သုံးရလွယ်ကူစေသည့် Link များ

မြန်မာဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးကျော်တင် ဦးဆောင်တဲ့ အထူးသံကိုယ်စားလှယ်အဖွဲ့ဟာ - ရခိုင်ပြည်နယ် မြောက်ပိုင်းက အခြေအနေတွေ အပါအ၀င် နှစ်နိုင်ငံကြား ကိစ္စတွေကို ဒီကနေ့ ဇန်န၀ါရီလ ၁၁ ရက် ဗုဒ္ဓဟူးနေ့မှာ ဘင်္ဂလားဒေ့ရှ်အစိုးရ တာဝန်ရှိသူတွေနဲ့ ဒါက္ကာမြို့မှာ တွေ့ဆုံဆွေးနွေမှာ ဖြစ်ပါတယ်။

ဗုဒ္ဓဟူးနေ့မှာ စတင်တဲ့ ၃ ရက်ကြာ ဒီခရီးစဉ်အတွင်း ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် Sheikh Hasina နဲ့ ဒီကနေ့ တွေ့ဆုံဖို့ရှိတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အဆင့်မြင့်အရာရှိတဦးက ပြောဆိုခဲ့တာပါ။ ဒါ့အပြင် မြန်မာသံကိုယ်စားလှယ်အဖွဲ့ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး အပါအ၀င် တခြားအဆင့်မြင့်အရာရှိတွေနဲ့ တွေ့ဆုံဖို့ရှိပြီး အဲ့လိုတွေ့ဆုံတဲ့အခါ ဘင်္ဂလားဒေ့ရှ်-မြန်မာ နှစ်နိုင်ငံကြား ပူးပေါင်းဆောင်ရွက်ရေး၊ ဆက်ဆံ ရေး တိုးမြှင့်မှု အပါအ၀င် တခြားကိစ္စရပ် တော်တော်များများကိုလည်း ဆွေးနွေးသွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

မနှစ် အောက်တိုဘာလဆန်းက ရခိုင်ပြည်နယ် မောင်တောဒေသမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ ဖြစ်ခဲ့ပြီးနောက်ပိုင်းကစလို့ - ပြီးခဲ့တဲ့ သီတင်းပတ် အထိ ရခိုင်ပြည်နယ်ကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးကြသူ ၆ သောင်းခွဲကျော် ရှိတယ်လို့လည်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် ကုလသမဂ္ဂရုံးက သတင်း ထုတ်ပြန်ထားတာပါ။

ဒီကိစ္စကို ဘင်္ဂလားဒေ့ရှ်အစိုးရဘက်က မြန်မာအထူးသံကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံချိန် တင်ပြလာရင် ဆွေးနွေးသွားမှာ ဖြစ်တယ်လို့လည်း မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောဆိုခဲ့ပြီး၊ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး တင်းကျပ်ထားတဲ့ ခုလို အချိန်မျိုးမှာ လူ ၆ သောင်းခွဲကျော် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးတယ်ဆိုတဲ့ ပြောဆိုချက်အပေါ်မှာလည်း မေးခွန်းထုတ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းကတော့ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာအသိုင်းအ၀ိုင်းကနေ - ထွက်ပြေးလာသူတွေအတွက် လူသားချင်းစာနာထောက်ထားတဲ့အနေနဲ့ ဘင်္ဂလားဒေ့ရှ်အစိုးရက နယ်စပ်ဂိတ်တွေ ဖွင့်ပေးဖို့ကို တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။

ဘင်္ဂလားဒေ့ရှ်အစိုးရဘက်ကလည်း - မြန်မာနိုင်ငံကနေ ထွက်ပြေးလာပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင်းမှာ တရားမ၀င် နေထိုင်နေကြသူတွေကို မြန်မာနိုင်ငံဘက်က ပြန်လည်ခေါ်ယူဖို့အတွက် မကြာသေးခင်ကပဲ တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG