သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာတွေ ပြန်ခေါ်ဖို့ ဝန်ကြီးချုပ် Hasina မြန်မာကို တိုက်တွန်း


ရခိုင်ပြည်နယ်မြောက်ပိုင်းက အကြမ်းဖက် တိုက်ခိုက်မှုတွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်ကို ထွက်ပြေးကြတဲ့ ရိုဟင်ဂျာ ဒုက္ခသည်တွေကို ဘင်္ဂလာဒေ့ရှ်အစိုးရက လက်ခံထားဖို့ Amnesty International အဖွဲ့ကြီးက ပြောကြားလိုက်ပါတယ်။ ဒုက္ခသည် ပြဿနာ ရေရှည် အဖြေရှာနိုင်ရေးအတွက် ဒီဒုက္ခသည်တွေကို ပြန်လည်ခေါ်ယူဖို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၃ ရက်ကြာခရီး သွားရောက်နေတဲ့ မြန်မာနိုင်ငံ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နဲ့အဖွဲ့ကို ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ်က ဗုဒ္ဓဟူးနေ့မှာ ပြောဆိုလိုက်ကြောင်း သတင်းတွေ ပေါ်ထွက်လာချိန်မှာ AI အဖွဲ့က အခုလို ပြောကြားလိုက်တာ ဖြစ်ပါတယ်။ အပြည့်အစုံကို ဒေါ်ခင်မျိုးသက်က ပြောပြပေးမှာပါ။

အောက်တိုဘာလ ၉ ရက်နေ့ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသမှာ အကြမ်းဖက် တိုက်ခိုက် ခံခဲ့ရတဲ့အတွက် အစိုးရတပ်တွေက နယ်မြေရှင်းလင်းရေးတွေ လုပ်ခဲ့တဲ့နောက်ပိုင်း ဘင်္ဂလားဒေ့ရှ် နိုင်ငံကို ထွက်ပြေးလာသူ ၆ သောင်းခွဲကျော် ရှိနေတယ်လို့ ဘင်္ဂလားဒေ့ရှ် အခြေစိုက် ကုလသမဂ္ဂအဖွဲ့က ပြောကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့လကုန်ပိုင်းမှာ ဘင်္ဂလားဒေ့ရှ်အစိုးရက ဘင်္ဂလားဒေ့ရှ်မှာရှိတဲ့ မြန်မာသံအမတ်ကြီးကို ခေါ်ယူပြီး ဒုက္ခသည်တွေအရေး စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့တဲ့ နောက်ပိုင်း အခုလို မြန်မာကိုယ်စားလှယ်အဖွဲ့ ဘင်္ဂလားဒေ့ရှ်ကို သွားရောက်တာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ရောက်နေတဲ့ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင်နဲ့အဖွဲ့ဟာ ဗုဒ္ဓဟူးနေ့မှာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် Sheik Hasina အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး A H Mahmood Ali နဲ့ တခြား အကြီးတန်းအရာရှိတွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီလို တွေ့ဆုံချိန်မှာ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးလာသူတွေကို ပြန်လည်ခေါ်ယူဖို့ ဝန်ကြီးချုပ် Hasina က ပြောဆိုခဲ့ကြောင်း သူမရဲ့ ရုံး ပြောခွင့်ရ Ihsanul Karim ရဲ့ ပြောဆိုချက်တွေကို ကိုးကားပြီး ဘင်္ဂလားဒေ့ရှ်ကလာတဲ့ သတင်းတွေမှာ ဖော်ပြကြပါတယ်။ Amnesty International အဖွဲ့ကတော့ ဒီထွက်ပြေးလာသူတွေကို နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းအရ ဘင်္ဂလားဒေ့ရှ်အစိုးရက စောင့်ရှောက်ထားဖို့ လိုတယ်လို့ အဖွဲ့ပြောခွင့်ရ T Kumar က ဗွီအိုအေကို ပြောပါတယ်။

“မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာတွေအတွက် အကာကွယ်ပေးရေးနဲ့ ပတ်သက်ပြီး Amnesty International က စိုးရိမ်စိတ်ပူနေပါတယ်။ ဘင်္ဂလာဒေ့ရှ် အာဏာပိုင်တွေက သူတို့ကို အကာကွယ်ပေးဖို့ ကျနော်တို့ စောင့်မျှော်နေပါတယ်။ သူတို့အတွက် နေစရာတွေ၊ စားစရာတွေ၊ လူသားချင်းစာနာမှု အကူညီတွေနဲ့ အကာကွယ်ပေးပြီး မြန်မာနိုင်ငံကို ပြန်မပို့ဖို့ပါ။ သူတို့ဟာ အဓမ္မကျင့်တာတွေ၊ သတ်ဖြတ်တာတွေနဲ့ တခြားဖိနှိပ်မှုတွေကို ကြောက်လို့ ထွက်ပြေးလာသူတွေမို့ နိုင်ငံတကာ လိုက်နာရမယ့် စည်းကမ်းအရ ဘင်္ဂလာဒေ့ရှ် အစိုးရက အကာကွယ်ပေးရမှာ ဖြစ်ပါတယ်။”

ဒုက္ခသည်တွေထဲမှာ ပြန်ချင်သူရော မပြန်ချင်သူပါ သူ့အကြောင်းနဲ့ သူရှိနေနိုင်ပေမဲ့ သူတို့ဆန္ဒမပါပဲတော့ အတင်းပြန် မပို့သင့်ဘူးလို့ အိန္ဒိယနိုင်ငံမှာ နှစ်ရှည်လများနေထိုင်ခဲ့တဲ့ မြန်မာ့အရေးစောင့်ကြည့်လေ့လာသူ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“ကိုယ့်နိုင်ငံထဲကို ရောက်လာတဲ့ တခြားနိုင်ငံသားတွေ၊ တနည်းအားဖြင့် ဒုက္ခသည်တွေကို နိုင်ငံတကာ ဥပဒေအရကတော့ ကာယကံရှင်ရဲ့ဆန္ဒကို ဆန့်ကျင်ပြီးတော့ လုပ်လို့မရဘူး။ ဒီအချက်ကလည်းရှိတော့ နိုင်ငံတကာကလည်း ဒီအရေးကို စိတ်ဝင်စားတော့ စောင့်ကြည့်ကြမယ်။ ကာယကံရှင်တွေက တချို့လည်း ပြန်ချင်မယ်။ တချို့လည်းပဲ ဥပဒေနဲ့ပဲ ငြိမလားဆိုပြီး စိုးရိမ်မှုတွေရှိတယ်။ ဒါမှမဟုတ်ရင်လည်း နောက်ထပ်လည်းပဲ ဆူပူမှုတွေဖြစ်မလားဆိုပြီး စိုးရိမ်မှုတွေရှိတော့ ကာယကံရှင်တွေက နှစ်မျိုးဖြစ်နိုင်တယ်။ နောက်တခုက အခု ၆ သောင်းလို့ပြောတဲ့ ကိန်းဂဏန်းတွေက တကယ်ပဲ ဗမာနိုင်ငံသားတွေ ဟုတ် မဟုတ်ဆိုတာကို မြန်မာနိုင်ငံ အစိုးရဘက်ကတော့ စိစစ်မှုတွေလုပ်မှာဖြစ်တဲ့အတွက် ဒီအရေးဟာ ချက်ခြင်းလက်ငင်းကတော့ ပြေလည်စရာတော့ မရှိဘူး။ အတင်းအဓမ္မလည်း ဘယ်အစိုးရကမှ လုပ်ဖို့မသင့်ဘူးလို့ ကျနော် မြင်တယ်ခင်ဗျ။”

မောင်တော အကြမ်းဖက်မှုနောက်ပိုင်း ၂ နိုင်ငံ နယ်စပ်လုံခြုံရေးကို တင်းကြပ်ထားသလို ဘင်္ဂလားဒေ့ရှ် နိုင်ငံဘက်က နယ်စပ်ကိုပါ ပိတ်ခဲ့တာကြောင့် နယ်စပ်တွေ ဖွင့်ပေးဖို့ နိုင်ငံတကာက တောင်းဆိုမှုတွေကိုပါ ကြုံခဲ့ရတဲ့ကြားထဲကနေ အခု ကုလသမဂ္ဂက ပြောသလို ထွက်ပြေးလာသူ ၆ သောင်းခွဲ တကယ်ရှိရဲ့လားလို့ မြန်မာအစိုးရ ပြောခွင့်ရ ဦးဇော်ဌေးက မေးခွန်းထုတ်ခဲ့တာလည်း တွေ့ရပါတယ်။

ဘင်္ဂလားဒေ့ရှ် မြန်မာ ၂ နိုင်ငံကြား ကူးလူးဆက်ဆံမှု မပြတ်ခဲ့သလို ရိုဟင်ဂျာ ဒုက္ခသည် ပြဿနာဟာလည်း နှစ်ပေါင်းများစွာ မဖြေရှင်းနိုင်သေးတဲ့ ပြဿနာတခုပါ။ ဒါပေမဲ့ အခုနောက်ဆုံး ဖြစ်ပွားတဲ့ ပြဿနာမှာ အကြမ်းဖက်မှုပြဿနာပါ ပါလာတာမို့ ချက်ခြင်း လက်ငင်း ပြေလည်နိုင်ဖို့တော့ မမြင်ဘူးလို့ ဒေါက်တာတင့်ဆွေက ပြောပါတယ်။

“အခုနောက်ဆုံး ဒုက္ခသည်တွေကိစ္စကတော့ အရင် အဖြစ်အပျက်တွေနဲ့ နည်းနည်းလေး ကွာတယ်လို့ ကျနော် မြင်တယ်ခင်ဗျ။ ဒီအရေးအခင်း ဖြစ်ပြီးတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီအရေးအခင်းကို ဥပဒေကြောင်းအရ ဖြေရှင်းမယ်လို့ ပြောထားတယ်။ နောက် အခု သွားတဲ့လူတွေက ရခိုင်မြောက်ဘက်မှာ အကြမ်းဖက်မှု ဖြစ်ပြီးတဲ့နောက်မှာ ထွက်လာတဲ့လူတွေ၊ အဲတော့ အဲဒီအကြမ်းဖက်မှုမှာ တချို့က လက်နက်ကိုင်ပြီးပါတယ်။ တချို့ကလည်း စည်းရုံးလို့ ပါတယ်ဆိုတဲ့ လူတွေလည်း ရှိနိုင်တယ်။ ဘင်္ဂလားဒေ့ရှ်ကတော့ သူ့ရဲ့ ပြည်တွင်းရေးပြဿနာ လူဦးရေပေါက်ပွားမှုနဲ့ ဆင်းရဲမွဲတေမှုဒဏ်ကြောင့် သူကတော့ လူအပိုကို လက်မခံချင်ဘူး။ ဒါပေမဲ့ ကျန်တဲ့လူတွေကို မြန်မာနိုင်ငံအစိုးရဘက်ကလည်း ဥပဒေကြောင်းအရ ဥပဒေမကင်းလွတ်တဲ့လူကို အရေးယူစရာ ရှိတော့ကာ ဒီအရေးမှာ အရင်ဟာတွေထက်တော့ ရှုတ်ထွေးခက်ခဲတဲ့ ဖြေရှင်းမှုမျိုး ဖြစ်နိုင်တယ်လို့ ကျနော်ထင်ပါတယ်။”

ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ၃ ရက်ကြာခရီး သွားရောက်နေတဲ့ မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်-မြန်မာ ၂ နိုင်ငံကြား ပူးပေါင်း ဆောင်ရွက်ရေးနဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ အပါအဝင် တခြားကိစ္စရပ် အတော်များများကို ဆွေးနွေးဖို့ ရှိတယ်လို့ မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ထားပါတယ်။

XS
SM
MD
LG