သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဖီအာနန် ရခိုင်အရေး အကြံကောင်းပေးနိုင်ရေး ဆွေးနွေး


ကိုဖီအာနန် စက်တင်ဘာ ၂၀၁၆ တုန်းက သတင်းစာရှင်းလင်းပွဲလုပ်စဉ်
ကိုဖီအာနန် စက်တင်ဘာ ၂၀၁၆ တုန်းက သတင်းစာရှင်းလင်းပွဲလုပ်စဉ်

မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန် ဟာ လာမယ့် သောကြာနေ့မှာ ကော်မရှင် အဖွဲ့ဝင်တွေနဲ့အတူ ရခိုင် ပြည်နယ်ကို သွားရောက်ဖို့ ရှိပါတယ်။ လတ်တလော ရန်ကုန်မှာ ရောက်နေတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ အာနန် ဟာ ဒီကနေ့မှာတော့ ရန်ကုန်မြို့မှာ ကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံပြီး ခရီးစဉ်အကြောင်း ဆွေးနွေးခဲ့တာရှိသလို ကုလသမဂ္ဂအဖွဲ့ဝင် တစ်ချို့နဲ့လည်း တွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကိုတော့ ဆက်သွယ်မေးမြန်းထားတဲ့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ပဋိပက္ခဖြစ်ပွားရာ ရခိုင်ဒေသကို သွားရောက်လေ့လာမယ့် ရခိုင်အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်ဟာ ဒီကနေ့ ရန်ကုန်မြို့မှာ ကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ပြီးခဲ့တဲ့ တစ်ခေါက် ကော်မရှင်အဖွဲ့ဝင်တွေ သွားရောက်လေ့လာခဲ့တဲ့ ရခိုင်ပြည် ခရီးစဉ်အတွင်း တွေ့ရှိချက်တွေနဲ့ ပဋိပက္ခဖြစ်ပွားရာ မောင်တောဒေသက အခြေအနေတွေကို ကိုယ်တိုင် ကိုယ်ကျ သွားရောက်လေ့လာဖို့အတွက် ဆွေးနွေးခဲ့တယ်လို့ ကော်မရှင် အဖွဲ့ဝင် ဒေါ်စောခင်တင့်က ပြောပါတယ်။

“ကိုဖီအာနန်မပါပဲနဲ့ပေါ့နော်အန်တီတို့ ရခိုင်ပြည်နယ်သွားတဲ့အခါမှာ တွေ့ခဲ့ရတဲ့ ကြားခဲ့ရတဲ့ စကားသံတွေကို ဒါတွေအကုန်လုံးကို အန်တီတို့ဆွေးနွေးကြတာပါ။ အခုတခေါက်မှာလည်း ဒီတခေါက်သွားမယ့်ဟာမှာ အရင်ကဟာတွေအပေါ်မှာ Base လုပ်ပြီးတော့ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ပြဿနာတွေကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်းသိအောင်ပေါ့ ကိုယ်တိုင်သွား ကြည့်ကြမယ်ပေါ့ ဒါမျိုးတော့ အန်တီတို့ဆွေးနွေးပါတယ်။ ပြီးတော့ ကောင်းတဲ့အကြံ ဉာဏ်တွေများရနိုင်မလဲပေါ့နော် ၊ ပြီးတော့ ပြည်သူလူထုတွေမှာ ဒီထက်ကောင်းတဲ့ အကြံ ဉာဏ်တွေများရနိုင်မလဲပေါ့နော် ဒါတွေအပေါ်မှာ အများကြီးဆွေးနွေးကြပါတယ်။”

မစ္စတာ အာနန်နဲ့ အဖွဲ့ဝင်တွေဟာ ရခိုင်ပြည်နယ် ခရီးမစခင်မှာ ကုလသမဂ္ဂ တာဝန်ရှိသူ တစ်ချို့နဲ့လည်း ဒီကနေ့မှာ တွေ့ဆုံခဲ့ပါသေးတယ်။ ဒါ့အပြင် ပဋိပက္ခဖြစ်ပွားရာ ဘူးသီးတောင် မောင်တော ဒေသအပါအဝင် တခြား မြို့တွေကို သွားရောက်လေ့လာဖို့ရှိသလို အစိုးရ တာဝန်ရှိသူတွေနဲ့ကော အရပ်ဘက်လူ့အဖွဲ့အစည်းတွေနဲ့ပါ တွေ့ဆုံဖို့ ရှိတယ်လို့ ဒေါ်စောခင်တင့်က ပြောပါတယ်။

“ဟုတ်အန်တီတို့ကတော့ ၂ ရက်နေ့ ရောက်၊ ၂ ရက်နေပြီးတော့ ၄ ရက်နေ့တော့ နေပြည်တော်ပြန်မှာပါ။ ရခိုင် ၂ ရက် နေပြည်တော် ၂ ရက်ပေါ့နော်။

မေး။ ။ ဟုတ်ကဲ့အန်တီ အဲဒီ ရခိုင်ပြည်ခရီးစဉ်မှာကော ဘယ်သူတွေနဲ့ တွေ့ဆုံဖို့ ရှိပါသလဲ။

ဖြေ။ ။ အန်တီတို့ကတော့ ရခိုင်အစိုးရ နဲ့လည်းတွေ့ဆုံဖို့ရှိပါတယ်။ မြို့မိမြို့ဖနဲ့လည်းတွေ့ဆံလို့ရအောင်၊ နောက် ရခိုင်အမျိုးသမီး၊ လူငယ်အဖွဲ့တွေနဲ့လည်း တွေ့မယ်ဆိုပြီးတော့ အစီအစဉ်လုပ်ထားပါတယ်ရှင့်။”

ပြီးခဲ့တဲ့ လအစောပိုင်းက နယ်ခြားစောင့်တပ်တွေကို အကြမ်းဖက် တိုက်ခိုက်ခဲ့ရာကနေ အစပြုခဲ့တဲ့ မောင်တောနဲ့ ဘူးသီတောင် ဒေသက ပဋိပက္ခတွေမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းမှုတွေဟာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ သတင်းတွေကြောင့် စိုးရိမ်မကင်းကြောင်း ကုလသမဂ္ဂ တာဝန်ရှိသူတွေရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်နေချိန်မှာပဲ ရခိုင်ကော်မရှင်ဥက္ကဋ္ဌ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာပါ။ အင်္ဂါနေ့မှာတုန်းကလည်း ကုလသမဂ္ဂ လူ့အခွင့်အရေးကော်မရှင်နဲ့ လူမျိုးတုန်းသတ်ဖြတ်မှု တားဆီးရေး ကုလသမဂ္ဂဆိုင်ရာ အထူးကိုယ်စားလှယ်တို့က ရခိုင်ပြည်နယ်က အခြေအနေတွေကို အမြန်ဆုံး စုံစမ်းစစ်ဆေးဖို့ တိုက်တွန်းကြောင်း ကြေညာချက်တွေ အသီးသီး ထုတ်ပြန်ခဲ့ကြပါတယ်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ အာနန် ဦးဆောင်တဲ့ ကော်မရှင် အဖွဲ့ဝင်တွေကတော့ ပဋိပက္ခဖြစ်ရာဒေသတွေကို သွားရောက်မှာ ဖြစ်ပြီး အဲဒီ့ဒေသတွင်းက နှစ်ဘက် အသိုင်းအဝိုင်း ဒုက္ခသည်စခန်းတွေကိုလည်း သွားရောက်လေ့လာဖို့ စီစဉ်ထားတယ်လို့လည်း ကော်မရှင်အဖွဲ့ဝင် ဒေါ်စောခင်တင့်က ဆိုပါတယ်။

“စစ်တွေမှာတော့ Camp တွေကိုမသွားတော့ဘူး ကျမတို့ မောင်တောမှာတော့ သွားဖို့ အစီအစဉ်ရှိတယ်။ မောင်တောခရီးစဉ်မှာတော့ ရခိုင် IDP တွေရော ၊ ဒီမူဆလင် camp တွေရောသွားမှာပါ။ မောင်တောမှာ သွားသင့်သွားထိုက်တဲ့နေရာတွေပဲသွားမှာပါ။ မောင်တောပြီးတော့ ဘူးသီးတောင်လည်း ရောက်မှာပါ၊ ရပ်မိရပ်ဖနဲ့တွေ့ဆုံပြီးတော့ အန်တီတို့ပြောမှာပါ။ ဒီကအဆင်ပြေတယ်ဆိုရင် မြေပုံလည်းဝင်မှာပါ။”

ရခိုင် အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာ ကိုဖီအာနန်အနေနဲ့ ပြီးခဲ့တဲ့ တစ်ခေါက် ရခိုင် ဒေသကို သွားရောက်လေ့လာခဲ့စဉ်မှာတော့ နှစ်ဖက် အသိုင်းအဝိုင်းကြား ဖိနှိပ်ချုပ်ခြယ်မှုတွေ မတွေ့ခဲ့ရဘူးလို့ ပြောဆိုထားပါတယ်။ ဒါပေမဲ့ အောက်တိုဘာလ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်စဉ်ကိုတော့ ကော်မရှင် အနေနဲ့ ပြင်းပြင်းထန် ထန် ကန့်ကွက်သလို ကော်မရှင် ဥက္ကဌတစ်ယောက်အနေနဲ့လည်း ဒီ့အပေါ်မှာ အလွန်အမင်း စိုးရိမ် မကင်း ဖြစ်ရကြောင်း ပြောဆိုပါတယ်။ ရခိုင်အကြံပေး ကော်မရှင်အနေနဲ့ လက်ရှိ ဖြစ်ပျက်နေတဲ့ မြေပြင်အခြေအနေတွေအပါအဝင် သူတို့ လေ့လာထားတဲ့ အချက်အလက်တွေကို နောက်နှစ် အစောပိုင်းမှာ ကြားဖြတ်အစီရင်ခံစာ တစ်ရပ် တင်သွင်းသွားဖို့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG