သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မလေးရှားမှာ ရခိုင်အရေး ဆန္ဒပွဲတွေကြောင့် မြန်မာများ သတိရှိကြဖို့ နှိုးဆော်


မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးရှေ့ ရခိုင်အရေး ဆန္ဒပြ။ (နိုဝင်ဘာ ၂၅၊ ၂၀၁၆)
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မြန်မာသံရုံးရှေ့ ရခိုင်အရေး ဆန္ဒပြ။ (နိုဝင်ဘာ ၂၅၊ ၂၀၁၆)

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေများနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံမှာရှိတဲ့နိုင်ငံရေးပါတီတွေ ဘာသာရေး အဖွဲ့အစည်းတွေ နဲ့ အစိုးရမဟုတ်တဲ့ NGOs တွေက ဦးဆောင်ပြီး မြန်မာသံရုံးကို လာရောက် ဆန္ဒပြမှုတွေ ဒီရက်ပိုင်းအတွင်း ပြုလုပ်ဖို့ရှိနေတဲ့အတွက် မလေးရှားရောက် မြန်မာနိုင်ငံ သားတွေ အထူးဂရုပြု သွားလာဖို့အတွက် မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်ချက် ထုတ်ခဲ့ပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ရခိုင်ပြည်နယ်၊ မောင်တောဒေသမှာ လက်ရှိဖြစ်ပွားနေတဲ့ အခြေအနေများနဲ့ ပတ်သက်လို့ မလေးရှားနိုင်ငံမှာ ရှိတဲ့နိုင်ငံရေးပါတီတွေဘာသာရေးအဖွဲ့အစည်းတွေ အစိုးရမဟုတ်တဲ့ NGOs တွေက ဦးဆောင်ပြီး မြန်မာသံရုံးကို လာရောက် ဆန္ဒပြမှုတွေ လုပ်ခဲ့ပြီး မလေးရှားအစိုးရ တာဝန်ရှိသူတွေကိုယ်တိုင် တိုက်တွန်းမူတွေနဲ့ လာမယ့် တနင်္ဂနွေနေ့မှာ မလေးရှားနိုင်ငံ မှာရှိတဲ့ မြန်မာ သံရုံးရှေ့မှာ ကန့်ကွက်ဆန္ဒပြပွဲတွေလုပ်ဖို့ရှိနေပါတယ်။

ဒီအတွက် မြန်မာသံရုံးဘက်ကနေ မြန်မာနိုင်ငံသားတွေ အထူးဂရုပြုသွားလာဖို့ အတွက် ဒီဇင်ဘာလ ၂ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ပါတယ်။

မလေးရှားနိုင်ငံမြန်မာသံရုံးက အလုပ်သမားသံအရာရှိ ဦးဇေယျာမင်း ကတော့ မြန်မာ အလုပ်သမားတွေအနေနဲ့ သတိဝီရိယရှိဖို့ သတိပေးနေတယ်လို့ ဆိုပါတယ်။

"ဘာတွေပြောချင်လဲဆိုတော့ ကျနော်တို့ကတော့ ဒီအလုပ်သမားတွေကို ကိုယ့်ဘာသာကိုယ် စည်းစည်းလုံးလုံး သိုက်သိုက်ဝန်းဝန်းနေဖို့ပဲ။ အခုကြုံတိုင်း စက်ရုံဆင်းရင်လည်း ဒါပဲပြောတာပဲလေ။ ဘယ်ပဲသွားသွား သွားလေရာ လာလေရာကအစ သတိဝီရယနဲ့ပေါ့။"

ပြီးခဲ့တဲ့ရက်ကပဲ လူအင်အား ၅၀၀၀ခန့်လောက်နဲ့ မလေးရှားနိုင်ငံမြန်မာသံရုံရှေမှာ ရခိုင်ပြည်က ရိုဟင်ဂျာ မူဆလင်တွေရဲ့အရေးနဲ့ ပတ်သက်လို ကန့်ကွက်ခဲ့အပြီး ဒီ့ထက်အင်အားများများ ပူးပေါင်းပါဝင်ဖို့အတွက် မလေးရှားအစိုးရ တာဝန်ရှိသူတွေ ကိုယ်တိုင် တိုက်တွန်းမူတွေလည်းရှိနေတာပါ။

ဒီအတွက် မလေးရှားရောက်မြန်မာတွေအနေနဲ့ စိုးရိမ်ပူပန်မူတွေ ရှိတဲ့အတွက် အသွားအလာဆင်ခြင်နိုင်ဖို့အတွက်လည်း မလေးရှားရောက်မြန်မာတွေ အချင်းချင်းကြား မှာလည်း တိုက်တွန်းမူတွေ ရှိနေတယ်လို့လည်း မလေးရှားရောက် မြန်မာနိုင်ငံသားတဦးကလည်း ပြောပါတယ်။

"ဒီဘက်မှာ ဘာပဲဖြစ်ဖြစ် သူတို့ဘက်က ဒီလိုတွေဖြစ်နေပြီဆိုတော့ ကျေျနာ်တို့မှာ အသွားအလာတွေ ဆင်ခြင်ရတာတွေရှိတယ်။ ဒီလိုပဲ သတိတော့ထားနေရတာပေါ့ ကျနော်တို့ ဒီဘက်မှာ။"

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်တွင်းမှာ ဖြစ်ပွားနေတဲ့ အကြမ်းဖက်မူဖြစ်စဉ်တွေအပြီး ရိုဟင်ဂျာ မူဆလင်တွေအပေါ်မှာ ဖိနှိပ်မူတွေ ရှိနေတယ် ဆိုပြီး ပြီးခဲ့တဲ့ ရက်တွေကပဲ ဒေသတွင်းနိုင်ငံတွေက မြန်မာအစိုးရကို ကန့်ကွက်မူတွေ ဝေဖန် မူတွေလည်း ရှိနေတာပါ။

ဒါအပြင် မလေးရှား အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေက မြန်မာသံရုံးတွေရှေ့မှာ ကန့်ကွက်ဆန္ဒပြမူတွေ ရှိနေသလို နိုင်ငံတကာလူအခွင့်ရေးအဖွဲ့အစည်းတွေနဲ့ ကမ္ဘာ့ကုလသမဂ္ဂ ကိုယ်တိုင်က ရခိုင်ပြည်အရေး စုံစမ်းစစ်ဆေးပေးဖို့ အတွက် တောင်းဆိုခဲ့တာကြောင့် မြန်မာအစိုးရဘက်က ဒုသမ္မတ ဦးမြင့်ဆွေ ဥက္ကဋ္ဌအဖြစ် ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်တခု ထပ်မံဖွဲ့စည်းခဲ့ပါတယ်။

ဒီစုံစမ်းရေးကော်မရှင်အနေနဲ့ ရခိုင်ပြည်မောင်တောမြို့မှာ အောက်တိုဘာလ ၉ရက်နေ့နဲ့ နိုဝင်ဘာလ ၁၂ နဲ့ ၁၃ရက်ေတွေမှာဖြစ်ပွားခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်လို့ စုံစမ်းစစ်ဆေးဖို့အတွက် ဖွဲစည်းခဲ့တာဖြစ်ကြောင်းနဲ့ ဒီအစီရင်ခံစာကို ၂၀၁၇ခုနှစ် ဇန်ဝါရီလကုန်မှာ တင်ပြဖို့အတွက် သမ္မတဦးထင်ကျော် လက်မှတ်နဲ့ တာဝန်ပေးခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG