သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံတကာ သတင်းစာတစောင်နဲ့ အွန်လိုင်းသတင်းဌာနတခုကို မြန်မာအစိုးရ တရားစွဲမည်


ဒီဇင်ဘာလ ၇ ရက်နေ့ရက်စွဲထုတ် Daily Mail သတင်း အွန်လိုင်းစာမျက်နှာ။ သတင်းဓာတ်ပုံ-(State Counsellor Office Information Committee)
ဒီဇင်ဘာလ ၇ ရက်နေ့ရက်စွဲထုတ် Daily Mail သတင်း အွန်လိုင်းစာမျက်နှာ။ သတင်းဓာတ်ပုံ-(State Counsellor Office Information Committee)

ဗြိတိန်နိုင်ငံထုတ် Daily Mail သတင်းစာ နဲ့ စင်ကာပူနိုင်ငံမှ theindependent.sg သတင်း ဌာန ကို မြန်မာအစိုးရက တရားစွဲဖို့ စီစဉ်နေပါတယ်။ အခြားနိုင်ငံမှာဖြစ်နေတဲ့ သတင်းတခုကို Daily Mail သတင်းစာက မြန်မာနိုင်ငံမှာ ဖြစ်နေသလို လုပ်ကြံရေးသားခဲ့ပြီး၊ theindependent.sg သတင်းစာမျက်နှာကတော့ ဒေါ်အောင်ဆန်းစုကြည် ပြောဆိုချက်ကို မဟုတ်မမှန်ရေးသား လုပ်ကြံထားတဲ့ ဗီဒီယိုကို ကိုးကား ဖေါ်ပြခဲ့တဲ့အတွက် ဒီလို တရားစွဲဖို့ စီစဉ်တာဖြစ် တယ်လို့ သမ္မတရုံးပြောခွင့်ရက ဆိုပါတယ်။ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

Daily Mail ကို အဓိက တရားစွဲဖို့စီစဉ်ရတဲ့ အကြောင်းရင်းက ဒီဇင်ဘာလ ၇ ရက်နေ့ရက်စွဲထုတ် Daily Mail သတင်း အွန်လိုင်းစာမျက်နှာမှာ Dave Burke ရေးထားတဲ့ မြန်မာနိုင်င်ငံမှာ ရိုဟင်ဂျာ မူဆလင် လူနည်းစုတွေကို ဆက်ပြီး ညှမ်းပန်းနှိပ်စက်နေဆဲဆိုတဲ့ သတင်းဆောင်းပါးဖြစ်ပါတယ်။

အဲဒီသတင်းဆောင်းပါး ခေါင်းစဉ်မှာ ကြေကွယ်စရာကောင်းတဲ့ပုံရိပ်အဖြစ် ရိုဟင်ဂျာ ကလေးငယ်တဦးကို မြန်မာစစ်သားတဦး နှိပ်စက်နေတဲ့ဓါတ်ပုံ ဆိုပြီး ရေးသားဖေါ်ပြခဲ့ပါတယ်။ အမှန်တကယ်တော့ အဲဒီသတင်းမှာဖေါ်ပြခဲ့တဲ့ ဓါတ်ပုံတွေဟာ ကမ္ဘောဒီးယားနိုင်ငံ Mondulkiri ပြည်နယ်မှာ လမ်းလျှောက်တက်ခါစ ကလေးငယ်တဦးကို သူရဲ့မိခင် ယာခင်းထဲမှာ အလုပ်လုပ်နေတဲ့အချိန် ဗီယက်နမ်နိုင်ငံသား အလုပ်သမားတဦးကနေ အဲဒီကလေးကို နည်းမျိုးစုံနဲ့ ညှင်းပမ်းနှိပ်စက်နေတာဖြစ်ပါတယ်။

ကြောက်လန့်ငိုယိုနေတဲ့ကလေးငယ်ကို သူကိုယ်တိုင် ကျင်စက်နဲ့တို့ပြီး နှိပ်စက် ညှင်းပမ်းနေပုံတွေကို ဗီယက်နမ်အမျိုးသားက ကိုယ်တိုင် ဗီဒီယိုရိုက်ပြီး အင်တာနက်ပေါ်မှာ တင်ခဲ့တဲ့အတွက် အွန်လိုင်းမှာ ပြန့်နှံ့သွားပြီး ကမ္ဘောဒီယား တနိုင်ငံလုံး အမျက်ဒေါသထွက်ခဲ့ကြပါတယ်။ ညှင်းပမ်းနှပ်စက်တဲ့ ဗီယက်နမ်နိုင်ငံသား Nguyen Thanh Dung ကို ဗီယက်နမ်အာဏာပိုင်တွေ ဖမ်းဆီးထားပြီး ကမ္ဘောဒီယားအစိုးရကတော့ အဲဒီသူကို သူတို့နိုင်ငံကို လွှဲပြောင်းပေးဖို့ တောင်းဆိုထားပါတယ်။

အခုလို ကမ္ဘောဒီယားနိုင်ငံမှာဖြစ်ခဲ့တဲ့အဖြစ်အပျက်ကို မြန်မာနိုင်ငံမှာ ဖြစ်သယောင် မှားယွင်းရေးသားခဲ့တဲ့သတင်းကို Daily Mail သတင်းစာရဲ့ အွန်လိုင်း စာမျက်နှာကနေ နောက်ပိုင်းမှာ ပြန်ပြီး ဖြုတ်ချခဲ့ပေမဲ့ အခြားအွန်လိုင်း အသုံးပြုသူတွေ က Daily Mailရဲ့ သတင်းအမှားကိုပဲ ကိုးကားပြီး ဖေါ်ပြနေဆဲဖြစ်တဲ့ အတွက် မြန်မာ အစိုးရဘက်က Daily Mail ကို တရားစွဲဖို့ စီစဉ်ရတာဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက ဗွီအိုအေကို ပြောပါတယ်။

" အဲ့ဒီ့ Daily Mailရဲ့ ရေးသားချက်ကိုပဲ ကျန်တဲ့ ဘလော့ခ်တွေ ဝဘ်ဆိုက်ဒ်တွေမှာ Source ကို Daily Mail ကို ဖော်ပြပြီးတော့ ကျန်နေတယ်။ တွစ်တာမှာလည်း အဲ့တာကို screenshot နဲ့ ဝေမျှနေတာတွေ အများကြီး။ FB လည်းပါတယ်ပေါ့နော်။ အဲ့တော့ Daily Mail က အခြားနိုင်ငံက ဖြစ်တဲ့အကြောင်းအရာကို ကျနော်တို့နိုင်ငံမှာ တပ်မတော်က နှိပ်စက်ညှင်းပမ်းတယ်လို့ ပြောတဲ့ ရေးသားခဲ့တဲ့ ရေးသားချက်တွေကို သူ တာဝန်တခုတော့ ယူရမယ်။ သို့သော် ယနေ့အချိန်အထိ ဘာမှ တာဝန်ယူမှု၊ တာဝန်ခံမှု မရှိဘူးပေါ့နော်။

နိုင်ငံတကာဥပဒေတွေနဲ့ အညီ ဘယ်လိုတရားစွဲမလဲဆိုတာကိုတော့ ဦးဇော်ဌေးက အခုလိုရှင်းပြပါတယ်။

" ကျန်တဲ့နိုင်ငံတွေမှာ အစိုးရတွေမှာ မီဒီယာတခုနဲ့ မဟုတ်မမှန်ဖြစ်ခဲ့တယ်ဆိုရင် အသရေဖျက်မှုကြောင့် အကျုံးဝင်နိုင်တဲ့ နိုင်ငံတကာ လုပ်လို့ရတဲ့ ဥပဒေကြောင်းအရ ကျနော်တို့ လေ့လာပါမယ်။ လေ့လာပြီးရင် သက်ဆိုင်ရာ တရားရုံးက ဘယ်လိုတရားရုံးဆိုရင် သင့်တော်မလဲ။ အဲ့နိုင်ငံမှာဆိုရင် ဘယ်လို Law တွေရှိလဲ။ ဒါတွေ အကုန်လုံး အသေးစိတ် လေ့လာပြီးမှ ကျနော်တို့ လုပ်မှာဖြစ်ပါတယ်။ ကျျနော်တို့ ပြည်ထောင်စုအစိုးရအဖွဲ့အတွင်း ပြည်ထောင်စုရှေ့နေချုပ်ရုံးရှိတယ်။ အဲ့တာနဲ့ ဆွေးနွေးတိုင်ပင်၊ တိုင်ပင်ပြီးတော့ ဗြိတိန်နိုင်ငံရဲ့ တည်ဆဲဥပဒေ အနေအထားတွေကို လေ့လာမယ်။ အဲ့ဒီ့နိုင်ငံမှာဖြစ်ခဲ့တဲ့ မီဒီယာနဲ့ဖြစ်ခဲ့တဲ့ဖြစ်စဉ်တွေကို လေ့လာမယ် လေ့လာပြီးရင်တော့ ဆောင်ရွက်သွားမယ်ပေါ့။ "

အလားတူ theindependent.sg အွန်လိုင်း သတင်းစာမျက်နှာမှာလည်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်္ကာပူနိုင်ငံရောက် မြန်မာတွေနဲ့ တွေ့ဆုံပွဲမှာ ပြောကြားချက်တွေကို မဟုတ်မမှန်ဖြည့်စွက်ပြီး အင်္ဂလိပ်လိုဘာသာပြန် ရေးထားတဲ့ Youtube ဗီဒီယိုတခုကို ကိုးကားပြီး ဒီဇင်ဘာလ (၅)ရက်နေ့ ရက်စွဲနဲ့ ဖေါ်ပြခဲ့ပါတယ်။

အဲဒီသတင်းခေါင်းစဉ်မှာ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုန်းသတ်ဖြတ်နေတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်တဲ့ မေးခွန်းကို စင်္ကာပူရောက်နေတဲ့ ဒေါ်အောင်ဆန်းစုကြည်က ရယ်မောပြီး တုန့်ပြန်ခဲ့တယ်လို့ ရေးသားထားပါတယ်။

အမှန်တကယ်မှာတော့ စင်္ကာပူရောက် မြန်မာနိုင်ငံသားတဦးက တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ကို စာနဲ့ရေးသားပြီးမေးခဲ့တာက- မြန်မာအစိုးရသစ်ရင်ဆိုင်နေရတဲ့ အခက်အခဲတွေမှာ လုပ်ကြံဖန်တီးထားတဲ့ အခက်အခဲတွေမြင်နေရပြီး ဘေးဆိုင်တွေတီးပြီး ဒုက္ခပေးနေတဲ့သူတွေရဲ့ လုပ်ရပ်အပေါ် ဒေါ်အောင်ဆန်းစုကြည်ဘယ်လိုမြင်ပါသလဲ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ပြန်ဖြေတာကလည်း အခုလိုဘေးဆိုင်းတွေ တီးတယ်ဆိုတာကို သိနေတာက အကူအညီတခုဖြစ်ပြီး ဘေးဆိုင်းတွေ တီးနေလို့ရှိရင် ကိုယ့်ဆိုင်းလေးနဲ့ ပြန်တီးလိုက်ပေါ့ဆိုပြီး ဟာသနှောပြီး ပြောဆိုသွားတာဖြစ်ပါတယ်။

အခုလို စင်ကာပူ သတင်းအွန်လိုင်းစာမျက်နှာဖြစ်တဲ့ theindependent.sg မှာ ဖေါ်ပြထားတဲ့ မှားယွင်းတဲ့ သတင်းနဲ့ပတ်သက်လို့ The Independent ဘက်က မီဒီယာကျင့်ဝတ်နဲ့ အညီ တုန့်ပြန်ဖြေဆိုတာမျိုးမရှိတဲ့ အတွက် နိုင်ငံတကာ ဥပဒေကြောင်းနဲ့အညီ မြန်မာအစိုးရဘက်က တရားစွဲဖို့ စီစဉ်နေကြောင်း ဦးဇော်ဌေးကပြောပါတယ်။

နိုင်ငံတကာမှာ သတင်းဌာနတွေကို မြန်မာနိုင်ငံအစိုးရအနေနဲ့ တရားစွဲဖို့ စီစဉ်တာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

နိုင်ငံတကာ သတင်းစာကြီးနှစ်စောင်ကို မြန်မာအစိုးရ တရားစွဲမည်
please wait

No media source currently available

0:00 0:04:56 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG