သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး တပ်မတော်အားပေးဖို့ EU တိုက်တွန်း


 မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန်ကိုဘီယာက ဦးဆောင်ပြီး ဒီကနေ့ ရန်ကုန်မြီု့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့
မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန်ကိုဘီယာက ဦးဆောင်ပြီး ဒီကနေ့ ရန်ကုန်မြီု့မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့

မြန်မာ့ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ တပ်မတော် အနေနဲ့ တက်တက်ကြွကြွ ဆောင်ရွက်ဖို့ အီးယူ ဥရောပသမဂ္ဂက တိုက်တွန်းလိုက်ပါတယ်။ အီးယူ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံ ၂၈ နိုင်ငံရဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေ ဘရက်ဆဲလ် မြို့မှာ မြန်မာနိုင်ငံရဲ့ အသွင်ကူးပြောင်းရေး ကိစ္စတွေနဲ့ ပတ်သတ်လို့ ဆွေးနွေးခဲ့ကြတာကို မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ်ကြီး ရိုလန်ကိုဘီယာက ဦးဆောင်ပြီး ဒီကနေ့ ရန်ကုန်မြီု့မှာ သတင်းစာရှင်းလင်းပွဲတစ်ရပ် ကျင်းပခဲ့ပါတယ်။ ကိုယ်တိုင်သွားရောက ်သတင်းယူခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က ပြောပြပေးမှာပါ။

အီးယူ ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတွေရဲ့ နိုင်ငံခြားရေး ဝန်ကြီး ၂၈ ယောက်က တွေ့ဆုံပြီး မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်လို့ လုပ်ငန်းစဉ်တွေကို ပြီးခဲ့တဲ့ တနင်္လာနေ့က အီးယူ ဥရောပသမဂ္ဂ ရုံးချုပ်ရှိတာ ဘရက်ဆဲလ်မြို့မှာ ဆွေးနွေးခဲ့ကြပါတယ်။ အဓိကအားဖြင့်တော့ ဒီမိုကရေစီ ၊ တရားဥပဒေ စိုးမိုးရေးနဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်မှု စနစ်တွေအပါအဝင် ငြိမ်းချမ်းရေး ဖြစ်စဉ်၊ လူအခွင့်အရေး ဖွံဖြိုး တိုးတက်ရေး နဲ့ ဆင်းရဲ နွမ်းပါးမှု လျော့ချရေး ၊ ရေရှည်ဖွံဖြိုး တိုးတက်ရေးနဲ့ စီပွားရေး ပူးပေါင်းဆောင်ရွက်မှု ကိစ္စရပ်တွေကို ပူးပေါင်းဆောင်ရွက် ဖို့ ဆွေးနွေး ခဲ့ကြတာပါ။ မြန်မာ့ ဒီမိုကရေစီ အသွင်ကူးရေးရေးမှာ တပ်မတော်အနေနဲ့ တက်တက်ကြွကြွ ပါဝင်သင့်ပြီး ပေါင်းကူး တံတားသဖွယ် ဆောင်ရွက်ဖို့ လိုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ဥရောပသမဂ္ဂ သံအမတ် ရိုလန်ကိုဘီယာက ပြောပါတယ်။

“တပ်မတော်အနေနဲ့ မြန်မာနိုင်ငံရေးမှာ သက်ဆိုင်တဲ့ သူအားလုံးရဲ့ ကြားမှာ ပေါင်းကူးတံတား အနေနဲ့ ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ ကျွန်တော်တို့ ဖြစ်စေချင်တာက နိုင်ငံတကာက တခြား ဒီမိုကရေစီနိုင်ငံတွေမှာ ရှိတဲ့ စစ်တပ်တွေရဲ့ လုပ်ငန်းစဉ်တွေနဲ့ သူတို့တွေ ဘယ်လိုတွေ ဆောင်ရွက်နေ သလဲဆိုတာနဲ့ အတွေးအမြင်တွေ ဖလှယ်ဖို့ မျှော်လင့်ပါတယ်။ ခင်ဗျားတို့ သိတဲ့အတိုင်းပဲ ကျွန်တော် တို့ ဥရောပသမဂ္ဂ နိုင်ငံ တစ်ချို့မှာလည်း လွန်ခဲ့တဲ့ နှစ် ၄၀ လောက်တုန်းက စစ်တပ်ရဲ့အုပ်ချုပ်မှု အောက်မှာ ရှိခဲ့ပါတယ်။ အဲဒီ့နောက်မှသာ တဖြည်းဖြည်း အရပ်သား အစိုးရထိ ကူးပြောင်းခဲ့တာပါ။ ဒါပေမဲ့လို့ စစ်တပ်ကို အသိအမှတ်ပြုကြတယ်။ အမျိုးမျိုးသော လုပ်ငန်းစဉ်တွေမှာ သူတို့ရဲ့ ဆောင်ရွက်ချက်တွေကို တရေးတယူ လုပ်ကြပါတယ်။”

မြန်မာ အစိုးရသစ်အနေနဲ့ ဒီမိုကရေစီစနစ် ခိုင်မာအောင် ဆောင်ရွက်နေတဲ့ နေရာမှာ ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ အဓိက အရေးကြီးတဲ့ ကိစ္စဖြစ်တယ်လို့လည်း ဆိုပါတယ်။ မကြာမှီ ကာလအတွင်း ပြုလုပ်မယ့် ၂၁ ရာစု ပင်လုံညီလာခံအပါအဝင် မြန်မာ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာလည်း အားလုံးပါဝင်ဖို့ လိုတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် အစိုးရသစ်ရဲ့ ဦးစားပေးလုပ်ငန်းစဉ်ထဲမှာ ပါဝင်တဲ့ လူအခွင့်အရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်လို့ စိတ်ခေါ် အကဲစမ်းမှုတွေ လက်ရှိအချိန်ထိ ရှိနေသေးပြီး ရခိုင်ပြည်နယ်မှာလည်း လူမှုရေးခွဲခြားမှုတွေ ရှိနေသေးတယ်လို့ သံအမတ် ရိုလန်ကိုဘီယာက ဆိုပါတယ်။

“မြန်မာနိုင်ငံအနေနဲ့ လူ့အခွင့်အရေး ကိစ္စရပ် စိန်ခေါ် အကဲစမ်းမှုတွေ တော်တော် များများကို ဖြေရှင်းပြီးသားဖြစ်ပေမယ့်လို့ တစ်ချို့ကိစ္စရပ်တွေမှာ ဆောင်ရွက်ဖို့ ကျန်နေပါသေးတယ်။ ရခိုင်ပြည်နယ်က မူစလင် လူနည်းစုတွေအပေါ်မှာ လူမှုရေး ခွဲခြားမှုတွေ လက်ရှိအချိန်ထိ ရှိနေပါသေးတယ်။ အီးယူအနေနဲ့ မြန်မာအစိုးရကို တိုက်တွန်းထားတာက အမုန်းစကားမပြန့်ပွားဖို့နဲ့ အချင်းချင်း သည်းမခံ နိုင်တဲ့ ကိစ္စရပ်တွေကို ရှောင်ရှားဖို့ပါ။ လူအခွင့်အရေးနဲ့ ပတ်သတ်လို့ နိုင်ငံတကာ စံနှုန်းစံရပ်တွေနဲ့ အတူ ညှိနှိုင်းအဖြေရှာသင့်ပါတယ်။”

အီးယူ ဥရောပသမဂ္ဂအနေနုဲ့ မြန်မာ့ အသွင်ကူးပြောင်းရေး လုပ်ငန်းစဉ်တွေနဲ့ ပတ်သတ်လို့ ယူရိုငွေ သန်းပေါင်း ၆၀၀ ကျော်ကို သုံးစွဲသွားမှာ ဖြစ်ပါတယ်။ အီးယူအနေနဲ့ စီးပွားရေး ပိတ်ဆို့မှုတွေကို ၂၀၁၃ ခုနှစ်ကတည်းက ဖယ်ရှားထားပြီး ၂၀၁၆ ဇန်နဝါရီလအတွင်း ထုတ်ပြန်ချက်တွေအရဆိုရင် အီးယူဟာ မြန်မာနိုင်ငံရဲ့ စတုတ္တအကြီးဆုံး နိုင်ငံခြား ရင်းနှီးမြုပ်နှံသူဖြစ်ပါတယ်။ အီးယူ ဥရောပ သမဂ္ဂအနေနဲ့ ပညာရေး၊ စိုက်ပျိုးရေးနဲ့ ကျေးလက်ဒေသဖွံဖြိုး တိုးတက်ရေး၊ လူအခွင့်အရေး နဲ့ ကောင်းမွန်တဲ့ အုပ်ချုပ်ရေး အပါအဝင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အဓိကထား ကူညီထောက်ပံပေးနေတာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG