သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

‘ဝ’ အမျိုးသားအဖွဲ့ ဒုတိယဥက္ကဋ္ဌ မူးယစ်မှုနဲ့ ထိုင်းမှာအဖမ်းခံရ


၂၀၁၃ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိတဲ့ကိစ္စ သတင်းစာ ရှင်းလင်းပွဲမြင်ကွင်း။
၂၀၁၃ခုနှစ် ဖေဖော်ဝါရီလက ထိုင်းနိုင်ငံ ဘန်ကောက်မြို့က မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိတဲ့ကိစ္စ သတင်းစာ ရှင်းလင်းပွဲမြင်ကွင်း။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တခုက ဒုဥက္ကဋ္ဌတဦးဟာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း ထိုင်းနိုင်ငံမှာ တရားမဝင် မူးယစ်ဆေးဝါးတွေနဲ့အတူ အဖမ်းခံလိုက်ရပါတယ်။ မူးယစ်ဆေးဝါး ၁၀ ကီလို၊ ဘိန်းမဲ ၄ ပိဿာကျော်၊ ဘတ်ငွေ ၆ သန်းကျော်နဲ့ အတူ ဝအမျိုးသားအဖွဲ့ WNO ဒုတိယဥက္ကဋ္ဌ တာ့မဟာကို ချင်းမိုင်မြို့မှာ ထိုင်းတာဝန်ရှိသူတွေ က ဖမ်းဆီးခဲ့တာပါ။ ဒီမူးယစ် ဆေးဝါးနဲ့ ပတ်သက်မှုမရှိတဲ့ အကြောင်း WNO ဘက်ကတော့ ငြင်းပါတယ်။ အပြည့်အစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ ထိုင်းအခြေစိုက်သတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

ညီညွတ်သောတိုင်းရင်းသားလူမျိုးများဖယ်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင်ဖြစ်တဲ့ ဝ အမျိုးသား အဖွဲ့ WNO ဒုဥက္ကဋ္ဌ တာ့မဟာ ကို ဒီရက်ပိုင်းမှာပဲ အိုက်စ်လို့ခေါ်တဲ့ မူးယစ်ဆေးဝါး ၁၀ ကီလို၊ ဘိန်းမဲ ၄ ပိဿာကျော်၊ ဘတ်ငွေ ၆ သန်းကျော်နဲ့ ထိုင်းအာဏာပိုင်တွေကထိုင်းနိုင်ငံ ချင်းမိုင်မြို့နယ် အတွင်းမှာ ဖမ်းမိတယ်လို့ ထိုင်းအာဏာပိုင်တွေက သတင်းစာ ရှင်းလင်းခဲ့ပါတယ်။

ဝအမျိုးသားအဖွဲချုပ်ရဲ့အထွေထွေ အတွင်းရေးမှူး တာအိုက်ညွန့် ကတော့ ဒုဥက္ကဋ္ဌဟာ အဖွဲနဲ့ ကင်းကွာနေတာ ၅လခန့် ရှိပြီဖြစ်သလို ဒီမူးယစ်ဆေးဝါး တွေ နဲ့ ဝအမျိုးသား အဖွဲ့ချုပ်နဲ့ ပတ်သက်မူမရှိဘူးလို့ VOA က ဆက်သွယ်မေးမြန်းစဉ် မှာပြောဆိုသွားပါတယ်၊

“Ice ပြားက ၁၀ ကီလိုလောက် ရှိမယ်ထင်တယ်။ ဖြစ်တာကတော့ ကျနော်တို့ ဂွင်ထဲလည်းမဟုတ်ဘူးလေ၊ တခြားနေရာမှာ သွား ဖြစ်တယ်ဆိုတော့ ကျနော်တို့နဲ့ လုံးဝမဆိုင်ပါဘူး။ လာတဲ့လမ်းကြောင်းကလည်း ကျနော်တို့ဘက်ကနေ လာတာလည်း မဟုတ် ဘူး။ ဘယ်ဘက်ကနေလာတာလည်း ကျနော်တို့လည်း မသိဘူးလေ။ သူက ကျနော်တို့ရဲ့ ဒုဥက္ကဋ္ဌဖြစ်ပေမယ့်လည်း ကျနော်တို့ ဗဟိုကော်မတီအစည်းအဝေးမှာလည်း နှစ်ခါမတက်ဘူး၊ နားထားတာလည်း မဟုတ်ဘူးပေါ့ နော။ ဒါပေမဲ့ အဆက်အသွယ်လည်း မလုပ်ဘူး။ ခွင့်ယူတာလည်းမဟုတ်ဘူး။ ဆွေမျိုးသွားလည်တယ်၊ ဆွေမျိုးသွားလည်တယ်ဆိုပြီးမှ ခနခန ဆင်းသွားတယ်လေ ချင်းမိုင်ဘက်ကို။ ထုတ်ပယ်ထားတာတော့ မဟုတ်ဘူး။ အဖွဲ့နဲ့ အဆက်အသွယ်မရှိတာကတော့ လေးလငါးလလောက် ရှိပြီ ထင်တယ်။ ဒီလိုဖြစ်သွားတော့ ကျနော်တို့လည်း အံ့သြမိတာပေါ့။ ကျနော်တို့နဲ့ လုံး၀ ပတ်သက်မှုမရှိဘဲ ထိခိုက်မှုတစုံတရာ မရှိ နိုင်ဘူးထင်တာပဲလေ။”

ဇွန်လ ၂၆ရက်နေ့ဟာ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးနေ့ဖြစ် တာကြောင့် မြန်မာပြည်တွင်းမှာ အစိုးရကလည်း မူယစ်ဆေးဝါးဖျက်ဆီးရေး အခမ်းအနားတွေ ကျင်းပနေသလို ရှမ်းပြည်နယ်တွင်းက မူးယစ်ဆေးဝါး တိုက် ဖျက်ရေး လုပ်ဆောင်နေတဲ့ ရှမ်းပြည်ပြန်လည် ထူထောင်ရေးကောင်စီ ကလည်း သူတို့နယ်မြေအတွင်း ဖမ်းမိတဲ့ ဘိန်းဖြူ ဘိန်းမဲတွေ နဲ့ စိတ်ကြွဆေး ၂သိန်းကျော်ကို ဖျက်ဆီးမှုတွေလုပ်ခဲ့ကြောင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးခေါင်းဆောင် ဦးစိုင်းဟန်ကလည်းပြောပါတယ်။

“ဆန့်ကျင်ရေးနေ့မှာ ကျနော်တို့ ခါတိုင်းနှစ်တွေလိုပါပဲ၊ အခမ်းအနားနဲ့လုပ်ပါတယ်။ ကျနော်တို့ အုပ်ချုပ်ရေးနယ်မြေထဲမှာ ဖမ်းမိတဲ့ ဟာတွေကို အများပြည်သူရှေ့မှာ မီးရှို့တာ ခါတိုင်းနှစ်လိုလုပ်ပါတယ်။ ဒီနှစ်အတွင်းတော့ ယာဘဆိုရင် နှစ်သိန်းကျော် သုံးသိန်း နီးပါးပေါ့၊ ဘိန်းမည်းကတော့ အနည်းအကျဉ်းပါ။ ရောင်းဝယ်တဲ့လူကို ဖမ်းပြီးအရေးယူတာလည်း အဲဒီထဲမှာ ထည့်ထားတယ်၊ ၄၄ ဦးလေ။ ဆေးဝါး သုံးစွဲတဲ့လူ ကို ဆေးဖြတ်ပေးတာ ၃၀၀ ကျော်တယ်။ ရှမ်းပြည်နယ် တာချိၤလိတ်မြို့ မှာတော့ ဒီနှစ်စမှာပဲ စိတ်ကြွဆေး ၆သန်းကျော်ဖမ်းဆီးရမိခဲ့ပါတယ်။"

မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုတွေ လျော့နည်း ပပျောက်ဖို့နဲ့ လူငယ်တွေ မူးယစ်ဆေး တွင်တွင်ကျယ်ကျယ် သုံးစွဲနေတဲ့ အရေးကို ဖြေရှင်းဆောင်ရွက်ဖို့ တနိုင်ငံလုံး အတိုင်းအတာနဲ့ စီမံချက်နဲ့ဆောင်ရွက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မကြာသေးခင်ကပဲပြောကြားထားပါတယ်။

နိုင်ငံတကာ မူးယစ်ဆေးဝါး တိုက်ဖျက်မှု အခြေအနေတွေနဲ့ ပတ်သက်လို့အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာနက နှစ်စဉ်ထုတ်ပြန်လေ့ရှိတဲ့ ၂၀၁၅ခုခုနှစ် အတွက် အစီရင်ခံစာမှာတော့ တနိုင်ငံချင်း အလိုက် အခြေအနေတွေ ကို ဖေါ်ပြထားပါတယ်။

အဲ့ဒီအစီရင်ခံစာအရ မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ ဘိန်း ထုတ်လုပ်မှု ဒုတိယ အများဆုံး နိုင်ငံဖြစ်နေဆဲဖြစ်ပြီး မူးယစ်ဆေးဝါးကို ထိထိရောက်ရောက် တိုက်ဖျက်ဖို့ ပျက်ကွက်ခဲ့တယ် လို့ ဖေါ်ပြထားပါတယ်။ မြန်မာနိုင်ငံရဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းတွေဟာ နိုင်ငံတကာ သဘောတူ စာချုပ်ပါ အချက်တွေကို အပြည့်အ၀ လိုက်နာဆောင် ရွက်ခြင်း မရှိဘူးလို့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာန က ၂၀၁၅ ခုနှစ်အတွက် ထုတ်ပြန်တဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး နှစ် ပတ်လည် အစီရင်ခံစာမှာရေးသားထားတာပါ။

မြန်မာ အာဏာပိုင်တွေဘက်ကတော့ မူးယစ်ဆေး တိုက်ဖျက်ရေးမှာနိုင်ငံတကာ နဲ့ တတ်နိုင်သမျှ ပူးပေါင်းဆောင်ရွက်နေပါတယ်လို့ တုံ့ပြန်ထားသလို ဒီနှစ်ပိုင်းတွေ အတွင်းမှာ စိတ်ကြွဆေး အများ အပြား ကိုလည်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေး တပ်ဖွဲ့စုတွေနဲ့ အတူ နယ်မြေခံအာဏာပိုင်တွေ ပူးပေါင်းပြီး ဖမ်းဆီးတာတွေလည်းရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG