သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အပြောင်းအလဲ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ဖို့ လို


မြန်မာနိုင်ငံ အသွင်ကူးပြောင်းမှုဟာ ကျန်နိုင်ငံတွေအတွက် စံနမူနာယူစရာဖြစ်ပေမဲ့ တိုးတက်မှုကို အချိန်တိုအတွင်း မတိုင်းတာ မဆုံးဖြတ်ဘဲ ဆယ်စုနှစ်နဲ့ချီပြီး စောင့်ကြည့် သုံးသပ်ရမှာ ဖြစ်တယ်လို့ အမေရိကန်သမ္မတ Barack Obama ရဲ့ လက်ထောက် အမျိုးသားလုံခြုံရေးအကြံပေး Ben Rhodes က ပြောကြားလိုက်ပါတယ်။ ဝါရှင်တန်ဒီစီမှာရှိတဲ့ Center for a New American Security မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မစ္စတာ Rhodes က ပြောကြားသွားတာပါ။ အသေးစိတ်ကို ဦးကျော်ဇံသာ က တင်ပြထားပါတယ်။

သမ္မတအိုဘားမား မကြာခင် သွားရောက်မယ့် အာရှခရီးစဉ်အကြိုအဖြစ် အာရှဆိုင်ရာ အမေရိကန်ပေါ်လစီနဲ့ လုပ်ဆောင်ချက်တွေ ဖြစ်ထွန်းမှုတွေကို Ben Rhodes က ရှင်းပြခဲ့တာဖြစ်ပါတယ်။ ဒီရှင်းလင်းပွဲမှာ အဓိကအားဖြင့်တော့ မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ပြောကြားသွားတာတွေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ ပြဿနာထူပြောသလို ပထဝီဝင်အနေအထားအရ စိတ်ဝင်စားဖွယ်ကောင်းတဲ့ နိုင်ငံတခုဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

“မြန်မာနိုင်ငံဟာ အငြင်းပွားစရာတွေ ပြည့်နှက်နေတဲ့ နိုင်ငံတခုအဖြစ် ဆက်လက် ရှိနေဆဲပါ။ အနာဂတ်အတွက် မျှော်လင့်ချက်တွေလည်း အများကြီး ရှိနေပါတယ်။ မတူကွဲပြားတဲ့ လူဦးရေ သန်း ၅၀ ကျော်နဲ့ သဘာဝသယံဇာတတွေနဲ့ ပြည့်နှက်နေပါတယ်။ ပညာတတ် လူတန်းစားတွေ၊ အဖွဲ့အစည်း တွေ ထွန်းကားတဲ့ အစဉ်အလာတွေလည်း ရှိခဲ့ပါတယ်။ ပထဝီအနေအထားအားဖြင့်လည်း အင်မတန် ထူးခြားတယ်လို့ ပြောရပါလိမ့်မယ်။ အင်အားကြီး နိုင်ငံ ၂ ခုဖြစ်တဲ့ အိန္ဒိယနဲ့ တရုတ်တို့ကြားမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး သုံးသပ်မှု အမျိုးမျိုးရှိပေမဲ့ အမေရိကန် ပြည်ထောင်စု ကတော့ အထူး စိတ်ဝင်စားပါတယ်။”

မြန်မာအသွင်ကူးပြောင်းရေးမှာ စစ်တပ်က ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့ပေမဲ့ နိုင်ငံရေးမှာ စစ်တပ်က အဓိက နေရာကနေ ပါဝင်နေသမျှ အသွင်ကူးပြောင်းမှု မပြည့်စုံနိုင်သေးဘူးလို့လည်း သူက ဆိုပါတယ်။

“မြန်မာနိုင်ငံ အသွင်ကူးပြောင်းတဲ့နေရာမှာ သမ္မတ ဦးသိန်းစိန်နဲ့ စစ်တပ်တို့ဟာ အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့တယ်ဆိုတာလည်း မှတ်သားဖို့ လိုအပ်ပါတယ်။ သူတို့ဟာ ရွေးကောက်ပွဲကို ထောက်ခံအားပေးခဲ့တယ်။ အရှုံးကို လက်ခံခဲ့တယ်။ နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ယေဘုယျအားဖြင့် ထောက်ခံခဲ့ကြပါတယ်။ ဒါပေမဲ့ စစ်တပ်က နိုင်ငံရေးမှာ ပါဝင်နေတဲ့အတွက် အသွင်ကူးပြောင်းရေးဟာ ပြီးပြည့်စုံခြင်း မရှိသေးပါဘူး။”

ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ပတ်သက်ပြီး ပြောကြားရာမှာ ဒီပြဿနာအတွက် လူမှုအသိုင်းအဝိုင်းနှစ်ခု တွေ့ဆုံဆွေးနွေးပြီး အဖြေရှာကြဖို့ လိုတယ်လို့ ပြောကြားသွားပါတယ်။

“ရခိုင်ပြည်နယ်မှာ နိုင်ငံတကာ အဖွဲ့အစည်းတွေရဲ့ လုပ်ရပ်တွေကို ဆက်လက် ဆောင်ရွက်သွားဖို့ လိုအပ်ပါတယ်။ ရိုဟင်ဂျာပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးပမ်းရပါလိမ့်မယ်။ လိုအပ်တဲ့လူတွေကို စာနာမှု အထောက်အပံ့တွေ ပေးရပါလိမ့်မယ်။ မတူကွဲပြားတဲ့ လူ့အသိုင်းအဝိုင်းတွေအကြား ဆွေးနွေး ညှိနှိုင်းမှုတွေ ဖြစ်လာအောင် အားပေးဖို့ လိုအပ်ပါတယ်။”

တချိန်တည်းမှာပဲ ရခိုင်ပြည်နယ်တွင်းမှာ လူ့အသိုင်းအဝိုင်း နှစ်ခုလုံးဟာ ဆင်းရဲနွမ်းပါးမှုနဲ့ အခက်အခဲပြဿနာမျိုးစုံကို ပြိုင်တူ ရင်ဆိုင်နေကြရတာ ဖြစ်တယ်လို့လည်း သူက ပြောကြားခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အပြောင်းအလဲမျိုးဟာ လွယ်လွယ်နဲ့ ရရှိနိုင်တဲ့ အပြောင်းအလဲမျိုး မဟုတ်ဘူးလို့လည်း မစ္စတာ Ben Rhodes က ဆိုပါတယ်။ ဒီလို ပြောင်းလဲမှုတွေနဲ့ ပတ်သက်ပြီး ရေတိုကြည့်ပြီး မှတ်ချက်မချသင့်ဘူးလို့လည်း သူက ထောက်ပြသွားပါတယ်။

“နောက်ဆုံးပြောချင်တာကတော့ မြန်မာနိုင်ငံ အနာဂတ်အတွက် ကျနော် မျှော်လင့်ချက်ထားပါတယ်။ မြန်မာနိုင်ငံဟာ ဘယ်အထိ ခရီးပေါက်ခဲ့ပြီလဲ ဆိုတာကို ကြည့်မယ်ဆိုရင် အခု အစိုးရသစ်ထဲမှာ ပါနေတဲ့ အတော်များများဟာ သူတို့ရဲ့ ယုံကြည်မှုကြောင့် ထောင်ထဲမှာ နှစ်ပေါင်းများစွာ နေခဲ့ရပါတယ်။ ဒီလို အလားအလာကောင်းတဲ့ အခြေအနေကို တွေ့မြင်ခွင့်မရဘဲ သေဆုံးသွားရသူတွေလည်း အများကြီး ရှိပါတယ်။ ဘယ်ဒီမိုကရေစီ အသွင်ကူးပြောင်းမှုမှ ရုတ်တရက်ဖြစ်ပေါ်နိုင်တာ မဟုတ်ပါဘူး။ မြန်မာနိုင်ငံရဲ့ တိုးတက်မှုကိုလည်း လပေါင်းလောက်၊ နှစ်ပိုင်းလောက်သာကြည့်ပြီး အဆုံးအဖြတ်ပေးဖို့ မဖြစ်နိုင်ပါဘူး။ ဆယ်စုနှစ်နဲ့ချီပြီး စောင့်ကြည့်ရပါလိမ့်မယ်။ မြန်မာ့အိမ်နီးချင်း အင်ဒိုနီးရှားနိုင်ငံဟာ ဒီလိုအခြေအနေမျိုးကို လက်တွေ့ ပြသခဲ့ပြီးဖြစ်ပါတယ်။”

Ben Rhodes ဟာ အမေရိကန်သမ္မတ Barack Obama ရဲ့ မဟာဗျူဟာ ဆက်သွယ်ရေးဆိုင်ရာ တွဲဘက် အကြံပေးပုဂ္ဂိုလ်ဖြစ်သလို၊ မိန့်ခွန်းရေးသားပေးရသူလည်း ဖြစ်ပါတယ်။ ဒီရှင်းလင်းပွဲမှာ မြန်မာနိုင်ငံအပြင် အိုဘားမားရဲ့ ဂျပန်ခရီးစဉ်၊ ဗီယက်နမ်ခရီးစဉ်တို့နဲ့ ပတ်သက်ပြီးတော့လည်း တက်ရောက်သူတွေရဲ့ မေးမြန်းချက်ကို သူက ဖြေကြားသွားပါတယ်။ သမ္မတ အိုဘားမားရဲ့ အာရှခရီးစဉ်ဟာ မေလ ၂၁ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ကြာမြင့်မှာဖြစ်ပါတယ်ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

မြန်မာ့အပြောင်းအလဲ စိတ်ရှည်ရှည်နဲ့ စောင့်ကြည့်ဖို့ လို
please wait

No media source currently available

0:00 0:04:25 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG