သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးယူပိတ်ဆို့မှုကြောင့် နိုင်ငံမထိခိုက်ဟု ဒေါ်စု ပြော


စင်ကာပူ နိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan နဲ့ ဒေါ်အောင်ဆန်းစုကြည် သတင်းစာရှင်းလင်းပွဲ

အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် နိုင်ငံအပေါ် ထိခိုက်နစ်နာမှု ရှိမှာ မဟုတ်ဘူးလို့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည် က ပြောဆိုလိုက်ပါတယ်။ အမေရိကန် အစိုးရက မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု ထပ်ပြီး သက်တမ်းတိုးလိုက်ပြီး နောက်တနေ့မှာ ကျင်းပတဲ့မြန်မာနဲ့ စကာင်္ပူ နိုင်ငံခြားရေး ၀န်ကြီး ၂ ဦးတို့ရဲ့ ပူးတွဲ သတင်းစာ ရှင်းလင်းပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆို သွားတာ ဖြစ်ပါတယ်။ မြန်မာနဲ့ စကာင်္ပူ နှစ်နိုင်ငံကြား မှာလည်း ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်ဖို့ ၀န်ကြီး ၂ ဦးတို့ သဘောတူခဲ့ကြတာပါ။မသိင်္ဂီထိုက်က ပြောပြပေးမှာပါ။

အမေရိကန် ဘဏ္ဍာရေး ၀န်ကြီးဌာနက မြန်မာ အပေါ်ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တချို့ကို ရုပ်သိမ်းပေးလိုက်တာကဒီကနေ့ မေလ ၁၈ ရက်နေ့မှာ စတင်သက်ရောက်ပါတယ်။ မြန်မာအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှု တချို့ကို ဖြေလျှော့ပေးလိုက်ပေမယ့် ပုဂ္ဂလိက တချို့နဲ့ သူတို့နဲ့ ဆက်စပ်တဲ့ လုပ်ငန်းတွေ အပေါ်မှာတော့ ဒဏ်ခတ်မှု တိုးမြှင့်ချမှတ်လိုက်တာပါ။ အမေရိကန်ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုက မြန်မာနိုင်ငံ အတွက် ထိခိုက်နစ်နာမှု ရှိမှာ မဟုတ်ဘဲ အမေရိကန်နဲ့ မြန်မာအကြာ မိတ်ဆွေကောင်းတွေ အဖြစ် ဆက်လက် တည်ရှိနေမှာ ဖြစ်တယ်လို့ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်ပါတယ်။

“ဒဏ်ခတ်ပိတ်ဆို့မှုတွေဟာ သူ့အကြောင်းတရားနဲ့သူ ရှိပြီး အချိန်တန်ရင် ဖယ်ရှားပေးရမှာပါ။ နိုင်ငံအပေါ်မှာလည်း ဘယ်လိုနည်းနဲ့မှ ထိခိုက်မှု ရှိမှာမဟုတ်ဘူဆိုတာကို ကျမ လုံးဝ ယုံကြည်ပါတယ်။ ဒီအချိန်မှာ ကြုံတွေ့နေရတဲ့ အခက်အခဲ အတားအဆီးတွေကို ကျော်လွှားနိုင်မယ်လို့လည်း ယုံကြည်ပါတယ်။ ဒါကြောင့် ဒဏ်ခတ်ပိတ်ဆို့မှုက ပြဿနာကြီး မဟုတ်ပါဘူး။ အမေရိကန် ပြည်ထောင်စုဟာ မိတ်ဆွေကောင်း နိုင်ငံတနိုင်ငံ ဖြစ်ပြီး မြန်မာနိုင်ငံနဲ့ မိတ်ဆွေကောင်းနိုင်ငံ အဖြစ် ဆက်ပြီး ရှိနေမှာပါ။”

ဒီကနေ့ နေပြည်တော် နိုင်ငံခြားရေး ၀န်ကြီးဌာနမှာ ကျင်းပတဲ့ မြန်မာနဲ့ စကာင်္ပူ နိုင်ငံခြားရေး ၀န်ကြီးတွေရဲ့ သတင်းစာ ရှင်းလင်းပွဲမှာ နိုင်ငံခြားရေး ၀န်ကြီး ဒေါ်အောင်ဆန်းစုကြည်က အခုလို ပြောဆိုသွားတာ ဖြစ်ပါတယ်။ အမေရိကန်တို့က မြန်မာအပေါ် ဒဏ်ခတ်ပိတ်ဆို့မှု တချို့ ဖြေလျှော့ပေးလိုက်ချိန်မှာဘဲ မြန်မာနိုင်ငံကို ၃ ရက်ကြာ ခရီးစဉ် အဖြစ် ရောက်ရှိနေတဲ့ စကာင်္ပူ နိုင်ငံခြားရေး ၀န်ကြီး ဒေါက်တာ Vivian Balakrishnan ကလည်း မြန်မာနိုင်ငံနဲ့ ပိုပြီး ထိတွေ့ ဆက်ဆံသွားဖို့ မျှော်လင့်တဲ့ အကြောင်း ပြောဆိုသွားပါတယ်။ စကာင်္ပူနိုင်ငံမှာ မြန်မာနိုင်ငံသား သိန်းနဲ့ချီ နေထိုင် အလုပ်လုပ်ကိုင်နေတာ ဖြစ်သလို မြန်မာတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုတွေမှာလည်း အရေးပါတဲ့ နိုင်ငံ တခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ လိုအပ်ချက်တွေကို ပံ့ပိုးပေးဖို့ စကာင်္ပူ အနေနဲ့ အဆင်သင့် ရှိတယ်လို့ စကာင်္ပူ နိုင်ငံခြားရေး ၀န်ကြီးက ပြောဆိုခဲ့တယ်ဆိုပြီးလည်း နိုင်ငံခြားရေး ၀န်ကြီးဌာနက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

အရေးယူပိတ်ဆို့မှုကြောင့် နိုင်ငံမထိခိုက်ဟု ဒေါ်စု ပြော
please wait

No media source currently available

0:00 0:01:11 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG