သုံးရလွယ်ကူစေသည့် Link များ

ပြင်သစ်နိုင်ငံ ပဲရစ်နဲ့ ဘယ်လ်ဂျီယံနိုင်ငံ ဘရတ်ဆဲလ်မှာ မနှစ်က လူအသေအပျောက် ရှိခဲ့တဲ့အထိ အစ္စလာမ်မစ်အစွန်းရောက်တွေရဲ့ တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက်၊ အခုအခါ EU ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံတွေမှာ တင်းကြပ်တဲ့ သေနတ်ထိန်းချုပ်ရေး ဥပဒေတွေကို အတည်ပြုလိုက်ကြပါတယ်။

သေနတ်ဝယ်ယူမှုနဲ့ ကိုင်ဆောင်မှုဆိုင်ရာ ဥပဒေသစ်တွေကို EU အဖွဲ့ဝင်နိုင်ငံတွေ ရဲ့ ပြည်ထဲရေးဝန်ကြီးတွေက တခဲနက်မဲခွဲဆုံးဖြတ် အတည်ပြုခဲ့ကြတာဖြစ်ပြီး၊ တားမြစ်ကန့်သတ်ထားတဲ့ လက်နက်အမျိုးအစားတွေကိုလည်း ထပ်တိုးလိုက်သလို၊ တိုက်ခိုက်ရေးသုံး သေနတ်တွေ မှောင်ခိုရောင်းဝယ်မှုကို ပိုပြီးခြေရာ ခံနိုင်အောင် ဆောင်ရွက်ကြဖို့လည်း တောင်းဆိုခဲ့ကြတာပါ။

ဖင်လန်နိုင်ငံ၊ ဘောလ်ကန်ဒေသနိုင်ငံတွေနဲ့ EU အဖွဲ့ဝင်မဟုတ်တဲ့ ဆွစ်ဇာလန်နိုင်ငံ တို့က သေနတ်ဝါသနာရှင်တွေ၊ အမဲလိုက်သူတွေ၊ သေနတ်ဝယ်ယူ စုဆောင်းသူတွေနဲ့ ပြည်သူ့စစ်တွေကိုတော့ ဥပဒေသစ်တွေ ထဲမှာ ခြွင်းချက်ပေးဖို့လည်း ၀န်ကြီးတွေက အတည်ပြုခဲ့ကြပါတယ်။

ဥပဒေသစ်တွေကို ခြုံကြည့်လိုက်မယ် ဆိုရင်တော့ - တရားဝင် ထုတ်လုပ်ရောင်း ချနေတဲ့ သေနတ်တွေ၊ မှောင်ခိုဈေးကွက်ထဲ ရောက်သွားနိုင်တဲ့ အန္တရာယ် လျော့ကျ သွားနိုင်တယ်လို့လည်း သောကြာနေ့က လူဇမ်ဘတ်မှာ ပြုလုပ်တဲ့ အစည်းအဝေးရဲ့ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သူ ဒတ်ခ်ျ တရားရေးဝန်ကြီး က ပြောဆိုခဲ့ပါတယ်။

အသုံးမပြုဘဲထားတဲ့ ဒါမှမဟုတ် ပိတ်ပင်တားမြစ် ထားတဲ့ မောင်းပြန်သေနတ်တွေ ကို ပြန်လည် အသုံးပြုနိုင်အောင် လုပ်ဆောင်တာတွေကို တားဆီးဖို့ ရည်ရွယ်တဲ့ ကန့်သတ်ချက်တရပ်ကိုလည်း ဥပဒေသစ်မှာ ထည့်သွင်းထားတာပါ။

EU ရဲ့ အစီအစဉ်ဟာ အစွန်းရောက်သမားတွေနဲ့ ရာဇ၀တ်ဂိုဏ်းတွေရဲ့ အန္တရာယ်ကို ရင်ဆိုင်နေရတဲ့ ဥရောပတိုက်သားတွေရဲ့ လုံခြုံရေးကို မြှင့်တင်ပေးနိုင်လိမ့်မယ် လို့လည်း ပြင်သစ်ပြည်ထဲရေးဝန်ကြီးက ပြောဆိုသွားခဲ့ပါတယ်။

XS
SM
MD
LG