သုံးရလွယ်ကူစေသည့် Link များ

Munich ပစ်ခတ်မှု အသေအပျောက်ရှိ သေနတ်သမားတွေ လွတ်နေဆဲ


ဂျာမဏီနိုင်ငံ Munich မြို့ဈေးရုံကြီးတခုမှာ သောကြာနေ့ညနေပိုင်းက ပစ်ခတ်မှုဖြစ် ပွားပြီး အသေအပျောက်တွေ ရှိခဲ့ပါတယ်။ Munich မြို့ Olympia ဈေး အဆောက်အဦးထဲမှာ ဖြစ်ပွားခဲ့တဲ့ ဒီပစ်ခတ်မှုကြောင့် လူတချို့သေဆုံးပြီး အများအပြား ဒဏ်ရာရရှိတယ်လို့ ဂျာမန် မီဒီယာတွေမှာ ဖေါ်ပြနေပါတယ်။

ပစ်ခတ်မှုအတွင်း သေနတ်သမားအပါအဝင် စုစုပေါင်း လူ၁၀ဦးသေဆုံးခဲ့ရပါတယ်။ ပစ်ခတ်ခဲ့သူလို့ သံသယရှိသူသေနတ်သမားကတော့ အသက်(၁၈)နှစ်အရွယ် အီရန်နွယ်ဖွား ဂျာမန်နိုင်ငံသားဖြစ်တယ်လို့လည်း သတင်းတွေမှာ ဖော်ပြနေကြပါတယ်။

လူတွေအိမ်ထဲမှာပဲနေကြဖို့နဲ့ အပြင်ထွက်တယ်ဆိုရင်လဲ လူစည်ကားတဲ့နေရာတွေကိုရှောင်ကြဖို့ ဒါမှမဟုတ် လုံခြုံတဲ့နေရာတွေမှာ အကာအကွယ်ယူနေကြဖို့ Twitter နဲ့ facebook တွေမှာ ရဲဘက်က အကြံပေးချက်တွေ မကြာခဏ ထုတ်လွှင့် ဖေါ်ပြနေပါတယ်။

မျက်မြင်သက်သေတွေက လက်နက်ကိုင်ထားသူ ၃ ယောက်တွေ့လိုက်ရတယ်လို့ ဆိုကြောင်း ရဲဘက်ကပြောပါတယ်။ ဗွီဒီယိုတခုတည်းမှာတော့ သေနတ်ကိုင်ထားတဲ့ အမျိုးသားတဦးကို McDonald ဆိုင်ရှေ့မှာ တွေ့ရပြီး၊ မောင်းပြန်သေနတ်သံတွေ စတင် ထွက်လာတာနဲ့ တပြိုင်နက် ဗွီဒီယိုရိုက်ကူးသူ ထွက်ပြေးခဲ့ရပါတယ်။

Munich မြို့တခုလုံး ရဲတွေ အနှံ့အပြားမှာ လုံခြုံရေးတာဝန်ယူထားကြပါတယ်။ အခုပစ်ခတ်မှုဟာ ဘယ်သူဘယ်ဝါ လက်ချက်ဆိုတာကို အသေးစိတ် မသိရသေးပါဘူး။ ၁၇ နှစ်သားအရွယ် အာဖဂန်ဒုက္ခသည်တဦး ပြီးခဲ့တဲ့ သောကြာနေ့က ရထားပေါ်မှာ ပုဆိန်နဲ့ ခရီးသည်တချို့ကို တိုက်ခိုက်ခဲ့တဲ့ ဖြစ်ရပ် အပြီး တပတ်အကြာမှာ အခု ပစ်ခတ်မှု ပေါ်ပေါက် လာတာ ဖြစ်ပါတယ်။

ဂျာမနီနိုင်ငံ Munich မြို့က လူ ၉ ယောက်အထိ သေဆုံးခဲ့တယ်လို့ ယုံကြည်ထားကြတဲ့ သောကြာနေ့က တိုက်ခိုက်မှုနဲ့ ပတ်သက်လို့ ကိုင်တွယ်ဖြေရှင်းဖို့ ၀န်ကြီးချုပ် Angela Merkel ဟာ သူ့ရဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်တွေနဲ့ အရေးပေါ် အစည်းအဝေး ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ စနေနေ့မှာ ပြုလုပ်မယ့် အစည်းအဝေး အတွက် အစိုးရအဖွဲ့ဝင်တွေလည်း ဘာလင်မြို့ကို သွားနေကြပါပြီ။

ဝန်ကြီးချုပ်ရုံးအကြီးအကဲ Peter Altmaier ကတော့ တိုက်ခိုက်မှုဟာ လူမဆန်တဲ့ ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်အဖြစ် ပြောဆိုခဲ့ပြီး၊ အစွန်းရောက်ဝါဒီတွေရဲ့ လုပ်ရပ် ဖြစ်နိုင်ချေရှိတယ် ဆိုတာကိုလည်း မငြင်းနိုင်သေးဘူးလို့ ပြောပါတယ်။

လုံခြုံရေးတပ်ဖွဲ့ဝင်တွေနဲ့ တွေ့ဆုံစကားပြောခဲ့တဲ့ အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား ကတော့ တိုက်ခိုက်ခံရမှုအတွက် ၀မ်းနည်းကြောင်း ပြောကြားခဲ့ပါတယ်။

အသေးစိတ်အချက်အလက်တွေ တဖြည်းဖြည်း ဆက်လက်ထွက်ပေါ်နေဆဲ ဖြစ်ပေမဲ့၊ ထိခိုက်ဒဏ်ရာရသူတွေအတွက် ရင်နဲ့အမျှ ခံစားရကြောင်း - ဂျာမနီနိုင်ငံဟာ အမေရိကန်ရဲ့ အရင်းနှီးဆုံး မဟာမိတ်နိုင်ငံတခုဖြစ်ပြီး၊ ပြဿနာကို ဖြေရှင်းရာမှာ လိုအပ်တဲ့အကူအညီတွေ အားလုံးကို ပေးအပ် သွားမှာ ဖြစ်ကြောင်းလည်း သမ္မတ အိုဘားမားက ကတိပြု ပြောကြားခဲ့ပါတယ်။

သမ္မတအိမ်ဖြူတော် ပြောခွင့်ရသူက တိုက်ခိုက်မှုအပေါ် အပြင်းထန်ဆုံး ရှုတ်ချကြောင်းလည်း ပြောဆိုခဲ့ပါတယ်။

တိုက်ခိုက်မှုဖြစ်ပြီး နာရီပိုင်းအကြာ သောကြာနေ့မှာပဲ Munich မြို့ ရဲတပ်ဖွဲ့ကတော့ သေဆုံးသူ ၈ ဦးအထိ ရှိခဲ့ကြောင်း Twitter အင်တာနက် လူမှုကွန်ယက်ကတဆင့် သတင်းထုတ်ပြန်ခဲ့တာပါ။ ၉ ယောက်မြောက် လူတဦး သေဆုံးမှု ရှိ မရှိနဲ့ သေဆုံးသူဟာ ပစ်ခတ်မှုနဲ့ ပတ်သက်မှု ရှိ မရှိ ဆိုတာကို အတည်ပြုနိုင်ဖို့ စုံစမ်းနေတယ်လို့လည်း သတင်းထုတ်ပြန်ခဲ့ပါတယ်။

မြို့အနှံ့ လိုက်လံရှာဖွေ ဖမ်းဆီးမှုတွေ လုပ်နေပြီး၊ ပစ်ခတ်မှုကျုးလွန်သူဟာ တယောက်မက ရှိနိုင်တယ်လို့ ယူဆရပေမဲ့၊ တိုက်ခိုက်သူ ဘယ်သူဘယ်ဝါ ဆိုတာ အသေးစိတ်တော့ မသိရဘူးလို့လည်း ရဲတပ်ဖွဲ့က ပြောပါတယ်။ မျက်မြင်သက်သေတချို့ကတော့ သေနတ်ကိုင် လူ ၃ ယောက်ကို တွေ့ရတယ်လို့လည်း ပြောပါတယ်။

နောက်ပိုင်းအခြေအနေကို အချိန်နဲ့တပြေးညီ ဆက်လက်ဖေါ်ပြသွားမှာဖြစ်ပါတယ်။

Munich ပစ်ခတ်မှုအတွင်း ဗွီအိုအေက ရရှိခဲ့သော ဗွီဒီယို ကြည့်ရှု့ရန်

စိတ်ဝင်စားဖွယ် ...

XS
SM
MD
LG