သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုဖီအာနန်း ရခိုင်ခရီးစဉ်အပေါ် ဒေသခံတွေ မှေ ျာ်လင့်ချက် မကြီးမား


2019 YALI Mandela Washington Fellows
2019 YALI Mandela Washington Fellows

ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်လို့ သိပ်ပြီး မျှော်လင့်ချက် မထားမိကြောင်း ရခိုင် စေတနာ့ဝန်ထမ်း အဖွဲ့ တချို့က ပြောဆိုပါတယ်။ အင်္ဂါနေ့က ရန်ကုန်မြို့ကို ရောက်ရှိလာတဲ့ ကိုဖီအာနန် ရဲ့ မြန်မာပြည်ခရီးစဉ် အစမှာပဲ အခုလို ပြောဆိုလိုက်တာပါ။ ဆက်သွယ်မေးမြန်း ထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ဘယ်ပုံဘယ်နည်း လုပ်ဆောင်သင့်တယ်ဆိုတာ မြန်မာအစိုးရကို အကြံပေးနိုင် ဖို့အတွက် ရခိုင် အကြံပေးကော်မရှင်အဖွဲ့ဟာ ရခိုင်ပြည်နယ်ကို သွားရောက်လေ့လာ ကြားနာလေ့ ရှိပါတယ်။ ရခိုင်အကြံပေးကော်မရှင်ရဲ့ဥက္ကဌ မစ္စတာ ကိုဖီအာနန်ရဲ့ အခုတခေါက် မြန်မာပြည်ခရီးစဉ်ကတော့ ဒုတိယအကြိမ်မြောက်ဖြစ်ပြီး စစ်တွေမြို့ အပါအဝင် ပဋိပက္ခဖြစ်နေတဲ့ မောင်တောဒေသနဲ့ အခြားသော မြောက်ဦး၊ မြေပုံ စတဲ့မြို့တွေကိုပါ သွားရောက်ဖို့ရှိတယ်လို့ အကြံပေးကော်မရှင် အဖွဲ့ဝင်တဦးက VOA ကို ပြောခဲ့ပါတယ်။

ဒါပေမယ့် ကိုဖီအာနန်ရဲ့ ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်လို့ သိပ်ပြီးမျှော်လင့်ချက် မထားမိကြောင်း လူမှုကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ စစ်တွေအခြေစိုက် ဝံလက်ဖေါင်ဒေးရှင်းရဲ့ ဒါရိုက်တာအဖွဲ့ဝင် ရခိုင်တိုင်းရင်းသား ကိုထွန်းမြင့်သိန်း က ပြောပါတယ်။

“ ကိုဖီအာနန်တို့ ကော်မရှင်အဖွဲ့ကတော့ ဒီကို လာနေတာပဲပေါ့နော်၊ သူတို့က ဒီအစိုးရကို အကြံအဉာဏ်ပေးတာတို့ အဲဒါမျိုးပဲ လုပ်သွားမယ်။ အရေးကြီးတာက သူတို့ရဲ့အစီရင်ခံစာအပေါ်မှာ ဒီအစိုးရက ဘယ်လောက် အတိုင်းအတာထိ Action ယူမလဲ ဒါကလဲ တပိုင်းအရေးကြီး တာပေါ့။ ရခိုင်လူထု အနေနဲ့ကတော့ ကိုဖီအာ နန်ကော်မရှင်ကို တော်တော်များများက လက်မခံကြတဲ့ သဘောမှာရှိတယ်။ လက်မခံတဲ့ အတွက်ကြောင့် သူတို့လာတဲ့အပေါ်မှာ ရခိုင်လူထုအတွက် အပြောင်း အလဲ ဖြစ်သွားလိမ့်မယ် တည်ငြိမ်သွားလိမ့်မယ်လို့တော့ မျှော်လင့်ချက် တော့ မရှိဘူး။ ကျနော်တို့ ဝံလက်အပါအဝင် တခြားလူမှုအဖွဲ့အစည်း တော်တော်များများ ကတော့ ရှောင်ပြီးတော့နေ ကြလိမ့်မယ် ”

မစ္စတာ ကိုဖီအာနန်ရဲ့ ဒီခရီးစဉ်ကို ဒေသခံ ရခိုင်တိုင်းရင်းသားတွေက ဆန္ဒပြကြ မယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပါတယ်။

ရခိုင် အကြံပေးကော်မရှင်က ဒီတခေါက် သွားရောက်ဖို့ရှိတယ်ဆိုတဲ့ မောင်တောေ ဒသမှာ ရခိုင်တိုင်းရင်းသားတွေအတွက် ခုချိန်ထိ လုံခြုံမှုမရှိ သေးဘူးလို့ ကိုထွန်းမြင့် သိန်းက ပြောပါတယ်။

“ ဒီမောင်တောဖက်က ရခိုင်ကွန်မြူနတီကတော့ မလုံခြုံဘူးဗျ။ ကိုယ့်ပြည်မှာ နေပါ လျှက်နဲ့ ကိုယ့်မြေမှာနေ ပါလျှက်နဲ့ ကျနော်တို့ရဲ့ နယ်မြေ တွေကို ကြူးကျော်သလို ခံစားနေရတယ် ဆိုတဲ့အသိက ရခိုင်အတော်များများမှာ အမြဲတမ်းရှိနေတယ်။ ဒါကြောင့်မို့လို ဘူးသီးတောင် မောင်တောဖက်တွေမှာ လုံခြုံတယ်လို့ ဘယ် လိုမှ ပြောလို့မရဘူး။ လူတွေက အများသောအားဖြင့် စစ်တွေဖက်နဲ့ တခြား မြို့တွေ ဖက်ပေါ့နော်၊ တဖြည်းဖြည်းနဲ့ ပြောင်းလာနေကြပြီလေ ”

အကြမ်းဖက်တိုက်ခိုက်ခံရတဲ့ မောင်တောဒေသမှာ တပ်မတော်နဲ့ရဲတွေရဲ့ နယ်မြေ ရှင်းလင်းရေး စစ်ဆင်မှုအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ရှိနေတယ်ဆိုတဲ့ သတင်းတွေထွက်နေချိန်မှာပဲ ရခိုင်အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန် အဲဒီဒေသကို သွားရောက်လေ့လာမှာဖြစ်တဲ့ အတွက် ဒါဟာကြိုဆိုရမယ့်ကိစ္စ ဖြစ်ပေမယ့် ဒေသခံမူဆလင်တွေအတွက်တော့ အကျိုးရှိမှာ မဟုတ်ဘူးလို့ မူဆလင် တဦး ဖြစ်တဲ့ ဦးတင်စိုးက ပြောပါတယ်။

“ ဒါက အကျိုးမရှိနိုင်ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ သူတွေ့မယ့်လူက အစိုးရကိုယ်တိုင် စီစဉ်ပေးထားတဲ့ လူတွေနဲ့ပဲ တွေ့နိုင်မယ်၊ တကယ့် ဒုက္ခ ခံစားနေရတဲ့ လူတွေနဲ့တွေ့နိုင်မယ်လို့ ကျနော်မထင်ဘူး။ ဘာလို့လဲဆိုတော့ သူသေချာမစစ် ဘူး၊ ခေါ်လာပေးတဲ့သူတွေကလည်း အစိုးရရဲ့ လူတွေကိုပဲ သူတွေ့ခွင့်ရမှာ၊ တကယ့် ခံရတဲ့ လူငယ်တွေကိုတော့ သူတွေ့ခွင့် ရမှာမဟုတ်ဘူး လူကြီးပိုင်းနဲ့ပဲ တွေ့ခွင့်ရမှာ ”

ရခိုင်ပြည်နယ်မှာ ဒေသခံ ရခိုင်နဲ့မူဆလင် လူမှုအသိုင်းအဝိုင်း နှစ်ဖက်ကြား အပြန်အလှန်ယုံကြည်မှုတွေ လျော့ကျလျှက်ရှိပြီး ပြသနာတွေပြေ လည်ဖို့ဆိုရင် အချိန်ယူရဦးမှာ ဖြစ်တယ်လို့ ဝံလက်ဖေါင်ဒေးရှင်းက ကိုထွန်းမြင့်သိန်းက သုံးသပ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ငြိမ်းချမ်းရေးနိုဘဲလ်ဆုရှင် မစ္စတာ ကိုဖီအာနန် ဟာ ရခိုင်အကြံပေးကော်မရှင်ဥက္ကဌ အဖြစ်နဲ့ ပြီးခဲ့တဲ့ စက်တင်ဘာ ၃ ရက်နေ့ တုန်းက မြန်မာနိုင်ငံကို ပထမခရီးစဉ်အဖြစ် လာရောက်ခဲ့ပြီး သူ့ခရီးစဉ်အတွင်း နိုင် ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့သလို၊ ရခိုင်ပြည်နယ် အစိုးရ အဖွဲ့ဝင်တွေနဲ့ရော ရခိုင်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တချို့နဲ့ပါ တွေ့ ဆုံ သွားခဲ့ပါတယ်။ ကိုဖီအာနန်ရဲ့ပထမခရီးစဉ်အတွင်း စစ်တွေလေဆိပ်အရောက် မှာ ဒေသခံတွေက သူ့ကို ဆန္ဒပြကန့်ကွက်ခဲ့ကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG