သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစု ပင်လုံညီလာခံမှာ လက်နက်ကိုင်အဖွဲ့တွေ အားလုံးပါဝင်ရေး ဆွေးနွေး


အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆွေးနွေး။ သတင်းဓာတ်ပုံ- ဦးလှမောင်ရွှေ
အစိုးရကိုယ်စားလှယ်အဖွဲ့နဲ့ အပစ်မရပ်ရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေဆွေးနွေး။ သတင်းဓာတ်ပုံ- ဦးလှမောင်ရွှေ

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပနိုင်ရေး အကြိုညှိနှိုင်းဖို့ မြန်မာအစိုးရ ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံရာမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ အားလုံးပါဝင်နိုင်ရေး ဆွေးနွေးနိုင်ဖို့ မျှော်လင့်တဲ့အကြောင်း အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုး မထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင် က ပြောဆိုလိုက်ပါတယ်။ အစိုးရသစ် လက်ထက်မှာ ကျင်းပမယ့် ငြိမ်းချမ်းရေး ညီလာခံမှာ မူအသစ်နဲ့ အားလုံးပါဝင်လာအောင် ဆောင်ရွက်နိုင်လိမ့်မယ်လို့ တိုင်းရင်းသားတွေဘက်က မျှော်လင့်ထားကြောင်းလည်း ပြောဆိုခဲ့တာပါ။ အပြည့်အစုံကိုတော့ ငြိမ်းချမ်းရေး အကြိုဆွေးနွေးပွဲမှာ ကိုယ်တိုင်သွားရောက် သတင်းယူခဲ့တဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မေခက သတင်းပေးပို့ထားပါတယ်။

အစိုးရသစ်လက်ထက်မှာ ကျင်းပမယ့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအားလုံး ပါဝင်နိုင်ရေး တက်ရောက်လာတဲ့ တိုင်းရင်းသား ကိုယ်စားလှယ်တွေ မျှော်လင့်နေကြ တာပါ။ မြန်မာအစိုးရရဲ့ ၂၁ ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ နဲ့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုး မထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) ရဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းဆွေးနွေးရေး ကိုယ်စားလှယ်အဖွဲ့ (DPN) တို့ ရန်ကုန်မြို့မှာ ဒီကနေ့ တွေ့ဆုံချိန် မှာလည်း အားလုံးပါဝင်နိုင်မယ့် လုပ်ငန်းစဉ်တွေကို အဓိကထား ဆွေးနွေးခဲ့ကြပါတယ်။

တိုင်းရင်းသား ကိုယ်စားလှယ်အဖွဲ့ ခေါင်းဆောင် ခူးဦးရယ်ကတော့ ဒီကနေ့ ဆွေးနွေးမှုတွေနဲ့ ပတ်သက်လို့ အခုလို ပြောပြပါတယ်။

" အားလုံးပါဝင်ရေးဟာ အခြေခံအကြောင်းတရားတွေရှိပါတယ်။ တချို့နားလည် ထားတာကတော့ ပါဝင်လက်မှတ်ရေးထိုးမှ ကျနော်တို့တောင်းဆိုတဲ့ အားလုံးပါဝင်ရေးဟာ ပြီးပြည့်စုံမယ်လို့ တချို့ကလည်း နားလည်ပါတယ်။ ဒါပေမဲ့ ကျနော်တို့က အားလုံး ပါဝင်လက်မှတ်ရေးထိုးမှ အားလုံးပါဝင်နိုင်ရေးလို့ မှတ်ရမယ်ဆိုတဲ့ မူပေါ်လစီ မဟုတ်ပါဘူး။ ကျနော်တို့မှာ အခြေခံ အကြောင်းအချက်တွေရှိပါတယ်။ အကြောင်းတရားတွေရှိပါတယ်။ "

တပ်မတော်ဘက်က လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ တိုင်းရင်းသားလက်နက်ကိုင် မဟာမိတ်သုံးဖွဲ့ဖြစ်တဲ့ ပလောင် (တအာင်း) အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) ၊ မြန်မာ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ် တပ်မတော် (MNDAA) ကိုးကန့်အဖွဲ့ နှင့် ရက္ခိုင့်တပ်မတော် (AA) တို့ ကို လာမယ့် ၂၁ရာစု ပင်လုံညီလာခံတက်ဖို့ ဖိတ်မယ်လို့ပြောဆိုထားပါတယ်။ ဒါပေမယ့် လက်နက်စွန့်မှ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တွင် ပါဝင်ခွင့်ပြုမယ်လို့ လည်း ပြောဆိုထားတာရှိပါတယ်။ ဒီလို တပ်ဘက်က လက်နက်စွန့်မှ ပါဝင်ခွင့်ပေးမယ့်အပေါ် ဒီအဖွဲ့တွေက လက်မခံကြပါဘူး။

ဒီအတွက် ညှိနှိုင်းမှုတွေလုပ်နေတာ ရှိပေမယ့် ဒီအချက်ဟာ တိကျစွာ အဖြေထွက်လာတာ မရှိပါဘူး။ ဒီအပေါ် ခူးဦးရယ်က အခုလိုမှတ်ချက်ပေးပါတယ်။

" ဖြစ်ခဲ့တာလည်း အခုထက်ထိဖြစ်နေဆဲပေါ့နော်။ ဒါပေမဲ့ ကျနော် နားလည်တာကတော့ ဟိုတုန်းကတော့ စပြီးဖြစ်တာကတော့ အစိုးရဟောင်း။ အခုအစိုးရသစ်လက်ထက်မှာ ကျနော်ထင်တယ်။ သူတို့ချဉ်းကပ်မှုတမျိုးနဲ့ သွားလိမ့်မယ်လို့တော့ ကျနော် နားလည်ထားတယ်။ ဒါ ကျနော့်ရဲ့ နားလည်ချက်ပါ။"

ဒီကနေ့ တွေ့ဆုံဆွေးနွေးမှုက အချိန် ၄နာရီကြာခဲ့ပါတယ်။ ဆွေးနွေးခဲ့တာနဲ့ ပတ်သတ်ပြီး ( ၂၁ ) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ အတွင်းရေးမှူး ဦးလှမောင်ရွှေကတော့ အခုလိုပြောပြပါတယ်။

"အားလုံးပါဝင်နိုင်ရေးမူနဲ့ပတ်သက်ပြီး ဆွေးနွေးပါတယ်။..."

(၂၁) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီဥက္ကဌ ဒေါက်တာတင်မျိုးဝင်းကတော့ လက်ရှိ NLD ဦးဆောင်တဲ့ အစိုးရလက်ထက်မှာ တိုင်းရင်းသား တွေရဲ့လိုအင်ကို အတတ်နိုင်ဆုံးဖြည့်ဆည်းဖို့ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် က မှာထားတာ ကြောင့် ကြိုးစားလုပ်ဆောင်မယ်လို့ ဒီကနေ့တွေ့ဆုံဆွေးနွေးပွဲမှာ ကတိပေးခဲ့ပါတယ်။

ဒေါက်တာတင်မျိုးဝင်းခေါင်းဆောင်တဲ့ ( ၂၁ ) ရာစု ပင်လုံ အကြိုပြင်ဆင်ရေး ကော်မတီ မနက်ဖြန်မှာ နာဂ NSCN-K က ဆွေးနွေးရေး အဖွဲ့ခေါင်းဆောင် ဦးအန်ကန့် ဦးဆောင်တဲ့ ကိုယ်စားလှယ် အဖွဲ့နဲ့ တွေ့ဆုံသွားမှာပါ။ တိုင်းရင်းသားတွေရဲ့နိုင်ငံရေးဆိုင်ရာ ညှိနိုှင်းဆွေးနွေးရေး ကိုယ်စားလှယ် အဖွဲ့ကတော့နိုင်ငံတော်အတိုင်ပင်ခံနဲ့ ဒီလ ပထမပတ်ထဲမှာဘဲတွေ့ဖို့ရှိနေပေမယ့် ရက်အတိအကျကို ၂ဖက်လုံးက ထုတ်ဖော် မပြောသေးပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG