သုံးရလွယ်ကူစေသည့် Link များ

မိုင်းယော်ရွာသား ၅ဦး သေဆုံးမှု တပ်မတော်သားတွေ အရေးယူမှု လူ့အခွင့်အရေး လှုပ်ရှားသူတွေကြိုဆို


အသက်ဆုံးခဲ့ရတဲ့ မိုင်းယော်ရွာသား မိသားစု။
အသက်ဆုံးခဲ့ရတဲ့ မိုင်းယော်ရွာသား မိသားစု။

မိုင်းယော်ဒေသခံ ရွာသား ၅ဦး သေဆုံးမှုမှာ ပါဝင်ပတ်သက်ခဲ့တဲ့ တပ်မတော်သား ၇ဦးကို မနေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅နှစ်စီ ချမှတ်လိုက်တာနဲ့ ပတ်သက်လို့ လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ပါတယ်။ ဒါပေမဲ့လည်း မြန်မာပြည်ရဲ့ လူ့အခွင့်အရေး အခြေအနေတွေ တိုးတက်ဖို့အတွက် စစ်တပ်အနေနဲ့ ဒီထက်ပို ဆောင်ရွက်စရာတွေ ရှိနေသေးတယ်လို့လည်း ထောက်ပြနေကြတာပါ။ သတင်း အပြည့်အစုံကိုတော့ ဗွီအိုအေ သတင်းထောက် မမြင့်မြင့်ခိုင်က တင်ပြထားပါတယ်။

မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျူးလွန်မှုကို ပထမဆုံးအကြိမ် တရားဥပဒေကြောင်း အရ ထိထိရောက်ရောက် အရေးယူတဲ့အနေနဲ့ မိုင်းယော်ဒေသခံ ပြည်သူ ၅ဦးသေဆုံးမှုမှာ ပါဝင်ပတ်သက်ခဲ့ တဲ့ မြန်မာစစ်တပ်က အရာရှိနဲ့ စစ်သည် ၇ဦးကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅နှစ်စီချမှတ်လိုက်တဲ့အပေါ် လူ့အခွင့်အရေး လှုပ်ရှားသူတွေက ကြိုဆိုလိုက်ပါတယ်။

တိုင်းရင်းသားဒေသတွေမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ချိုးဖောက် ကျူးလွန်မှု နဲ့ ပတ်သက်လို့ အခု လို အရေးယူလိုက်တာဟာကျဆင်းနေတဲ့ တပ်မတော် ရဲ့ ဂုဏ်သိက္ခာနဲ့ ပုံရိပ်ကို ပြန်ဆယ် ရာရောက်တယ်လို့ မြန် မာပြည် လူ့အခွင့်အရေး အတွက် လုပ်ဆောင်နေတဲ့ Equality Myanmar အဖွဲ့က ဦးအောင်မျိုးမင်းက ပြောပါတယ်။

" အခုစစခြင်း ဒါမျိုး လုပ်ဆောင်မှုတွေက ဖြစ်သင့်တာ ကြာပါပြီ။ အခုလိုဖြစ်တဲ့ဟာ ကျနော်တို့ ကြိုဆိုတယ်။ ဒါမျိုး ကိစ္စတခုတင် မကပဲနဲ့ ပြည်သူလူထုတွေအပေါ်မှာ ရာဇဝတ်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ကျူးလွန်တဲ့သူကို ဘယ်သူပဲဖြစ်ဖြစ် ဘယ်လက်နက်ကိုင်အဖွဲ့ပဲဖြစ်ဖြစ် တိကျပြီး ထိုက်သင့်သော အရေးယူမှုတွေ ဆက်လက်ဖြစ်ပေါ်ပါစေ ကျနော်တို့ ဆုတောင်းပါတယ်။ ဒါကို မျှော်လင့်နေပါတယ်။"

တဖက်မှာလည်း မြန်မာစစ်တပ်အနေနဲ့ မိုင်းယော် ဒေသခံရွာသား ၅ဦးသေဆုံးမှုနဲ့ ပတ်သက်လို့ အရေးယူတဲ့ အချိန်ဟာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ရဲ့ အမေရိကန်ခရီးစဉ်နဲ့လည်း တိုက်ဆိုင်နေ ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ခရီးစဉ်အတွင်း အမေရိကန်ပြည်ထောင်စုက ဒဏ်ခတ် ပိတ်ဆို့မှုတွေ ပြန် လည် ရုပ်သိမ်းမယ့်အကြောင်း ပြောဆိုခဲ့ပေမဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ဆက်နွယ်နေတဲ့ မြန်မာစစ်တပ်နဲ့ စစ်ခေါင်းဆောင် တချို့အပေါ်မှာတော့ ဒဏ်ခတ်မှုတွေ ဆက်လက် ထားရှိသွားမယ့် အကြောင်း ဖြစ်ပါ တယ်။

ဒီအတွက် မြန်မာစစ်တပ်အနေနဲ့ မိုင်းယော်ဒေသခံရွာသားတွေ သေဆုံးမှုတခုတင် မဟုတ်ပဲ တိုင်းရင်းသားဒေသတွေက အခြား လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို လည်း ထိရောက်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမှသာ တပ်မတော် အပေါ် ပြည်သူတွေ အနေနဲ့ ယုံကြည်မှာဖြစ်တယ်လို့ ဦးအောင်မျိုးမင်း ကပြောပါတယ်။

"တကယ်လို့များ ဒီလိုမျိုး အခြေအနေမှာ ပြစရာတခုအနေနဲ့ ဒါမျိုး လုပ်ဆောင်ပြီး နောက်ပိုင်းမှာ မလုပ်ဆောင်တော့ဘူးဆိုရင်တော့ ဒါက ချိန်ကိုက် လုပ်ဆောင်မှုလို့ ပြောလို့ရပါတယ်။ ဒါကြောင့်မို့လို့ ဒီလိုမျိုး ချိန်ကိုက် လုပ်ဆောင်မှု ဆိုတာ မဟုတ်ဘူး။ တပ်မတော်ဆိုတာ လူ့အခွင့်အရေးချိုးဖောက်မှုကို လက်မခံဘူး ဆိုတာ သက်သေပြနိုင်ဖို့အတွက် ဒါမျိုး ကိစ္စတွေကို မဖြစ်အောင် ဆက်လက်ပြီး တားဆီးတာ အဲ့လိုအမှုတွေကို အမှုမှန်အတိုင်း ပေါ်ပေါက်အောင် လုပ်ဆောင်တာ ချိုုးဖောက်တဲ့ ဘယ်သူပဲဖြစ်ဖြစ် ထိရောက်သော အရေးယူမှုတွေကို တပ်မတော် ရဲ့အစဉ်အလာ တခုအဖြစ် ဆက်လက်ကျင့်သုံးသွားမှ ခုနဟာလိုမျိုး စိုးရိမ်ချက်တွေကို ဖြေဖျောက်နိုင်မှာဖြစ်ပါတယ်။"

မိုင်းယော် ဒေသခံရွာသား ၅ဦးသေဆုံးမှုနဲ့ ပတ်သက်လို့ စစ်တရားရုံးက တပ်မတော်အက်ဥပဒေပုဒ်မ ၇၁၊ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ (၂)/၂၄အရ ကျူးလွန်တာတွေ့တဲ့အတွက် တပ်မတော်သား ၇ဦးကို စက် တင်ဘာ ၁၅ရက်နေ့က အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၅နှစ်စီကျခံဖို့ အမိန့်ချမှတ် လိုက်တာဖြစ်ပါတယ်။

တိုင်းရင်းသားဒေသမှာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ကျူးလွန်မှုကို ပထမဆုံး အရေးယူလိုက်တာမို့ မြန်မာပြည်ရဲ့ တရားစီရင်ရေးနည်းနည်း အလုပ်ဖြစ်လာပြီလို့ ယူဆရပေမယ့် မိုင်းယော်ရွာသားတွေ သေဆုံးမှုကို အရေးယူလိုက်တာတခုတည်းနဲ့တော့ တပ်မတော်အပေါ် ယုံကြည်မှုမရှိဘူးလို့ တအာန်းအမျိုးသမီးအဖွဲ့က လွေးပိုးညိုဝ်က သူ့အမြင်ကို ပြောပါတယ်။

" ကျမတို့နားလည်တာ တိုင်းပြည် ပြည်သူလူထုကို ကာကွယ်တယ်။ ကျမတို့နိုင်ငံက ကျတော့ မဟုတ်ဘူး။ အစိမ်းရောင်မြင်နေတာနဲ့ကို ကြောက်နေရတယ်ပေါ့။ အဲ့လိုဖြစ်တော့ ပြည်သူလူထု ရဲ့ စိတ်ထဲမှာတော့ အဲ့ဒီ့အကြောက်တရားတွေက လွှမ်းမိုးနေတုန်းပဲ။ ကျမတို့ကိုယ်တိုင်လည်း လွှမ်းမိုးနေတုန်းပဲ။ အဲ့လိုဖြစ်တဲ့ အခါကျတော့ တကယ်ပဲ တပ်မတော်က ပြည်သူလူထုကို ကာကွယ်တဲ့ တပ်မတော်တခုပါ။ တကယ်ပဲ ပြည်သူလူထုကို အထောက်အပံ့ဖြစ်စေတဲ့ တပ်မတော်တခုဖြစ်စေချင်တယ်ဆိုရင်တော့ သေချာတယ် ဒီ့ထက်မက ပိုပြီးတော့မှ သေချာတယ် တရားရုံးက အရေးယူဆောင်ရွက်ပေးရမယ့်အရာတွေ အများကြီးရှိတယ်။"

ရှမ်းပြည်မြောက်ပိုင်း မူဆယ်အနီး ကောင်းခါးရွာမှာ ကချင်ကျောင်းဆရာမဦး ပြီးခဲ့တဲ့နှစ် ဇန်နဝါရီမှာ သတ်ခံရတဲ့အမှုနဲ့ ပတ်သက်လို့လည်း လတ်တလောမှာ တပ်မတော်သားတွေကို စစ်ဆေးနေတာလည်းရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG