သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုပင်လုံညီလာခံ တိုင်းရင်းသားတချို့ တုံ့ပြန်


(Credit: MOI)
(Credit: MOI)

တတိုင်းပြည်လုံး အတိုင်းအတာ အပစ်ခတ်ရပ်စဲနိုင်ပြီး ခိုင်မာတဲ့ ငြိမ်းချမ်းရေးရနိုင်ဖို့အတွက် NLD အစိုးရက ဆွေးနွေးဆောင်ရွက်နေတယ်ဆိုပေမဲ့ တဘက်မှာ တပ်မတော်ရဲ့ လက်ရှိသဘောထား မပြောင်းလဲဘူးဆိုရင်တော့ ငြိမ်းချမ်းရေးဟာ အလှမ်းကွာဝေးနေဦးမှာ ဖြစ်တယ်လို့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တချို့က ပြောဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်မှာ ဒီရက်ပိုင်းအတွင်း အစိုးရတပ်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီးနောက် အခုလို ပြောဆိုလိုက်ကြတာပါ။ အကြောင်းစုံကို ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရတာဝန်ရှိသူတွေနဲ့ NCA အပစ်ရပ်ရေးစာချုပ်မှာ လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားခေါင်းဆောင်တွေကြား မနေ့ အင်္ဂါနေ့မှာ ငြိမ်းချမ်းရေး ညှိနှိုင်းဆွေးနွေးပွဲတွေလုပ်တဲ့ ဒီရက်ပိုင်းမှာပဲ ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့နယ်ထဲမှာ TNLA တအာင်းပလောင်တပ်ဖွဲ့တွေနဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်နေသလို၊ နမ္မတူမြို့နယ်ထဲမှာလည်း RCSS/SSA ရှမ်းလက်နက်ကိုင်တပ်တွေနဲ့ အစိုးရတပ်တို့ ဇွန်လ (၂၈) ရက်နေ့က တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ TNLA တပ်ပြောခွင့်ရသူ တာအိုက်ကျော်က ပြောပါတယ်။

“လတ်တလောအတွင်းမှာ ၂၇ ရက်နေ့က ကျနော်တို့ တပ်ဖွဲ့နဲ့ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲ ၃ ကြိမ်ဖြစ်တယ်။ ကျောက်မဲမြို့နယ်ထဲမှာဖြစ်တယ်။ ဒီတပွဲကတော့ တော်တော်လေး ပြင်းထန်တယ်။ ဟိုဘက်ရက်တွေမှာလည်း ၂၅ ရက်နေ့ဆိုရင်လည်း မြန်မာ့တပ်မတော်နဲ့ ဖြစ်တာလည်း ရှိတယ်။ RCSS နဲ့ ဖြစ်တာလည်း ရှိတယ်။ အစိုးရတပ်က တောက်လျှောက် ကျနော်တို့နေတဲ့ နေရာဘက်ကို ထိုးစစ် ပိုမို ပြုလုပ်လာတယ်။ တိုက်ပွဲကတော့ မြေပြင်မှာ ရှိနေတုန်းပဲ။”

လက်နက်ကိုင်တိုင်းရင်းသားတွေ အားလုံးပါဝင်နိုင်မယ့် ၂၁ ရာစု ပင်လုံညီလာခံကို လာမယ့် သြဂုတ်လ အကုန်ပိုင်းလောက်မှာ ကျင်းပပြီး ငြိမ်းချမ်းရေးရနိုင်ဖို့အတွက် NLD အစိုးရက တဘက်မှာ ဆွေးနွေးနေပေမဲ့ တခြားတဘက်မှာ တပ်မတော်က အခြေခံမူဝါဒ သဘောထားမပြောင်းဘဲ အခုလို ထိုးစစ်ဆင်နေမယ်ဆိုရင်တော့ ပြည်တွင်းငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့ ခက်ခဲမယ်လို့ UNFC ညီညွတ်သော တိုင်းရင်းသားများ ဖယ်ဒရယ်ကောင်စီရဲ့ တွဲဘက်အတွင်းရေးမှူး ဦးထွန်းဇော်က ပြောပါတယ်။

“ငြိမ်းချမ်းရေး အရိပ်အယောင်ကတော့ ကောင်းလာတဲ့ အခြေအနေ မရှိသေးပါဘူး။ အဓိကကတော့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ NLD အစိုးရရဲ့ မူဝါဒဆိုတာထက် ကျနော်တို့ မြန်မာ့တပ်မတော်ကြီးရဲ့ သဘောထား မပြောင်းလဲတဲ့အပေါ်မှာ ဖြစ်နေတယ်လို့ အဲဒီအတိုင်းပဲ မြင်ပါတယ်။ အဲဒါကြောင့် ကျနော်တို့ စစ်မှန်တဲ့ ငြိမ်းချမ်းရေးဘက်ကို သွားမယ်ဆိုရင် အခုလက်ရှိသွားနေတဲ့ ကာကွယ်ရေးဦးစီးချုပ်ရဲ့ မူဝါဒ ၆ ရပ် အပါအဝင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေရဲ့ အခွင့်ထူးကို ယူပြီးတော့မှ ဒီမိုကရေစီ နည်းလမ်းမကျတဲ့ လုပ်ပုံကိုင်ပုံတွေ ရှိနေတဲ့ အခြေခံအောက်မှာတော့ ကျနော်တို့ စစ်မှန်တဲ့ ပြည်တွင်းငြိမ်းချမ်းရေးနဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို ဖော်ဆောင်ဖို့ ခက်ပါတယ်။”

၂၀၁၅ ရွေးကောက်ပွဲမှာ NLD အစိုးရအနိုင်ရပြီး ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်လာပြီဆိုပေမဲ့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ တပ်မတော်က ပူးပေါင်းပါဝင်ခြင်း မရှိဘူးဆိုရင် ခိုင်မာတဲ့ ငြိမ်းချမ်းရေးရဖို့ မလွယ်ကြောင်း TNLA တာအိုက်ကျော်က ပြောပါတယ်။

“ဘယ်နေရာပဲဖြစ်ဖြစ် နိုင်ငံတခုမှာ နိုင်ငံတော်သမ္မတက အထွတ်အထိပ်ပေါ့နော် အကြီးဆုံးဖြစ်တယ်။ သမ္မတရဲ့အမိန့်က အကုန်လုံး အတည်ဖြစ်တာပေါ့နော်။ လက်ရှိ မြန်မာနိုင်ငံမှာတော့ အဲ့လိုမျိုးကတော့ မဖြစ်သေးဘူး။ ဥပမာ - ကချင်ပြည်နယ်ဘက်မှာဖြစ်တဲ့ တိုက်ပွဲရှိတယ်။ အဲဒီတိုက်ပွဲတွေ ရပ်ဖို့ ဆိုပြီးတော့မှ သမ္မတကိုယ်တိုင်က အမိန့်ထုတ်ထားတာ တွေ့တယ်။ ဒါပေမဲ့ တိုက်ပွဲကတော့ ဒီနေ့အထိ ဖြစ်နေတုန်းပဲ။ အဲလိုမျိုးတွေကို ပြန်ကြည့်မယ်ဆိုရင်တော့ အစိုးရရဲ့အာဏာက တရားဝင် မရှိဘူးပေါ့နော်။ လွှမ်းမိုးနိုင်စွမ်းမရှိဘူးဆိုတာ ကျနော်တို့ တွေ့ရတယ်။ အစိုးရက ငြိမ်းချမ်းရေး ဖော်ဆောင်ပေမဲ့လည်း တပ်က ပူးပေါင်းပါဝင်မှု မပါဘူးဆိုရင်တော့ ငြိမ်းချမ်းရေးအတွက် အောင်မြင်မှု နည်းလမ်းကတော့ တော်တော်လေး ခဲယဉ်းတယ်။”

တကယ်တော့ ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (ခေါ်) ၂၁ ရာစု ပင်လုံညီလာခံမှာ အားလုံးပါဝင်နိုင်ဖို့ NLD အစိုးရက ရည်မှန်းထားပေမဲ့ အားလုံးပါဝင်နိုင်ရေး ဘယ်လောက်အထိ ညှှိနှိုင်းနိုင်မလဲဆိုတဲ့အပေါ် မူတည်နေကြောင်းလည်း UNFC ဦးထွန်းဇော်က ထောက်ပြပါတယ်။

“သြဂုတ်လမှာ ကျင်းပမယ်လို့ ရည်မှန်းထားတဲ့ ၂၁ ရာစု ပင်လုံညီလာခံလို့ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံကြီး NCA ပေါ်မှာ အခြေခံပြီးတော့မှ လုပ်မှာဖြစ်ပါတယ်။ NCA က အားလုံး ပါဝင်မှုမရှိတဲ့ ဖြစ်စဉ်ဖြစ်နေတယ်။ အားလုံး ပါဝင်မှုရှိတဲ့ ဖြစ်စဉ်တခုကို သူက ဖော်ဆောင်ရပါမယ်။ ဒေါ်အောင်ဆန်းစုကြည်တို့ကတော့ အဲဒီဖြစ်စဉ်ကို သွားဖို့အတွက် ဆွေးနွေးနေတယ်။ ညှိနှိုင်းနေတယ်ဆိုတဲ့ အဆင့်မှာပဲ ရှိပါသေးတယ်။ ဆွေးနွေးညှိနှိုင်းနေတဲ့ အနေအထားက ဘယ်လောက် ပြေလည်သလဲပေါ့နော်။ ကျနော်တို့ လူသားတွေ အားလုံးပါဝင်ခွင့်ရတဲ့ အနေအထားကို ဖော်ဆောင်နိုင်တယ်ဆိုရင် ငြိမ်းချမ်းရေး အရိပ်လက္ခဏာတွေကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ အားလုံး ပါဝင်မှုမရှိဘူးဆိုရင် တဘက်က ဆွေးနွေးတဲ့ လူက ဆွေးနွေးနေ တဘက်က တိုက်တဲ့လူကလည်း တိုက်မယ်ဆိုတဲ့ ဒုံရင်းဒုံရင်း အခြေအနေကိုပဲ ဆိုက်နိုင်တယ်ဆိုတဲ့ အနေအထားလည်း ရှိပါတယ်။”

မနေ့က နေပြည်တော်ဆွေးနွေးပွဲမှာတော့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ထူထောင်ရေးကိစ္စဟာ တဖွဲ့ထဲနဲ့ လုပ်လို့ရတဲ့ကိစ္စ မဟုတ်ဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုသွားသလို၊ မြန်မြန် ဆန်ဆန် ဆောင်ရွက်ဖို့ လိုကြောင်းနဲ့ နောင်မျိုးဆက်သစ်များအတွက် ထားခဲ့ရမယ့် အကောင်းဆုံး အမွေဟာ ငြိမ်းချမ်းရေးပဲဖြစ်ကြောင်း ပြောကြားသွားပါတယ်။

XS
SM
MD
LG