သုံးရလွယ်ကူစေသည့် Link များ

ထင်ကြေးနဲ့ အဆိုးကိုမမျှော်ဖို့ လူငယ်တွေကို အိုဘားမားပြော


အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား
အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား

အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမားက မနေ့ စနေနေ့က လက်တင် အမေရိကနဲ့ ကာရစ်ဘီယံ ဒေသတလွှားက လူငယ် ခေါင်းဆောင် ၁၀၀၀ ကျော်နဲ့ တွေ့ဆုံတာမှာ အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရမ့်နဲ့ ပတ်သက်ပြီး အဆိုးဆုံး အခြေအနေကို ထင်ကြေးနဲ့ မျှော်လင့်မထားကြဖို့ ပြောဆိုခဲ့ပါတယ်။

ပီရူးနိုင်ငံ မြို့တော် Lima မှာ ပြုလုပ်ခဲ့တဲ့ Town-hall ပုံစုံ တွေ့ဆုံပွဲမှာ တက်ရောက်လာတဲ့ လူငယ်တွေက အမေရိကန် သမ္မတ အပြောင်းအလဲ အပေါ် စိုးရိမ်မကင်း မေးမြန်းကြတဲ့ မေးခွန်းတွေကို သမ္မတ အိုဘားမား ဖြေဆိုခဲ့တာ ဖြစ်ပါတယ်။ မျှော်လင့်ချက် မရှိရင် အခြေအနေတွေ ပိုပြီး ကောင်းအောင်လုပ်နိုင်မှာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောဆိုပြီး အကောင်းမြင်ကြဖို့ လူငယ်တွေကို တိုက်တွန်းခဲ့ပါတယ်။

ရွေးကောက်ခံ သမ္မတသစ် အပေါ်မှာ ချက်ချင်း ကောက်ချက်မချဘဲ အစိုးရအဖွဲ့သစ်ကို ဖွဲ့စည်းဖို့၊ ဖြေရှင်းရမယ့် အကြောင်းအရာတွေကို သုံးသပ်ဖို့နဲ့ ဘယ်လို မူဝါဒတွေ ချမှတ်ဆောင်ရွက်မလဲဆိုတာကို ဆုံးဖြတ်လုပ်ကိုင်ဖို့ အချိန်ပေးကြဖို့ အရေးကြီးတယ်လို့လည်း သမ္မတ အိုဘားမားက ပြောဆိုခဲ့ပါတယ်။

အမေရိကန် သမ္မတနဲ့ တခြား ကမ္ဘာ့ ခေါင်းဆောင်တွေက အာရှပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု APEC နှစ်ပတ်လည် ညီလာခံကို တက်ရောက်ဖို့ ပီရူးနိုင်ငံ မြို့တော် လီမားကို ရောက်ရှိနေကြတာ ဖြစ်ပါတယ်။ လူငယ်တွေနဲ့ Town Hall ပုံစံ အမေးအဖြေ တွေ့ဆုံမှု အပြီးမှာတော့ အမေရိကန် သမ္မတ ဘရက်ခ်အိုဘားမားက တရုတ် သမ္မတ ရှီကျင်းပင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဒီကနေ့ တနင်္ဂနွေနေ့မှာတော့ အမေရိကန် သမ္မတ အိုဘားမားက APEC ခေါင်းဆောင်တွေနဲ့ ထပ်ပြီးတွေ့ဆုံမှာ ဖြစ်ပြီး ဝါရှင်တန်ကို မပြန်ခင်မှာ သတင်းစာရှင်းလင်းပွဲလုပ်ဖို့လည်း ရှိနေပါတယ်။ တနလာၤနေ့မှာတော့ သမ္မတ အိုဘားမား ဝါရှင်တန်ကို ပြန်လည် ရောက်ရှိမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG