သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Rio အိုလံပစ် မြန်မာ တာဝေးအပြေးသမား ၂ ဦး ယှဉ်ပြိုင်ကြမည်


San Naing and Swe Li Myint- Rio Olympic Myanmar Team
San Naing and Swe Li Myint- Rio Olympic Myanmar Team

Brazil နိုင်ငံ Rio မြို့မှာ ကျင်းပနေတဲ့ အိုလံပစ်အားကစားပွဲတွေထဲက ဒီနေ့ ဗုဒ္ဓဟူးနေ့ မှာ ကျင်းပမယ့် အပြေးပြိုင်ပွဲတွေမှာ အမျိုးသား မီတာ ၅၀၀၀ အပြေးပြိုင်ပွဲ အတွက် မြန်မာအသင်းက ကိုဆန်းနိုင်က ဝင်ပြိုင်မှာဖြစ်ပြီး အမျိုးသမီး မီတာ ၈၀၀ မှာ မဆွေလီမြင့်က ဝင်ပြိုင်မှာဖြစ်ပါတယ်။ သူတို့ ၂ ယောက်လုံးဟာ ၂၀၁၅ အရှေ့တောင် အာရှ အားကစားပြိုင်ပွဲတွေတုန်းက စံချိန်ကောင်းတွေ ရထားကြသူတွေဖြစ်ပါတယ်။

အခု Olympic ပွဲဝင်မယ့် သူတို့ရဲ့ အခြေအနေကို Rio မြို့မှာရောက်နေ တဲ့ မြန်မာ အားကစားအဖွဲ့တာဝန်ရှိသူ ဦးသက်လွင်ကို မစုမြတ်မွန်က ဆက်သွယ်မေးမြန်း ထားပါတယ်။

ပထမဆုံး မြန်မာအားကစားသမား ၂ ယောက် Heat အစမ်းပြိုင်ပွဲတွေကစလို့ ပြိုင်ဆိုင်ရမယ့်အခြေအနေကို မေးတဲ့အခါ ဦးသက်လွင်က ခုလို စပြောပါတယ်။

မနက်ဖြန်ကိုတော့ ဆန်းနိုင်က အရှည်ပြေးရမယ်။ ဘရာဇီးလ် စံတော်ချိန်မနက်ပိုင်း (၁၀)နာရီ (၅) မိနစ်ပေါ့။ သူ့အဖွဲ့မှာ ပြေးရမယ့် (၈)ယောက်ဆိုလို့ရှိရင် အဲဒီထဲက အကောင်းဆုံး နှစ်ယောက် သို့မဟုတ် သုံးယောက်ကိုရွေး၊ အဲဒီအထဲမှာ သူကပါမယ်ဆိုရင် Heat အစမ်းပြိုင်ပွဲ အောင်သွားတာပေါ့။ တခါနောက်ထပ် Heat အစမ်းပြိုင်ပွဲကို ထပ်ပြိုင်၊ နောက်ဆုံး (၈)ယောက်လောက်ကျန်တဲ့အထိ နှစ်ကြိမ် သို့မဟုတ် သုံးကြိမ်ထိ လုပ်ရပါတယ်။ သူကတော့ အနည်းဆုံး နှစ်ကြိမ်လုပ်ရမှာပေါ့နော်။ အဲတော့ သူနဲ့တွဲတဲ့အဖွဲ့မှာက သူ့လောက်စံချိန်မကောင်းရင်တော့ သူက Heat အောင်မှာပေါ့။ ကျန်တဲ့အဖွဲ့တွေကလည်း သူတို့ရဲ့စံချိန် ဘယ်လောက်ရှိတယ်ဆိုတာ ကျနော်တို့ မသိရဘူးပေါ့နော်။

မေး။ ။ မဆွေလီမြင့်ဘက်ကရော ဆရာတို့ဘယ်လိုပြောနိုင်မလဲ။

ဖြေ။ ။ အဲဒီလိုပဲ ဆွေလီမြင့်ကတော့ သူက အဖွဲ့ (၆)ဖွဲ့တောင်ပြိုင်ရမှာ။ (၈)ယောက်စီရှိတဲ့ (၆)ဖွဲ့ပြိုင်ရမှာ။ အဲတော့ တဖွဲ့ကို နှစ်ယောက်ပဲ ရွေးအုံး (၁၆)ယောက်ရှိမယ်။ အဲဒီထဲက နောက်ထပ် တကြိမ်ပြန်ပြိုင်ရအုံးမယ်၊ (၈)ယောက်စီဆိုတော့လေ။ ဆန်းနိုင်ကမှ နှစ်ခါပဲ။ အဲတော့ သူက အနည်းဆုံးသူက တတိယရလို့ရှိရင် Heat အောင်သွားမယ့် သဘောမှာရှိတယ်။ အဲတော့ သူက ဖိုင်လ်နယ်ကိုတက်မယ်။

မေး။ ။ သူတို့နှစ်ယောက်အခုလိုမျိုး မီတာ (၅၀၀၀)ဝင်ပြေးနိုင်ဖို့ဆိုရင် တော်တော်လေးအလေ့အကျင့်နဲ့ သက်လုံကောင်းဖို့လည်း လိုပါတယ်။ မီတာ (၈၀၀) လည်းအတူတူပါပဲ။ သူတို့တွေ ဒီလို Rio ထိလာပြီးတော့ ပြိုင်နိုင်ဖို့အတွက် ဒီလိုအဆင့်ရောက်လာဖို့အတွက် ဘယ်လောက်ကြိုးစားခဲ့လဲဆိုတာ ဆရာပြောနိုင်သလောက် ပြောပြပါရှင့်။

ဖြေ။ ။ နဂိုကတည်းကိုက ဌာနပေါင်းစုံပြိုင်ပွဲတွေကနေပြီးတော့ နောက် အားကစားသိပ္ပံကနေ ရွေးချယ်လေ့ကျင့်ဆောင်ရွက်တဲ့အနေအထားလည်းပါပါတယ်။ ငယ်စဉ်ကတည်းက ဒီလိုမျိုး တစိုက်မတ်မတ်နဲ့ ဒီအားကစားအပေါ်မှာပဲ ဆောင်ရွက်လာတာဖြစ်တဲ့အတွက် ပြီးတော့ တာဝေးအားကစားပြိုင်ပွဲတွေမှာလည်း သူတို့က အတိုင်းအတာတခုထိအောင်မြင်လာတယ်။ ဒါကြောင့်လဲ ဒီအခြေအနေကိုရောက်တာပေါ့။

မေး။ ။ ဆရာ့အနေနဲ့ မြန်မာအသင်းကိုတာဝန်ရှိတဲ့သူတဦးအနေနဲ့ သူတို့အနိုင်ရဖို့အတွက် ဘယ်လောက်အထိမျှော်လင့်ထားပါလဲ။

ဖြေ။ ။ မျှော်လင့်တာကတော့ ပထမ လိုချင်တာပေါ့။ ဒါပေမဲ့ လောလောဆယ်ကတော့ မဖြစ်နိုင်ပါဘူး။ သူတို့ရဲ့ရှေ့မှာ အောင်မြင်ပြီးတော့မှ ဖိုင်နယ်လ်အဆင့်ကို တက်နိုင်အောင်ကြိုးစားနိုင်ဖို့အတွက် ကျနော်အနေနဲ့ အားပေးပြီးတော့ သူတို့ကိုကြပ်မတ်ဆောင်ရွက်လျက်ရှိပါတယ်။ သူတို့ကလည်း လိုက်နာပြီးတော့မှ နေ့စဉ်နဲ့အမျှ သူတို့ပြိုင်ပွဲမဝင်ခင် တလျှောက် ပြိုင်ပွဲပြိုင်ရမယ့် အချိန်ထိနေ့စဉ် နေ့နေ့ညည အမြဲတမ်းလေ့ကျင့်နေကြပါတယ်။

မေး။ ။ ဦးသက်လွင်တို့ကိုယ်တိုင် အခြားပြိုင်ပွဲတွေကို ကိုယ်တိုင်လည်းသွားကြည့်တယ်၊ အခုအပြေးပြိုင်ပွဲတွေလဲ လုပ်နေပြီ။ အဲလိုပြိုင်ပွဲတွေကနေ အခြားနိုင်ငံတွေက အားကစားသမားဆီကနေရော ဘယ်လိုအတုယူစရာတွေရတယ်လို့ ဦးသက်လွင်တို့အနေနဲ့ ပြောနိုင်ပါလဲ။

ဖြေ။ ။ သူတို့အားကစားသမားတွေက ငယ်စဉ်ကတည်းကိုက တစိုက်မတ်မတ်နဲ့ ပညာရေးရော၊ အားကစားရော ပေါင်းစပ်ပြီးတော့မှ တောက်လျောက်လုပ်လာတယ်။ အခုလက်ရှိ လာကစားတဲ့အခါကျတော့်လည်း သူတို့ရဲ့ နေမှုထိုင်မှု၊စားသောက်ရေး၊ နောက်သူတို့နိုင်ငံရဲ့ ရေမြေသဘာဝအရ သူတို့ခနာကိုယ်တွေရဲ့ ဖွံဖြိုးမှုအနေအထားတွေဟာ ကျနော်တို့ထက်သာပါတယ်။ ကျနော်တို့ ကစားသမားတွေဆိုတာကလည်း လက်ရှိရွေးလာတဲ့ ကစားသမားတွေက အားကစားကို တစိုက်မတ်မတ် လုပ်တဲ့လူထဲကနေ ကျနော်တို့ရွေးရတာဖြစ်ပါတယ်။ ကျောင်းနေတဲ့ ကျောင်းက ကလေးတွေ၊ တက္ကသိုလ်ကောလိပ်က ကလေးတွေထဲကနေ ရွေးနိုင်တာမျိုးမဟုတ်ဘူး။ ကျနော်တို့ အားကစားအသိုင်းအဝိုင်းမှာ ဒီအားကစားကို တစိုက်မတ်မတ်နဲ့ လုပ်နေတဲ့ ကလေးတွေထဲကနေပဲ ကျနော်တို့ ရွေးချယ်ပြီး လာပြိုင်ရတာဖြစ်တယ်။ နောက်ပြီးသူတို့နေထိုင်ရတဲ့ ဖြတ်သန်းရတဲ့ ဓလေ့စရိုက်နဲ့ လူမှုပတ်ဝန်းကျင်အရ တတ်နိုင်တဲ့မိဘကလည်း ဖြစ်ချင်မှဖြစ်မယ်။ မတတ်နိုင်တဲ့ မိဘကလည်း ဖြစ်ချင်လည်းဖြစ်မယ်။ အဲတော့ အခြားနိုင်ငံက အားကစားသမားတွေနဲ့ ခနာကိုယ်ဖွဲ့စည်းမှုကို ကျနော်တို့က မမှီဘူးပေါ့။ ဒါတွေကတော့ ကျနော်တို့အများကြီး ပြန်လုပ်ရမှာပေါ့။

မေး။ ။ နောက်ဆုံးတခုမေးချင်တာက အခု Rio မှာလာပြိုင်နေကြတဲ့ မြန်မာအားကစားသမားတွေ အနေနဲ့ တယောက်ချင်းစီအနေနဲ့ ဘယ်လိုအမြင်သစ်တွေရသွားတယ်လို့ ဆရာ့အနေနဲ့ပြောနိုင်လဲ။ နောက်ထပ်ပြိုင်ပွဲတွေမှာ ပြိုင်ဆိုင်နိုင်ဖို့အတွက် သူတို့ရဲ့ယုံကြည်မှုတွေဘယ်လောက်ရှိသွားလဲဆိုတာ ပြောနိုင်မလဲရှင့်။

ဖြေ။ ။ Rio ပြိုင်ပွဲကို ပြိုင်ရတဲ့အတွက် သူတို့အတွက် ကိုယ့်ကိုကိုယ် ပိုပြီးယုံကြည်မှုရတာပေါ့။ ဥပမာ ဆန်းယုထွေး ဆိုလို့ရှိရင် ဒီလိုပြိုင်ပွဲမျိုး အများကြီးမပြိုင်ဘူးတဲ့အတွက် သူ့အတွက်ရတဲ့အခွင့်အရေးကို သူ့မှာ စိတ်လှုပ်ရှားတာပေါ့နော်။ ဒီလိုပြိုင်ပွဲတွေ ခဏခဏကြုံမယ်ဆိုလို့ရှိရင် ဒါကိုသူက ပြင်ဆင်ရမယ့်အချက်တချက်အနေနဲ့ လေ့ကျင့်တဲ့ကာလမှာရော၊ ပြိုင်ပွဲဝင်တဲ့ကာလမှာရော သတိထားပြီးတော့ ပြင်ဆင်ဆောင်ရွက်မယ်ဆိုရင် ဒီလိုအခွင့်အရေးမျိုး နောက်တခါရလို့ရှိရင် သေချာပေါက် အောင်မြင်မှာလေ။ အဲဒီလိုပဲ ကျန်တဲ့အားကစားနည်းတွေ သေနတ်ပစ်ဆိုရင်လည်း ထိုနည်း လည်းကောင်းပဲ၊ ဒီလိုအတွေ့အကြုံကောင်းတွေဟာ သူတို့ရဲ့နောက်တဆင့် နောက်ပြိုင်ပွဲတွေမှာ အောင်မြင်မှုရရှိရေးအတွက် အများကြီးအထောက်အကူပြုပါတယ်လို့ ကျနော်အနေနဲ့ ပြောချင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG