သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လိမ္မော်ရောင်အဆင့် မုန်တိုင်းသတိပေးချက် ထုတ်ပြန်


မြန်မာ့ကမ်းရိုးတန်းဘက်သို့ ဦးတည်နေတဲ့ လိမ္မော်ရောင်အဆင့်မုန်တိုင်းငယ်သတိပေးချက် ( MOI) အောက်တိုဘာ ၂၁၊ ၂၀၁၆။
မြန်မာ့ကမ်းရိုးတန်းဘက်သို့ ဦးတည်နေတဲ့ လိမ္မော်ရောင်အဆင့်မုန်တိုင်းငယ်သတိပေးချက် ( MOI) အောက်တိုဘာ ၂၁၊ ၂၀၁၆။

ဘင်္ဂလားပင်လယ်အော် အလယ်ပိုင်းနဲ့ အရှေ့တောင်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ မုန်တိုင်းငယ်ဟာ ၄၈ နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်းအဖြစ် အားကောင်းလာနိုင်ပြီး မြန်မာနိုင်ငံ ကမ်းရိုးတန်းဘက်ကို ဦးတည် ရွေ့လျားလာနိုင်တဲ့ အတွက် မြန်မာနိုင်ငံ မိုးလေဝသဌာနနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနကနေ လိမ္မော်ရောင် အဆင့် သတိပေးချက် ထုတ်ပြန်ထားပါတယ်။

လေတိုက်နှုန်းဟာ တနာရီကို ပြင်းအား ၃၅ မိုင်နှုန်း ရှိမယ်လို့ ခန့်မှန်းထားပြီး၊ ၂၃ ရက်နေ့ကနေ ၂၅ ရက်နေ့အတွင်းမှာ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်တွေမှာ နေရာအနှံ့ မိုးထစ်ချုန်းရွာနိုင်သလို၊ နေရာကွက်ကြား မိုးကြီးမှုတွေ ဖြစ်နိုင်တယ်လို့လည်း မိုးလေဝသဌာနက သတိပေးထားတာဖြစ်ပါတယ်။

ဒါ့အပြင် ဒီမုန်တိုင်းကြောင့် - မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်ပြည်နယ်နဲ့ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်နဲ့ ကမ်းလွန်ပင်လယ်ပြင်မှာ တခါတရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးမှုတွေ ဖြစ်နိုင်တဲ့အတွက်လည်း - ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်တွေနဲ့ သင်္ဘောတွေ ကြိုတင် သတိရှိကြဖို့ကိုလည်း နှိုးဆော် ထားပါတယ်။

မိုးလေဝသပညာရှင် ဦးထွန်းလွင်ရဲ့ Facebook လူမှုကွန်ယက်မှာတော့ - ဧရာဝတီတိုင်းကို မုန်တိုင်းရိုက်ခတ်နိုင်ကြောင်း ကနဦး ခန့်မှန်းချက်အရ တွေ့ရပြီး၊ အထူးသဖြင့် ဖျာပုံ၊ မြောင်းမြ၊ ပုသိမ် ခရိုင်တွေမှာ မုန်တိုင်း အဖျားခတ်နိုင်တယ်လို့ ရေးသားထားပါတယ်။

အဲဒီနောက် မြစ်ဝကျွန်းပေါ် အနောက်တောင်ပိုင်းအစွန်းဒေသကို ရိုက်ခတ်ပြီး အိန္ဒိယနိုင်ငံဘက်အထိ ဦးတည်ရွေ့လျား သွားမယ်လို့လည်း ခန့်မှန်းထားပါတယ်။ အိန္ဒိယကလာတဲ့ သတင်းတွေမှာတော့ - ကလကတ္တားမြို့ရဲ့ ကီလိုမီတာ ၁ ထောင်လောက်အကွာမှာ တိုက်ခတ်နေတဲ့ မုန်တိုင်းက ဒီသီတင်းပတ်ကုန်မှာ ကျင်းပမယ့် ဟိန္ဒူဘာသာဝင်တွေရဲ့ ဒေဝါလီပွဲတော်ကို ထိခိုက်နိုင် တယ် ဖော်ပြနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG