သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၆ ခုနှစ် မြန်မာနိုင်ငံအတွင်းက ထူးခြားဖြစ်စဉ်တချို့


အစိုးရအာဏာလွှဲပြောင်းခြင်းအခမ်းအနား၊ သမ္မတသစ် ဦးထင်ကျော်နဲ့ သမ္မတဟောင်း ဦးသိန်းစိန်။(မတ်၊၃၀၊၂၀၁၆)
အစိုးရအာဏာလွှဲပြောင်းခြင်းအခမ်းအနား၊ သမ္မတသစ် ဦးထင်ကျော်နဲ့ သမ္မတဟောင်း ဦးသိန်းစိန်။(မတ်၊၃၀၊၂၀၁၆)

၂၀၁၆ နှစ်ဟောင်းကုန်ဆုံးလို့ ၂၀၁၇ နှစ်သစ်ကို ကူးပြောင်းတော့မယ့် နှစ်သစ်ကူးမင်္ဂလာ အခါသမယမှာ ပြည်သူက မဲပေးရွေးချယ်လိုက်တဲ့ အရပ်သားအစိုးရလက်ထက်မှာ မြန်မာပြည်သူ၊ ပြည်သားအပေါင်းငြိမ်းချမ်းသာယာပါစေကြောင်း စီးပွားရေးပညာရှင်၊ အနုပညာရှင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ဆုမွန်ကောင်းတောင်းပေးကြပါတယ်။ ၂၀၁၆ခုနှစ်အတွင်း မြန်မာပြည်တဝှမ်း နယ်ပယ်အသီးသီးမှာ ပြည်သူအများရင်ဆိုင်ကြုံတွေ့ခဲ့ရတာတွေထဲက ထူးခြားဖြစ်စဉ်သုံးသပ်ချက်တွေနဲ့အတူ ၂၀၁၇ အတွက် မျှော်လင့်ချက် အကြံပြုချက်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က စုစည်းတင်ပြပေးထားတာ နားဆင်ပါရှင်။

၂၀၁၆ခုနှစ်အတွင်းမှာ ပြည်သူအများက မဲဆန္ဒတွေနဲ့ ရွေးချယ်တင်မြှောက်လိုက်တဲ့ အရပ်သားအစိုးရလက်ထဲကို အာဏာအလွှဲအပြောင်း နိုင်ငံရေးအကူးအပြောင်းဖြစ်ခဲ့သလို အဘက်ဘက်က နိမ့်ကျခဲ့ရတဲ့ မြန်မာ့စီးပွားရေး ဦးမော့နလံထူ လာစေဖို့အရေး ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အရပ်သားအစိုးရလက်ထက်မှာ ပြည်သူတွေရဲ့ဘဝ ပိုပြီးတော့မှ တိုးတက်ကောင်းမွန်လာနိုင်မယ်လို့ ယုံကြည်မျှော်လင့်သူကတော့ စာရေးဆရာဒေါက်တာခင်မောင်ညိုဖြစ်ပါတယ်။

“၂၀၁၆ကတော့ကျနော်တို့နှစ်ပေါင်း၅၄ နှစ်ကျော်ပေါ့လေ၊ ပြည်သူတွေ မျှော်လင့်နေတဲ့ ဒီမိုကရေစီအရပ်သားအစိုးရပေါ်ထွက်လာတယ်၊ အဲဒီပေါ်ထွက်လာတဲ့ လမ်းစကို ရပြီဆိုတော့ ကျနော်တို့ကလည်း အရမ်းဝမ်းသာကြာတာပေါ့။ ပထမပိုင်းမှာတော့ အာဏာလွှဲပြောင်းပေးပါ့မလားဆိုပြီး ကျနော်တို့ ကြောက်ကြောက်ရွံ့ရွံ့နဲ့၁၉၉၀ နမူနာရှိတော့ အခြေအနေကောင်းပါ့မလားဆိုပြီးတော့ စောင့်ကြည့်နေရတဲ့ အချိန်ဖြစ်တယ်။ ဒါပေမယ့် တကယ်တမ်းအာဏာလွှဲပြောင်းပေးလိုက်တော့.. အော် ..ဒီမိုကရေစီ ၇၅ % လောက်ရတယ်ဆိုပြီးတော့ ကျနော်တို့ စပြီးတော့ စလုပ်တာပေါ့လေ။ ဒီတော့ ဒီကူးပြောင်းမှုကြီးက အင်မတန်ကြီးမားတဲ့ ကူးပြောင်းမှုကြီးပါ။ ကျနေ်ာတို့ တတ်နိုင်တဲ့အတိုင်းအတာလောက်ကလေးတော့ တတ်နိုင်သလောက် လုပ်ကြတာပေါ့လေ။ ခုချိန်မှာတော့ ဆင်းရဲတွင်းနက်တဲ့ လူတချို့ရယ်၊ အရမ်းချမ်းသာတဲ့ လူတချို့ရယ်၊ အဲဒီအဖွဲ့ကြားမှာ ဒီအချိန်မှာ ကျနော်တို့ စီးပွါးရေးကို ဒုက္ခရောက်တယ်ဆိုတာ ဒီနှစ်ကုန်ပိုင်းမှာ ဒေါ်လာကလည်း ဈေးအရမ်းတက်သွားတယ်၊ ရွေဈေးကလည်း တက်တယ်၊ ဒီအပေါ်မှာ လိုက်ပြီးတော့ အလုပ်လုပ်တဲ့အခါကျတော့ ကျနော်တို့ အခက်အခဲတွေ အများကြီးရှိတယ်၊ ကျနော်ထင်ပါတယ်။ ကျနော်တို့ ရထားတဲ့ခေါင်းဆောင်နဲ့ ကျနော်တို့ အသိညဏ်တဖြည်းဖြည်းဖွံ့ဖြိုးလာတဲ့ ပြည်သူပေါ့၊ ကျနော်ပြောလိုတာက အသိညဏ်တဖြည်းဖြည်းဖွံ့ဖြိုးလာတယ်ဆိုတာ အရင်က တာဝန်ယူမှုမရှိပဲ ကျနော်တို့က သူများလုပ်သမျှကို ခေါင်းညိတ်ပြီးလက်ခံတဲ့ ပြည်သူကနေပြီးတော့ ကိုယ်တိုင်တာဝန်ယူတဲ့ ပြည်သူ၊ ကိုယ်တိုင်တာဝန်ယူတဲ့ ဝန်ထမ်း၊ကိုယ်တိုင်တာဝန်ယူတဲ့ အစိုးရ၊ ကိုယ်တိုင်တာဝန်ယူတဲ့ လွှတ်တော်ကိုယ်စားလှယ်များဖြစ်လာမယ်လို့ ကျနော်ယုံကြည်တယ်။ နောက်နှစ်ကျရင် ပိုပိုပြီးတော့ တိုးပွါးပြီးတော့ စီးပွါးတိုးတက်တဲ့ နိုင်ငံကြီးဖြစ်လာမယ်၊ အဲဒီလိုဖြစ်လာပါစေလို့လည်း ကျနော်ဆုတောင်းပါတယ် ”

မြန်မာနိုင်ငံတွင်းလူ့အခွင့်အရေးအခြေအနေဟာ ၂၀၁၆ခုနှစ်အတွင်းမှာ သိပ်ကိုဆိုးရွားလွန်းခဲ့တယ်လို့ မဆိုနိုင်ပေမဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရဆဲအခြေအနေ ပြည်သူတွေနေ့စဉ်လူနေမှုဘဝတွေမှာ လုံခြုံတည်ငြိမ်အေးချမ်းနိုင်ဖို့က ၂၀၁၇ မှာ တရားဥပဒေစိုးမိုးရေးကို သက်ဆိုင်ရာတာဝန်ရှိသူတွေဘက်က အလေးထားဆောင်ရွက်သင့်တယ်လို့ မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ အာရှလူ့အခွင့်အရေးကော်မရှင်က ရှေ့နေကြီး ဦးမင်းလွင်ဦးက အကြံပြုပါတယ်။

“ဒီနှစ်ထဲမှာ ထူးထူးခြားခြားများလာတာတော့ ဒီ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့စွဲတဲ့အမှုတွေ အတော်များများ ရှိတဲ့အတွက် လွပ်လပ်စွာပြောဆိုခွင့်ကို ထိခိုက်တဲ့ကိစ္စရပ်တွေလည်း ဖြစ်ပေါ်တယ်လို့ ကျနော်တို့ကတော့ မြင်ပါတယ်ခင်ဗျ။ ၂၀၁၇ မှာကတော့ တရားဥပဒေစိုးမိုးရေးနဲ့ ပတ်သက်ပြီးတော့ တော်တော်ဖိဖိစီးစီးစလုပ်ရမယ်လို့ ကျနော်မြင်တယ်။ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ ဥပဒေရုံးရယ်၊ နောက်ပြီးတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့တွေကလည်း ဒီမှုခင်းတွေအပေါ်မှာ လာဒ်စားမှုမရှိပဲနဲ့ တကယ့်အမှန်အတိုင်းအဖြစ်မှန်တွေကို တင်ပြပြီးတော့ အရေးယူဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ကျနော်တို့မြင်ပါတယ်။ ”

နှစ်ပေါင်းများစွာ မြန်မာနိုင်ငံတွင်း သဘာဝတောတောင်သယံဇာတတွေ ထိန်းသိမ်းစောင့်ရှောက်မှု အားနည်းခဲ့ပြီးတဲ့နောက် အခု၂၀၁၆-၂၀၁၇ ခုနှစ်အတွင်းမှာတော့ ပြည်သူ့အစိုးရလက်ထက်မှာ မြန်မာနိုင်ငံတွင်း သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းစောင့်ရှောက်ရေးလုပ်ငန်းတွေကို နိုင်ငံတကာစံနှုန်းတွေနဲ့အညီ ကမ္ဘာကြီး စိမ်းလန်းစိုပြေရေး မြန်မာနိုင်ငံသူနိုင်ငံသားတွေပါ ပူးပေါင်းဆောင်ရွက်ကြစေဖို့ အကြံပြုလိုပါတယ်လို့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူဒေါ်ဒေဝီသန့်စင်က ဆိုပါတယ်။

" သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးကတော့လေ ဒေါ်လေးတို့မြန်မာနိုင်ငံအတွက် နှစ်ငါးဆယ်လောက် နောက်ကျခဲ့တော့ အခုမှ ကမ္ဘာနဲ့ပေါ့ အထူးသဖြင့် ၂၀၁၆ အတွက်ဆိုရင် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဥပဒေကတော့ ထွက်လာပါရဲ့။ ဒါပေမဲ့လို့လည်း နည်းဥပဒေတို့ ဘာတို့က နောက်ကျတယ်ပေါ့။ အဲ့တော့ ဒါတွေကို အခုပြည်သူ့အစိုးရအနေနဲ့ တော်တော်လေးကို သတိထား ကိုင်တွယ်ရမယ့်အလုပ်တွေ ပါတယ်ပေါ့။ ဥပမာ မြစ်ဆုံကိစ္စလိုမျိုး၊ လက်ပံတောင်းကိစ္စလိုမျိုး ဒေသခံတွေ သဘောတူ၊ မတူ။ ဘယ်လိုလုပ်ငန်းတွေ လုပ်မယ် ဘာညာ ပြောရမှာလေ။ အဲ့တော့ အဲ့တာတွေကို ဒေါ်လေးတို့တိုင်းပြည်က အရမ်းအားနည်းခဲ့တယ် လုပ်လည်း မလုပ်ခဲ့ဘူး။ အဲ့တော့ ဒါတွေကို ၂၀၁၇ ကျရင် သေချာဥပဒေထုတ်တယ်။ နည်းဥပဒေထုတ်တယ်။ လုပ်ရမယ့် နည်းစနစ်အတိုင်း လုပ်ဖို့လိုတယ်လို့ ဒေါ်လေးပြောချင်ပါတယ်။"

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သရုပ်ဆောင်ဒါရိုက်တာအကယ်ဒမီ လူမင်း ကတော့ ၂၀၁၆ ခုနှစ်ဟာ မြန်မာ့ရုပ်ရှင်လောကထဲ ထူးခြားဖြစ်စဉ်တွေ များစွာဖြစ်ခဲ့သလို စိန်ခေါ်မှုတွေနဲ့လည်း အများဆုံးရင်ဆိုင်ခဲ့ရတယ်လို့ ဆိုပါတယ်။ ဆယ်စုနှစ်အတွင်း ရုပ်ရှင်ဇာတ်ကားထုတ်လုပ်မှုအမြင့်ဆုံးဖြစ်ခဲ့တဲ့နှစ်တနှစ်ဖြစ်သလို လာမယ့်၂၀၁၇အတွက် မျှော်လင့်ချက်များစွာရှိတယ်လို့ သူက ပြောပါတယ်။

"၂၀၁၆ခုနှစ်ကို ပြန်သုံးသပ်မယ်ဆိုရင် မြန်မာအနုပညာလောကအနေနဲ့ကတော့ ဝေဖန်မှုတွေ ပြင်းထန်ခဲ့တဲ့နှစ်တစ်နှစ်လို့လည်း ပြောလို့ရပါတယ်။ နောက်ပြီးတော့ မြန်မာအုပ်စုကားတွေအပေါ် အုပ်စုဖွဲ့ပြီးတော့ ဝေဖန်လာတဲ့ ဝေဖန်မှုတွေ ပြင်းထန်မှု ဂယက်ရိုက်ခဲ့တဲ့ နှစ်တစ်နှစ်လို့လဲ ပြောလို့ရပါတယ်။ တဘက်မှာလည်း မြန်မာဇာတ်ကားတွေ ရိုက်ကူးထုတ်လုပ်မှုဟာ အရင်နှစ်တွေထက် နှစ်ဆ များပြားလာတာ တွေ့ရပါမယ်။ အမြင့်ဆုံးနှစ်တနှစ်လို့တောင် ပြောလို့ရပါတယ်။ ဆယ်စုနှစ်အတွင်းမှာပေါ့နော်။ အဲ့တော့ ၂၀၁၇မှာ မျှော်မှန်းတာကတော့ ကျနော်တို့ ရုပ်ရှင်ဈေးကွက်ကတော့ တိုးတက်လာမယ့် အရိလက္ခဏာတွေ မြင်နေရပါတယ်။ နောက်ပြီးတော့ နိုင်ငံတကာနဲ့ ဆက်ဆံမှုတွေ ဆက်သွယ်မှုတွေ ဖက်စပ်ရိုက်ကူးမှုတွေ ။ ကျနော်တို့ ၂၀၁၄ ကတည်းက စတင်ရေးဆွဲခဲ့တဲ့ ရုပ်ရှင်ဥပဒေကြီးကိုလည်း လွှတ်တော်ထဲ အရောက်ပို့နိုင်မယ့် နှစ်တနှစ်ဖြစ်မယ်လို့တော့ ကျနော်တို့ ယုံကြည်ပါတယ်။ နှစ်သစ်မှာ မြန်မာပြည်သူပြည်သားများအားလုံး ဘေးရန်ကင်းကွာ ကျန်းမာစွာနဲ့ကောင်းမွန်သော အသစ် အသစ်တွေကို ရရှိပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပါရစေ။"

မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ သရုပ်ဆောင်ဒါရိုက်တာအကယ်ဒမီ လူမင်းပါရှင်။ ၂၀၁၇ အတွက် မျှော်လင့်ချက် အကြံပြုချက်တွေကို ဆက်သွယ်မေးမြန်းထားတဲ့ မဆုမွန်က စုစည်းတင်ပြပေးထားတာပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG