သုံးရလွယ်ကူစေသည့် Link များ

အမေရိကန်စီးပွားရေး ဒဏ်ခတ်ပြင်ဆင်မှုအပေါ် တုံ့ပြန်ချက်များ


ရန်ကုန်မြို့ ဆူလေဘုရားမြင်ကွင်း

မြန်မာနိုင်ငံအပေါ် အမေရိကန်အစိုးရက စီးပွားရေးအရ ပြစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှုတချို့ကို ပြင်ဆင်ခဲ့တဲ့အပေါ် ကုန်သွယ်ရေး၊ စီးပွားရေး၊ နိုင်ငံရေးပိုင်းအရ သက်ရောက်မှု အမျိုးမျိုးရှိလာနိုင်တယ်ဆိုတာကို သက်ဆိုင်ရာ နယ်ပယ်က ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ချက်တွေကို ကိုဝင်းခန့်မောင်က စုစည်းတင်ပြပါလိမ့်မယ်။

မေလ (၁၇)နေ့ အင်္ဂါနေ့တုန်းက အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူ ပိတ်ဆို့မှုဆိုင်ရာ ပြင်ဆင်ချက်မှာ ဘဏ္ဍာရေးဝန်ကြီးဌာနအောက်က နိုင်ငံခြားပိုင်ဆိုင်မှုများထိန်းချုပ်ရေး (OFAC) ဌာနခွဲက ထုတ်ပြန်ထားတဲ့ ပစ်မှတ်ထား ပိတ်ဆို့အရေးယူမှု (SDN) စာရင်းကို ပြင်ဆင်ခဲ့တာပါ။ အမေရိကန် နိုင်ငံခြားရေး ၀န်ကြီးဌာနနဲ့ ညှိနှိုင်းတိုင်ပင်မှုတွေ ပြုလုပ်ပြီး အခုအသစ်ပြင်ဆင်လိုက်တဲ့ စာရင်းမှာတော့ မြန်မာအစိုးရပိုင် လုပ်ငန်း ၇ ခုနှင့် အစိုးရဘဏ် ၃ ခုကို SDN စာရင်းကနေ ပယ်ဖျက်ပေးလိုက်ပါတယ်။ အခုလို ပယ်ဖျက်လိုက်သလို အင်းဝဘဏ်နဲ့ မြဝတီဘဏ် ၂ ခုကိုလဲ အမေရိကန်ဘဏ္ဍာရေးလုပ်ငန်းတွေနဲ့ ဆက်စပ်လုပ်ကိုင်နိုင်ဖို့ ခွင့်ပြုပေးခဲ့ပါတယ်။ ဒါပေမဲ့လဲ SDN စာရင်းမှာ နောက်ထပ် ကုမ္ပဏီ ၆ ခုကို ထပ်မံ တိုးချဲ့ထည့်သွင်းလိုက်ပါတယ်။ အဲဒါတွေကတော့ စတီဗင်လောနှင့် သူပိုင် Asia World ကုမ္ပဏီက ၅၀% နှင့်အထက် ပိုင်ဆိုင်တဲ့ ကုမ္ပဏီတွေ ဖြစ်ပါတယ်။ အင်္ဂါနေ့က ခုလို ဒဏ်ခတ်ပိတ်ဆို့မှုတွေကို ပြင်ဆင်လိုက်ပေမဲ့လဲ၊ အရင်ထဲက SDN စာရင်းထဲမှာ ရှိနေတဲ့ ပုဂ္ဂလိကပိုင် ကုမ္ပဏီတွေ၊ လူပုဂ္ဂိုလ်တွေကိုတော့ ဖယ်ရှားပြင်ဆင်ခြင်း မရှိပါဘူး၊ အဲဒီထဲမှာ အကြီးဆုံး စီးပွားရေး လုပ်ငန်းတွေ အပါအ၀င် ကုမ္ပဏီနဲ့ လူပုဂ္ဂိုလ် ၁၀၀ ကျော်ရဲ့ အမည်စာရင်းတွေ ပါဝင်နေဆဲပါ။

ခုလို အမေရိကန်အစိုးရရဲ့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အိမ်ဖြူတော်ပြောရေးဆိုခွင့်ရှိသူ Josh Earnest ကတော့ မြန်မာနိုင်ငံက ဒိမိုကရရေစီနည်းအရ ပေါ်ပေါက်လာတဲ့ အစိုးရသစ်ကို ထောက်ခံပံ့ပိုးဖို့ အမေရိကန်ပြည်ထောင်စုက ပိတ်ဆို့ဒဏ်ခတ်မှုကို ပြန်လည်ပြင်ဆင်တာနဲ့ ပတ်သက်ပြီး အင်္ဂါနေ့ ပုံမှန်သတင်းစာရှင်းလင်းပွဲမှာ ရှင်းပြသွားခဲ့ပါတယ်။

“ပိတ်ဆို့ဒဏ်ခတ်မှု စာရင်းမှာ ကျန်နေတဲ့သူ အများစုဖြစ်တဲ့ တသီးပုဂ္ဂလနဲ့ လုပ်ငန်းတွေရဲ့ စီးပွားရေး လုပ်ငန်းတွေကို ကန့်သတ်နိုင်ဖို့ အဓိက ရည်ရွယ်လုပ်ဆောင်တာပါ။ သူတို့က မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အပြောင်းအလဲတွေကို နှောင့်ယှက် ပိတ်ပင်နေသူတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဆက်ပြီး ကျူးလွန်နေသူတွေ၊ မြောက်ကိုရီးယားနဲ့ စစ်ရေးအရ ကုန်သွယ်ဆက်ဆံရေး တိုးမြှင့်ဖို့ လုပ်ကိုင်နေသူတွေ ဖြစ်ပါတယ်။ ဒီလိုလူတွေနဲ့ ကုမ္ပဏီတွေကို ပစ်မှတ်ထားပြီး အရေးယူပိတ်ဆို့မှုကို ဆက်ပြီး ပြဌာန်းထားတာ ဖြစ်ပါတယ်။”

အမေရိကန်အစိုးရရဲ့ စီးပွားရေးအရ ပိတ်ဆို့ ဒဏ်ခတ်မှုတွေက ပြည်သူတွေကို ထိခိုက်စေပြီး၊ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေကို အဟန့်အတားဖြစ်စေ တယ်လို့ မြန်မာနိုင်ငံ စီးပွားရေးအသိုင်းအဝိုင်းက ထောက်ပြပြီး ပိတ်ဆို့မှုတွေကို ဖယ်ရှားဖို့ တောင်းဆိုနေကြတာပါ၊ အမေရိကန်ရဲ့ နောက်ဆုံး စီးပွားရေးပိတ်ဆို့မှု ဆိုင်ရာ ပြင်ဆင်ချက်နဲ့ပါတ်သက်လို့ မြန်မာနိုင်ငံ ကုန်သည်များနဲ့ စက်မှု လက်မှု လုပ်ငန်းရှင်များအသင်းချုပ် UMFCCI ရဲ့အတွင်းရေးမှူး ဦးအေးလွင်က ခုလိုတုံ့ပြန်ပါတယ်။


“အမေရိကန်စီးပွားရေး ပိတ်ဆို့တာ ရာနှုန်းပြည့် lift လုပ်တာကတော့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာတက်တယ်။ တိုင်းသူပြည်သားတွေရဲ့ ဂုဏ်သိက္ခာတက်တယ်။နိုင်ငံတကာကိုလည်း နိုင်ငံကြီး၊ နိုင်ငံလေး၊ နိုင်ငံငယ် အားလုံးနဲ့ စီးပွားရေးလုပ်ငန်းရှင်သမားအချင်းချင်း ရင်ဘောင်တန်းပြီး စကားပြောလို့ ရသွားတယ်။ လွတ်ချင်တာပေါ့.. လွတ်စေချင်တာ.. အားလုံးလွတ်သွားတာ ကောင်းပါတယ်.. ဒါပေမယ့် ဒီလို အခွင့်ထူးခံရထားပြီးတော့ တရားမဝင်လုပ်ငန်းတွေကို လုပ်ကိုင်နေတဲ့ လုပ်ငန်းရှင်တွေအဖို့က သူတို့ ပေးဆပ်ရမယ့် ဟာတွေကို နိုင်ငံအတွက်ရော နစ်နာသွားတဲ့ ပြည်သူတွေအတွက်ရော ပြန်လည် ပေးဆပ်နိုင်အောင်လို့ အစိုးရက စီမံခန့်ခွဲပေးဖို့လိုပါလိမ့်မယ်။ အဲတော့ ဒီဥစ္စာက သူတို့ လက်ဝါးကြီးအုပ်လုပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေအချို့နဲ့ တာဝန်ရှိတဲ့သူအချို့ မရှိလို့ဆိုတာထက် အစိုးရသစ်ပေါ်ပေါက်လာလို့ အမေရိကန်စီးပွားရေးပိတ်ဆို့မှုဟာ ဖြေလျှော့တာလို့ ကျွန်တော်ကတော့ ယူဆတယ်။”

စီးပွားရေးဒဏ်ခတ်မှုတွေကို ဆန့်ကျင်တဲ့ စီးပွားရေးပညာရှင် ဦးခင်မောင်ညို ဘောဂဗေဒကလဲ ခုလို အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့မှု ပြင်ဆင်ချက်ကြောင့် အရင် ပိတ်ဆို့မှုဒဏ်ကို အဓိကခံနေရတဲ့ အောက်ခြေလူတန်းစားတွေအတွက် သက်သာရရစေနိုင်တယ်လို့ VOA မြန်မာပိုင်းကို ပြောပါတယ်။

“အစကတည်းက ဆရာတို့အနေနဲ့ ပြောရရင်တော့ လက်မခံဘူး။ စီးပွားရေးပိတ်ဆို့တဲ့ဟာက သူတို့က အစိုးရတစ်ရပ်ရဲ့ လုပ်ပုံကိုင်ပုံကို ပြောင်းစေချင်တာပေါ့လေ။ အဲတော့ အခုဟာက အစိုးရက လုံးဝပြောင်းသွားပြီ။ သို့သော်လည်း စီးပွားရေး ပိတ်ဆို့တာက ပိတ်တာသာ လွယ်တာ၊ ပြန်ရုပ်တာက ခက်တယ်။ အဲ့တော့ တကယ်တမ်းက အစိုးရက လုံးဝပြောင်းသွားပြီဆိုတော့ ဆရာတို့ နားလည်တာ ပြောရရင်တော့ လုံးဝကြီး ရုပ်ဖို့ကောင်းပြီ။ သို့သော်လည်း စောစောက ပြောသလိုပေါ့လေ.. သူ့မှာလည်း နည်းနည်း ချိန်ဆစရာလေးတွေ ရှိတဲ့ သဘောရှိတယ်။ နောက်တစ်ခုကတော့ သူက အစိုးရရဲ့ အပြုအမူကို ပြောင်းလဲဖို့ ရည်ရွယ်ပေမယ့် တကယ်တမ်း ခံရတာက အောက်ခြေလူတန်းစားပဲ ဖြစ်ပြီးတော့ အပေါ်မှာတော့ လွတ်နေတာတွေ အများကြီး ရှိတယ်လေ။ ဆိုတော့ တကယ်တမ်း ခံရတာက အောက်ခြေလူတန်းစားဖြစ်တော့ သူတို့ ခံစားရတာတွေ အခုနည်းနည်း လျော့သွားမယ်၊ သက်သာမယ်လို့ မျှော်လင့်ပါတယ်။”

ပစ်မှတ်ထား ပိတ်ဆို့ထားတဲ့စာရင်းထဲမှာ လုပ်ငန်းတွေနဲ့ လူပုဂ္ဂိုလ်နာမည်စာရင်း (၁၀၀)ကျော် ကျန်နေသေးတာအားလုံး ဖယ်ရှားပေးသင့်တယ်လို့ သူကဆိုပါတယ်၊ အမေရိကန်က ဒဏ်ခတ်မှုကို အခုနောက်ဆုံး ပြင်ဆင်လိုက်တာဟာ အမေရိကန်စီးပွားရေးလုပ်ငန်းတွေ ပိုပြီး လုပ်ရလွယ်ကူအောင် လုပ်ပေးလိုက်တာလို့ ဦးခင်မောင်ညို (ဘောဂဗေဒ)က သုံးသပ်ပါတယ်။

“အမေရိကန်ရဲ့ စီးပွာရေးလုပ်ငန်းတွေ လုပ်ရ ကိုင်ရတာလွယ်အောင် ပိုလုပ်ပေးလိုက်တယ်လို့ မြင်တယ်။ အဲဒါကလည်း အဓိကကတော့ အမေရိကန် လုပ်ငန်းရှင်တွေကလည်း လော်ဘီလုပ်ကြတာပေါ့လေ။ ဒါပေမယ့် တစ်ဖက်ကကျတော့လည်း အမေရိကန်မှာကိုက အုပ်စုတွေ အမျိုးမျိုးရှိနေတယ်မလား.. အဲတော့ လူ့အခွင့်အရေးသမားတွေ၊ လူနည်းစုရဲ့ အခွင့်အရေးကို မြန်မာနိုင်ငံက ဖိနှိပ်ထားတယ်လို့ မြင်တဲ့ ပုဂ္ဂိုလ်တွေ၊ နောက်တစ်ခုကတော့ တပ်မတော်က ဆက်ပြီးတော့ အရေးပါနေသေးတယ်လို့ မြင်တဲ့ ပုဂ္ဂိုလ်တွေ၊ အသွင်ကူးပြောင်းရေး ပြုပြင်ပြောင်းလဲရေးဟာ စိတ်မချရဘူးလို့ ဆိုတဲ့သူတွေကလည်း ရှိတာပေါ့။ ရှိတော့ နှစ်ဦးနှစ်ဖက်ကို မျှပြီးတော့ လုပ်လိုက်တဲ့ သဘောလို့ မြင်တယ်။ ခါတိုင်းကတော့ သက်တမ်းတိုးတာ သက်သက်ပဲ။ အခုဟာတော့ ဘယ်လို ပြောမလဲ.. Carrot and Stick ပေါ့။ ရေမုတ်တစ်ဖက် မီးစ တစ်ဖက်ပေါ့။ အဲဒါလေး တွေ့ပါတယ်။”

မြန်မာ့နိုင်ငံရေးသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းကတော့ အခုလို အရေးယူပိတ်ဆို့မှုတွေနဲ့ ပတ်သက်လို့ နိုင်ငံရေးပိုင်းဆက်နွယ်မှုကို အခုလို သုံးသပ်ပါတယ်။

“ကျွန်တော့် အမြင်ကတော့ အမေရိကန်အစိုးရအနေနဲ့ပေါ့လေ.. မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအပြောင်းအလဲအပေါ်မှာ စိုးရိမ်စိတ်တွေ၊ သံသယတွေ ရှိနေသေးတယ်လို့ ယူဆတယ်။ အဲဒီအတွက်ကြောင့်မလို့ အခု ဒီနေ့ပေါ့လေ အမေရိကန်အစိုးရကနေပြီးတော့ ဒီစီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှု၊ နောက်ပြီးတော့ SDN စာရင်းကို ကြည့်မယ်ဆိုရင် ချည်တုံချတုံလုပ်ခဲ့တဲ့ သဘောမျိုးကို တွေ့ရတယ်။ နောက်ပြီးတော့ ဗမာပြည်ရဲ့ ဒီမိုကရေစီအပြောင်းအလဲဟာ စိတ်ချလက်ချဖြစ်တဲ့ အနေအထားကို မရောက်သေးဘူးဆိုတာကို အမေရိကန်အစိုးရအနေနဲ့ သုံးသပ်ထားပုံရတယ်။ နောက်တစ်ဖက်က ကြည့်မယ်ဆိုရင်လည်း ဒီစီးပွားရေးအရ ဒဏ်ခတ်ပိတ်ဆို့မှုကို လျှော့ချနိုင်သလို အချိန်မရွေးလည်းပဲ Sanction List ထဲမှာရော SDN List ထဲမှာရော တိုးနိုင်တယ်ဆိုတာကို ပြသခဲ့တယ်လို့ ကျွန်တော်ကတော့ မြင်တယ်။”

အမေရိကန်ပြည်ထောင်စုရဲ့ မြန်မာနိုင်ငံအပေါ် ပြစ်မှတ်ထား အရေးယူဒဏ်ခတ်မှုဖြစ်တဲ့ National Emergencies Act အမေရိကန်အမျိုးသားအရေးပေါ် အက်ဥပဒေကို ပြင်ဆင်ဖြည့်စွက်မှုတွေနဲ့ အတူ သမ္မတ အိုဘားမားက နောက်ထပ်တနှစ် သက်တမ်းတိုးခဲ့တာဖြစ်ပါတယ်။ ဘဏ္ဍာရေးနဲ့ ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့ဒဏ်ခတ်မှုတချို့ကို ၂၀၁၂ ခုနှစ်ထဲကစပြီး အိုဘားမားအစိုးရက လျော့ပေါ့ပေးခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG