သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်မှာသုံးနေဆဲ မီးခံပြားကျောက်ဂွမ်း ကျန်းမာရေးထိခိုက်နိုင်


ရန်ကုန်မြို့ မြင်ကွင်း။
ရန်ကုန်မြို့ မြင်ကွင်း။

မြန်မာနိုင်ငံရဲ့ ရှေးဟောင်းအဆောက်အုံတစ်ချို့နဲ့ အစိုးရ ရုံးတွေမှာ လူတွေရဲ့ ကျန်းမာရေးကို ထိခိုက်နိုင်တဲ့ Asbestos လို့ခေါ်တဲ့ ကျောက်ဂွမ်းတွေ ကို တွေ့ရနိုင်တယ်လို့ ကျွမ်းကျင်ပညာရှင်တွေက ထောက်ပြကြပါတယ်။ အဆုတ်ကင်ဆာ အပါအဝင် တခြား ကျန်းမာရေး အန္တာရယ် လည်း ဖြစ်စေနိုင်တာကြောင့် ကမ္ဘာတစ်လွား နိုင်ငံတွေမှာ အသုံး ပြုမှု မရှိတော့ပေမယ့် မြန်မာနိုင်ငံမှာတော့ ကျောက်ဂွမ်းနဲ့ တည်ဆောက်ထားတဲ့ အဆောက်အအုံတွေ ကျန်ရှိနေသေးတယ်လို့လည်း ဆိုပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

မြန်မာနိုင်ငံက အထင်ကရနေရာတွေ အပါအဝင် အဆောက်အဦးတွေမှာ Asbestos လို့ခေါ်တဲ့ ကျောက်ဂွမ်းတွေကို အသုံးပြုမှုတွေ ရှိခဲ့တာကြောင့် လူတွေ ကျန်းမာရေးအတွက် အန္တရာယ်ဖြစ်စေနိုင်တဲ့အကြောင်း ကျွမ်းကျင်သူတွေက သတိပေးလိုက်ကြပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုခဲ့ကြပြီးနောက်၊ ကင်ဆာရောဂါမျိုးစုံ အပါအဝင် တခြားကျန်းမာရေး အန္တရာယ်ရှိတဲ့အတွက် နိုင်ငံပေါင်း ၅၀ ကျော်မှာ တားမြစ်ခဲ့ပေမဲ့၊ မြန်မာနိုင်ငံမှာတော့ အခုအချိန်အထိ အသုံးပြုနေဆဲ ဖြစ်တဲ့ အကြောင်း ကမ္ဘာ့ပေါ်ကထင်ရှားတဲ့ အဆောက်အဦးတွေ ထိန်းသိမ်းရေး အဖွဲ့တခုဖြစ်တဲ့ World Monument Fund က ပြောဆိုခဲ့တာပါ။ ဝါရင့် ဗိသုကာ ပညာရှင် တစ်ဦးဖြစ်တဲ့ ဦးအောင်စိုးမြင့်ကတော့ ကျောက်ဂွမ်းကြောင့် ဖြစ်နိုင်တဲ့ ကျန်းမာရေး အန္တရာယ်တွေကို အခုလို ပြောပါတယ်။

"သူက ထွက်တဲ့အမှုန်တွေကို ရှုရှိုက်ပြီး အဆုတ်နဲ့ပတ်သက်တဲ့ ရောဂါတွေ အဆုတ်ကင်ဆာတွေ ဖြစ်နိုင်ပါတယ်။ ဆောက်လုပ်ရေးလောကရဲ့ အပြောင်းအလဲမှာ အဆောက်အဦးတွေ ဆောက်ကြတယ်။ အဆောက်အဦးအဟောင်းတွေ ဖြိုဖျက်ကြတယ်။ ဖြိုဖျက်ပြီး အဆောက်အဦးသစ်တွေ ဆောက်ကြတဲ့အခါမှာ အဆောက်အဦးဟောင်းကို စနစ်တကျဖြိုဖျက်ခြင်းမရှိပဲ အလွယ်တကူ အဆောက်အဦး အိမ်ဖျက်တဲ့သူခေါ်ပြီးတော့ ဘယ်နှစ်ရက်နဲ့ အပြီးဖျက်မယ် ဆိုတော့ ဖြစ်ကတက်ဆန်း ဖျက်လိုက်ရင် ထွက်လာတဲ့ အမှုန်တွေ အောက်ကိုကျတဲ့ အမှုန်တွေ ဒါတွေကို သန့်ရှင်းရေး လုပ်ပုံလုပ်နည်းမမှန်ခဲ့ရင် လူတွေမှာ အသုံးပြုတဲ့ တစ်အချက်က ဒီလုပ်ငန်းလုပ်ကိုင်တဲ့သူတွေမှာ အနှောင့်အယှက် အကြီးအကျယ်ဖြစ်နိုင်သလို အနီးနားပတ်ဝန်းကျင်မှာ နေတဲ့ သူတွေကိုလည်း ဖြစ်နိုင်ပါတယ်။ အဓိက ကတော့ အဆုတ်နဲ့ပတ်သက်တဲ့ရောဂါ အဆုတ်ကင်ဆာပါ။"

မြန်မာနိုင်ငံမှာ ကျောက်ဂွမ်းအသုံးပြုမှုနဲ့ ပတ်သက်လို့ လေ့လာခဲ့တဲ့ မော်လမြိုင်မြို့က ပထမဆုံးနှစ်ခြင်း ခရစ်ယာန် ဘုရားကျောင်းမှာ ဆိုရင်လည်း၊ ခေါင်မိုး အစိတ်အပိုင်းတွေ မှာ ကျောက်ဂွမ်းတွေကို တွေ့ရှိခဲ့တာပါ။ ဒါပေမဲ့လည်း ကမ္ဘာတဝှမ်းမှာ အခုအချိန်အထိ ကျောက်ဂွမ်းတန်ချိန် ၂ သန်းလောက် နှစ်စဉ် ထုတ်လုပ် အသုံးပြုနေဆဲ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာတော့ ကျောက်ဂွမ်းတွေကို ကိုလိုနီခေတ် ရှေးဟောင်း အဆောက်အဦးတွေ ပြန်လည်မွမ်းမံရာမှာ အသုံးပြုခဲ့တာတွေ ရှိခဲ့သလို၊ ၁၉၆၀ ကာလနဲ့ ၁၉၉၀ ပြည့်နှစ်တွေတုန်းက ဆောက်ခဲ့တဲ့ အဆောက်အဦး အသစ်တွေမှာ အသုံးပြုမှုတွေ ရှိနေခဲ့တဲ့အတွက် ကျန်းမာရေး အန္တရာယ် ရှိနိုင်တာကိုလည်း ဒီကနေ့ ရန်ကုန်မြို့မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာ ကျွမ်းကျင်ပညာရှင်တွေ ထောက်ပြခဲ့ကြတာပါ။

လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀ ကျော်လောက်က ဆောက်ခဲ့တဲ့ အဆောက်အဦးတိုင်းမှာ ဒီကျောက်ဂွမ်းတွေကို တွေ့ရနိုင်တယ်လို့ ဦးအောင်စိုးမြင့်က သုံးသပ်ပါတယ်။

"ကိုယ့်ပတ်ဝန်းကျင် အနီးနားမှာ ရှိတဲ့အဆောက်အဦးတိုင်းမှာ တွေ့ရပါလိမ့်မယ် အခုဆို။ နောက်ပြီး အဲ့ဒီ့ တခေတ်တခါ အဲ့ဒီ့ ၁၉၆၀နဲ့ ၈၈ ကြားလောက်မှာ ဆောက်ခဲ့တဲ့ အဆောက်အဦးအားလုံးဟာ ဒီကထွက်တဲ့ Asbestos တွေနဲ့ပဲ အမိုးမိုးကြတာ မျက်နှာကျက်တွေ ရိုက်ကြတာဆိုတော့ အစိုးရအဆောက်အဦးတိုင်းလိုလို ဒါတွေ မိုးထားတာကို တွေ့ရမယ်။ နောက် ကိုလိုနီခေတ်က အဆောက်အဦး ရှေးဟောင်းအဆောက်အဦးက အုတ်ကြွပ်မိုးတွေ ပြင်မယ် ရေယိုတယ်ဆိုရင် ပြင်မယ့် အစား ခွာပြီးတော့ ပြန်ပြီး Asbestos နဲ့ မိုးထားတဲ့အဆောက်အဦးတွေကို အများကြီးတွေ့ရမယ်။ ရန်ကုန်မြို့မှာဆိုရင် တော်တော်များများသော အဆောက်အဦးတွေ ကိုကြည့်ခြင်းအားဖြင့် Asbestos တွေ မိုးတာကို ယနေ့အထိတွေ့နိုင်ပါတယ်။"

ကျောက်ကွမ်း အများအပြားကို ဖယ်ရှားလိုက်မယ်ဆိုရင် သတိထား ဆောင်ရွက် ရမှာဖြစ်ပြီး မြန်မာနိုင်ငံမှာတော့ အန္တရာယ်ကင်းစွာ ဆောင်ရွက်နိုင်မယ့် လုပ်ထုံး လုပ်နည်းတွေ မရှိသေးဘူးလို့ ပညာရှင်တွေက ထောက်ပြကြပါတယ်။

တွင်းထွက်ပစ္စည်းတမျိုးဖြစ်တဲ့ ကျောက်ဂွမ်းဟာ အပူဒဏ်၊ မီးဒဏ်နဲ့ ဓာတုပစ္စည်းတွေဒဏ်ကို ခံနိုင်ရည်ရှိသလို၊ လျှပ်ကူးမှုမရှိတဲ့ အတွက်လည်း အဆောက်အဦးတွေအပြင် စက်ကရိယာ ပစ္စည်းတချို့မှာ အသုံးပြုတာတွေ ရှိနေတယ်လို့လည်း ပြောဆိုခဲ့ကြပါတယ်။

ကမ္ဘာတဝှမ်းမှာ ကျောက်ဂွမ်းကြောင့် နှစ်စဉ် နာမကျန်းဖြစ်သူ အလုပ်သမား ခန့်မှန်းချေ တသိန်းလောက် ရှိတယ်လို့လည်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ နှစ်စဉ်ထုတ်ပြန်ချက်တွေက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG