်တွေ နဲ့ တွေ့ဆုံပြီး ပြောဆိုခဲ့တာပါ။

မေလ ၁၇ ရက်နေ့က ပြုပြင်လိုက်ရဲ့ အမေရိကန် အစိုးရ၏ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု ပြဌာန်းချက်မှာ မူလက ပစ်မှတ်ထားအရေးယူဒဏ်ခတ်မှု စာရင်းထဲမှာပါတဲ့ Steven Law နဲ့ Asia World ကုမ္ပဏီ တို့အပြင်၊ သူတို့အနေနဲ့ ရှယ်ယာ ၅၀ ရာခိုင်နှုန်းကျော်ပိုင်ဆိုင်တဲ့ ကုမ္ပဏီ ၆ ခုကို ထပ်တိုးထားပါတယ်။

ဒါပေမယ့်လည်း ပြီးခဲ့တဲ့ ဒီဇင်ဘာလတုန်းက Asia World ကုမ္ဗဏီပိုင် ရန်ကုန်ဆိပ်ကမ်းကို ယာယီပိတ်ဆို့မှုဖြေလျော့ထားတာနဲ့ ပတ်သက်လို့ သံအမတ်ကြီး Marcial က အခုလို ရှင်းပြပါတယ်။

"အရင်က ပိတ်ဆို့မှုကြောင့် လုပ်ငန်းရှင်တွေက ရန်ကုန်ဆိပ်ကမ်းမှာ ကုန်သွယ်တာတွေ မလုပ်ရဲကြပါဘူး။ ရန်ကုန်ဆိပ်ကမ်းကို ပိတ်ဆို့ထားတာကြောင့် မရည်ရွယ်ဘဲနဲ့ ကုန်သွယ်မှုလျော့ကျတာမျိုးတွေ ဖြစ်မှာ စိုးရိမ်ပါတယ်။ ဒါကြောင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ၆ လ သက်တမ်းရှိတဲ့ GL-20 ဆိုတဲ့ အထွေထွေ လိုင်စင်အမှတ် ၂၀ ကို ချမှတ်ပေးခဲ့တာပါ။ပြောရရင်တော့ ကုန်သွယ်ရာမှာ အခက်အခဲမရှိအောင် ရန်ကုန်ဆိပ်ကမ်းကို အသုံးပြုခွင့်ပေးထားတာသာဖြစ်ပြီး အမေရိကန် ကုမ္ပဏီတွေကလည်း ရင်းနှီးမြှုပ်နှံမှုလုပ်ခွင့်မရှိပါဘူး။ Asia World ကုမ္ဗဏီဟာ ပိတ်ဆို့အရေးယူခံရတုန်းပဲ ဖြစ်ပါတယ်။"

အမေရိကန်ပြည်ထောင်စုက အရေးယူဒဏ်ခတ်ထားတဲ့ စာရင်းကနေ ဖြေလျော့ လိုက်တဲ့ အထဲမှာ သစ်လုပ်ငန်း၊ ကျောက်မျက်ရတနာလုပ်ငန်း၊ သတ္တုတွင်းလုပ်ငန်း နဲ့ သွင်းကုန်ထုတ်ကုန်လုပ်ငန်းတွေ အပါအ၀င် အစိုးရပိုင်လုပ်ငန်း ၇ ခုနဲ့ နိုင်ငံပိုင် ဘဏ် သုံးခုတို့ကို ပါဝင်ပါတယ်။ အင်းဝဘဏ်နဲ့ မြ၀တီဘဏ်တို့ကိုတော့ ဘဏ်လုပ်ငန်းတွေအတွက် လုပ်ငန်းလိုင်စင် လုပ်ခွင့်ပေးခဲ့ပါတယ်။

စီးပွားရေးဦးပိုင်လိမိတက်ရဲ့ အင်းဝဘဏ်နဲ့ စစ်တပ်ပိုင် မြဝတီဘဏ်ကို လုပ်ငန်းလိုင်စင် ပေးခဲ့ပေမယ့်လည်း အမေရိကန်စီးပွားရေးလုပ်ငန်းရှင်တွေအနေနဲ့ ဒီဘဏ်တွေမှာ ရင်းနှီးမြှုပ်နှံခွင့်ရှိမှာမဟုတ်ဘူးလို့ ဆိုပါတယ်။

"ကျန်နော်တို့အနေနဲ့ အစိုးရပိုင် ဘဏ် ၃ ခုကို အရေးယူဒဏ်ခတ်ထားတဲ့ စာရင်းကနေ ဖြေလျော့လိုက်ပေမယ့် အရင် စစ်တပ်ပိုင်တဲ့ ဘဏ် ၂ ခုကတော့ စာရင်းထဲမှာပဲရှိနေပါသေးတယ်။ အမေရိကန် ကုမ္ဗဏီတွေ၊ ဘဏ်တွေအနေနဲ့ ဒီဘဏ် ၂ ခုမှာ ရင်းနှီးမြှုပ်နှံခွင့်မရှိပေမယ့် ငွေလွှဲတာတွေ လုပ်ခွင့်ရှိပါတယ်။ ဒီလို ဖြေလျော့မှုတွေ မလုပ်သေးသရွေ့ မြန်မာနိုင်ငံရဲ့ ဘဏ္ဍာရေး ကဏ္ဍက တိုးတက်မှာမဟုတ်ဘူးလို့ နားလည်တာကြောင့် ဖြေလျော့ပေးတာဖြစ်ပါတယ်။"

အမေရိကန်အစိုးရရဲ့ မြန်မာနိုင်ငံအပေါ် အရေးယူပိတ်ဆို့မှု အချို့ဖြေလျော့ လိုက်ပေမယ့် ပိတ်ဆို့မှုတွေ ကျန်ရှိနေသေး တာကြောင့် မြန်မာ့ စီးပွားရေးမှာ ပြောင်းလဲမှုတွေ သိပ်ရှိမှာမဟုတ်ဘူး လို့ မြန်မာ့စီးပွားရေး ပညာရှင်တွေက သုံးသပ်ကြပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ နိုင်ငံခြားရေးဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် ကလည်း စီးပွားရေးပိတ်ဆို့မှုတွေကို ဖြေလျှော့ပြီး နောက်ထပ် ၁ နှစ် ထပ်မံ သက်တမ်းတိုးလိုက်ပေမဲ့ နိုင်ငံကို ထိခိုက်မည် မဟုတ်ကြောင်း ပြောဆိုခဲ့ ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG