သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရံရဲတပ်သား စုဆောင်းရေး လူမျိုးဘာသာမရွေး ပါဝင်သင့်ဟု လူ့အခွင့်အရေးအဖွဲ့ထောက်ပြ


ရခိုင်ပြည်နယ်တွင်း လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များ။
ရခိုင်ပြည်နယ်တွင်း လုံခြုံရေးတာဝန်ယူထားတဲ့ ရဲတပ်ဖွဲ့ဝင်များ။

ရခိုင်ပြည်နယ်အတွင်း တင်းမာမှုတွေ တိုးနေချိန်မှာ တပ်သားသစ်တချို့ကို သင်တန်းပေးပြီး အရံ ရဲတပ်ဖွဲ့မှာ လုံခြုံရေး တာဝန်ပေးလိုက်တဲ့အကြောင်း Reuter သတင်းမှာ ရေးသားထားပါတယ်။ ဒေသဆိုင်ရာ လူ့အခွင့်အရေးအဖွဲ့တချို့ကလည်း လက်ရှိအခြေအနေမှာ ရဲတပ်ဖွဲ့အတွင်း လူမျိုးစုံ ပါဝင်သင့်တယ်လို့ ဝေဖန်ပါတယ်။ ဒီဝေဖန်ချက်အပေါ် ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေရဲ့ ကိုသိန်းထိုက်ဦး စုစည်း တင်ပြထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ အကြမ်းဖက်အဖွဲ့တွေရဲ့ တိုက်ခိုက်မှု သတင်းတွေ၊ လုံခြုံရေးအဖွဲ့တွေရဲ့ တာဝန်ယူမှု အခြေအနေပေါ် နိုင်ငံတကာက အာရုံစိုက်နေတဲ့အချိန်မှာပဲ လက်ရှိ ရဲတပ်ဖွဲ့ကို အင်အား ဖြည့်တင်းဖို့ အရပ်သား ၁၁၀ ကျော်ကို အရံရဲတပ်ဖွဲ့ဝင်တွေအဖြစ် ရက်တို သင်တန်းပေးပြီး မြန်မာအစိုးရ တာဝန်ရှိသူတွေက လုံခြုံရေးတာဝန် ထမ်းဆောင်ခိုင်းလိုက်တာပါ။ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးကြီး စိန်လွင်က အခုလို ပြောပါတယ်။

"လိုအပ်တဲ့ ရဲတပ်ဖွဲ့ဝင် အင်အားတွေကိုသာ အချိန်မှီ အပြည့်အစုံရရှိနိုင်အောင် ဖွင့်လှစ်ခြင်းပဲ ဖြစ်ပါတယ်။ ဒီမှာ သက်ဆိုင်ရာ ပြည်နယ်အလိုက်ပေါ့ ဒေသမှာ တာဝန်ထမ်းဆောင်မယ့် သူတွေလည်း ဒီမှာ ပါပါတယ်။"

အစိုးရလုံခြုံရေးတပ်ဖွဲ့တွေကို အကြမ်းဖက်သူတွေက တိုက်ခိုက်ခဲ့တဲ့ သတင်းတွေနဲ့ ဒေသခံတွေ စိုးရိမ်ထိတ်လန့်နေတာကြောင့်လည်း ရခိုင် လူငယ်တွေ အကြား ကိုယ်ဒေသကို ကိုယ် ကာကွယ်ချင်တဲ့၊ တာဝန်ယူချင်တဲ့ စိတ်တွေ ပေါ်ခဲ့ရတဲ့ အကြောင်း သင်တန်းတက်သူ တယောက်ဖြစ်တဲ့ ကိုအောင်သိန်းထွန်းက ပြောပါတယ်။

"ရင်ထဲမှာတော့ စိတ်မကောင်းဘူးဖြစ်တယ်။ ကိုယ့်လူမျိုးတွေ ကိုယ့်တိုင်းပြည် အတွက် ဖြစ်ရတာ အဲ့တာတွေကို ကူညီချင်လို့။ တဖက်တလမ်းနဲ့ နိုင်တဲ့ဘက်က တာဝန်တွေ ထမ်းဆောင်ချင်လု့ိပါ"

ဒေသတွင်း လူ့အခွင့်အရေးအဖွဲ့တခုဖြစ်တဲ့ ထိုင်းအခြေဆိုက် JURISTS SAMAN ကော်မရှင်က ဒေသဆိုင်ရာ ဒါရိုက်တာ Zia-Zarifi ကတော့ ရဲတပ်ဖွဲ့မှာ လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ ပါဝင်သင့်တယ်လို့ မြင်ပါတယ်။

"ဒီလို အခြေအနေမျိုးမှာ ရဲတပ်ဖွဲ့အသစ်အနေနဲ့ လူမျိုးစုံကို ကိုယ်စားပြုမယ်၊ ဘာသာရေးအရ မတူတဲ့သူတွေ ပါဝင်မယ်လို့ မျှော်လင့်ပါလိမ့်မယ်။ ဒါပေမယ့် ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ရှိပြီးသားရော၊ ထပ်ပြီး အင်အားဖြည့်တဲ့ ရဲတွေထဲမှာ ရိုဟင်ဂျာ လို့ ခေါ်တဲ့ မူဆလင်တွေ မပါပါဘူး။ ဒီလို လူမျိုးစုံရှိတဲ့ ဒေသမှာ ဒါမျိုး လုပ်တာက ရဲတပ်ဖွဲ့ လုပ်ငန်းတွေ မထိရောက်တဲ့အပြင် အခြေအနေ ပိုဆိုးလာနိုင်ပါတယ်။"

တင်းမာမှုတွေဖြစ်ပွားနေတဲ့အချိန် လူသစ်တွေကို သင်တန်းတွေပေးပြီး လက်နတ်တွေ တပ်ဆင်ပေးတာက အမှားတွေများနိုင်တယ်ဆိုပြီး Zia-Zarifi က ဝေဖန်ပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ဆိုပြီး ရခိုင်ပြည်နယ် ဒုရဲမှူး ရဲမှူးကြီး ခင်ကျော်က အခုစုဆောင်းတဲ့ တပ်သားတွေထဲမှာ မူဆလင်မပါဘူးဆိုတာ ဝန်ခံပေမဲ့ နိုင်ငံတဝှမ်း တာဝန်ထမ်းဆောင်မယ့်ရဲတပ်သားတွေဖြစ်ပြီး ရဲတပ်ဖွဲ့ထဲမှာ မူဆလင် ဒါမှမဟုတ် တခြားဘာသာဝင်မပါရဘူးဆိုတဲ့ စည်းကမ်းသတ်မှတ်ချက် မရှိတဲ့အကြောင်း ဗွီအိုအေကို ပြောပြပါတယ်။

" ကျနော်တို့ ရဲတပ်သားသစ် သင်တန်း ဖွင့်လှစ်တာရှိပါတယ်ခင်ဗျ။ ကျနော်တို့ ရခိုင်ပြည်နယ် စစ်တွေမြို့ထဲမှာပါပဲ။ ဒါက ကျနော်တို့ ရခိုင်ပြည်နယ်မှာ ရခိုင်ပြည်နယ်ထဲမှာ ရှိတဲ့ ရဲတပ်ဖွဲ့ ဝင်ချင်တဲ့သူတွေကို ကျနော်တို့ သတ်မှတ်ထားတဲ့ အရည်အချင်းတွေနဲ့ ပြည့်မှီတဲ့သူတွေကို စိစစ်ရွေးချယ်ပြီး သင်တန်းပေး တာဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့က ဒါ ပုံမှန်ဖွင့်နေကျ သင်တန်းပါခင်ဗျ။ အဲ့ဒီ့အထဲမှာ ကျနော်တို့ သတ်မှတ်ထားတဲ့ စံချိန်စံနှုန်းတွေ မျက်မြင် ၁၂ချက်၊ စိတ်ပိုင်း ဆိုင်ရာ ဆေးပိုင်းဆိုင်ရာတွေ စစ်ဆေးပြီးတော့မှ အားလုံး သင်တန်း တက်ရောက်နေတာ ၁၁၆ဦး ရှိပါတယ်။ မျက်မြင် ၁၂ချက်ဆိုတာကတော့ ခန္ဓာကိုယ် အစိတ်အပိုင်း အင်္ဂါစုံ မစုံပေါ့နော် အဲ့တာတွေ စစ်ဆေးတာတွေရှိတယ်။ အဲ့ထဲမှာ ဆေးမှင်ကြောင်တွေနဲ့ ပြည်သူလူထု အမြင်မသင့်တော်တာတွေ ပါ မပါကြည့်တာပေါ့နော်။ နောက်လက်ပွားတာတို့ လက်ကောက်တာတို့ သေနတ်ပစ် လို့မရတဲ့ အခြေအနေမျိုးတို့ လက်နတ်ကိုင်လို့မရတဲ့အခြေအနေမျိုးတို့အဲ့လိုစစ်ဆေးတဲ့ အမြင်ကို စစ်ဆေးတဲ့ အချက် ၁၂ချက်ရှိပါတယ်။ အဲ့ဒီ့ ၁၂ချက်နဲ့ ကိုက်ညီတဲ့သူတွေကို ပဏာမ ကျနော်တို့ ရွေးပါတယ်။ မူဆလင်တွေတော့ လက်ရှိကျနော်တို့ ဒီထဲမှာ မပါပါဘူး။ ကျနော်တို့ ဒီမှာ မြို၊ ခမီ၊ ဒိုင်းနက်၊ ချင်း၊ ဗမာ ရခိုင်ပေါ့လေ။ အဲ့ဒီ့လူမျိုးတွေတော့ ပါပါတယ်။ အားလုံးက။"

မြန်မာအစိုးရကတော့ လူ့အခွင့်အရေးအဖွဲ့တချို့နဲ့ သတင်းဌာနတွေရဲ့ ရခိုင်ပြည်နယ် အခြေအနေနဲ့ ပတ်သက်လို့ ပြောဆိုချက်တွေဟာ မှားယွင်းတယ်ဆိုပြီး ရခိုင်ပြည်နယ်ရဲ့လက်ရှိအခြေအနေ မကြာခင်ရက်ပိုင်းအတွင်းကပဲ သတင်းစာ ရှင်းလင်းပွဲ ကျင်းပခဲ့ပါတယ်။

ဒီလအတွင်း အစိုးရလုံခြုံရေးတပ်ဖွဲ့တွေနဲ့ အကြမ်းဖက်သူတွေအကြား တိုက်ခိုက်တာတွေ ပြင်းထန်လာချိန်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရာနဲ့ ချီတဲ့ အစ္စလာမ်ဘာသာဝင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ထွက်ပြေးကြောင်း သတင်းတွေ ထွက်ပေါ်နေပြီး ဒီသတင်းနဲ့ ပတ်သက်လို့ ဘင်္ဂလားဒေရှ်နိုင်ငံဘက်က တစုံတရာ အကြောင်းကြားတာ မရှိတဲ့အကြောင်း မြန်မာအစိုးရတာ ဝန်ရှိသူတွေက ငြင်းဆို ထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG