သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်စုံစမ်းရေးကော်မရှင်ရဲ့ ဒုတိယအကြိမ် စုံစမ်းရေးခရီး


ရခိုင်စုံစမ်းရေးကော်မရှင်ရဲ့ ဒုတိယအကြိမ် စုံစမ်းရေးခရီး (Myanmar President office)
ရခိုင်စုံစမ်းရေးကော်မရှင်ရဲ့ ဒုတိယအကြိမ် စုံစမ်းရေးခရီး (Myanmar President office)

ရခိုင်ပြည်နယ်စုံစမ်းရေးကော်မရှင် ဒုတိယအကြိမ်ကွင်းဆင်း စုံစမ်းမှုတွေလုပ်တဲ့နေရာမှာ ရခိုင်ပြည်နယ်အတွင်းက လူမှုအသိုင်းအဝိုင်း ၂ ဘက်လုံးကြား တည်ငြိမ်မှုလိုလားပြီး အခြေအနေတွေကို ပြေလည်စေချင်တဲ့ သဘောလက္ခဏာတွေ ထူးထူးခြားခြား ပိုတွေ့ရတယ်လို့ စုံစမ်းရေးအဖွဲ့ အတွင်းရေးမှူးက ပြောပါတယ်။ ပြည်ထောင်စုအစိုးရက ဖွဲ့စည်းထားတဲ့ ရခိုင်စုံစမ်းရေးကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးဇော်မြင့်ဖေကို ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ကိုရန်နိုင်က ဆက်သွယ်မေးတဲ့အခါမှာ သူကအခုလို စပြောပါတယ်။

" ဦးဇော်မြင့်ဖေ။ ။ကော်မရှင်ကို ပူးပေါင်းတာက အရင်တခေါက်နဲ့ ဘာမှမဆိုင်တော့ဘူး၊ ပူးပေါင်းလာတယ်။ နောက်တခါ တည်ငြိမ်ရေးကို သူတို့လိုလားလာတယ်။ နောက်နိုင်ငံသားကတ်လုပ်ဖို့အတွက် သူတို့အရမ်းကို စိတ်ဝင်စားနေတယ်။ နိုင်ငံသားဖြစ်ချင်နေတယ် ဒီလိုတွေ့ရတယ်။ တဖက်က တိုင်းရင်းသားတွေဘက်ကလည်း ငြိမ်းချမ်းမှုလိုတယ်၊ စီးပွားရေးကို အေးအေးဆေးဆေးရှာဖို့လိုတယ်။ ဥပဒေနဲ့အညီ တကယ်တိတိကျကျ မှန်မှန်ကန်ကန်လုပ်မယ်ဆိုရင် သူတို့နိုင်ငံသားဖြစ်တာကို တိုင်းရင်းသားတွေဘက်ကလည်း လက်မခံနိုင်စရာအကြောင်းမရှိတော့ဘူး ဆိုတာမျိုးလေးတွေပေါ့။ ဒါမျိုးတွေ ကျနော်တို့တွေ့လာရတယ်ဆိုတဲ့အခြေအနေပဲဖြစ်ပါတယ်။

ကိုရန်နိုင်။ ။ဟုတ်ကဲ့၊ နိုင်ငံတကာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေရှိတယ် ဆိုပြီး ပြောနေပါတယ်။ ဒါနဲ့ ပတ်သက်လို့ အန်ကယ်တို့ ဘာများတွေ့ခဲ့ပါသလဲ။

ဦးဇော်မြင့်ဖေ။ ။တိုက်ပွဲရယ်လို့ ဖြစ်လို့ရှိရင် လူ့အခွင့်အရေးထိခိုက်တာပဲ၊ ထိခိုက်တဲ့အပိုင်းတွေကတော့ ထိခိုက်မှာပဲ၊ သွားရေးလာရေးကို ကန့်သတ်တယ်ဆိုတာကလည်း လူ့အခွင့်အရေးကိုထိခိုက်တာပဲ၊ တိုက်တယ်ခိုက်တယ်ဖြစ်လာရင်လည်း ပြည်သူတွေမြေစာပင်ဖြစ်ရတာပဲလေ၊ ဒါကြောင့်လက်နက်ကိုင်ပြီးတော့ တိုက်ခိုက်ရတာ သူတို့မကောင်းဘူးလို့ပြောနေတာကို။ အဲဒီတော့ လူ့အခွင့်အရေးနဲ့ sovereignty နိုင်ငံတော်အာဏာပိုင်ဆိုင်မှုနဲ့ နယ်မြေ စိုးမိုးမှုတွေနဲ့ ဒီ လူ့အခွင့်အရေးရရှိမှုတွေနဲ့က balance လုပ်ရမှာပဲ။ ဘယ်အချိန်မှာ နိုင်ငံရဲ့ sovereignty ကိုဦးစားပေးမလဲ၊ ဘယ်အချိန်မှာ လူ့အခွင့်အရေး ကိုဦးစားပေးမလဲ၊ ဘယ်အချိန်မှာလွတ်လပ်ရေးကို ဦးစားပေးမလဲဆိုတာကတော့ ဒါတွေကတော့ Time and Speed ပဲဗျာ။

ကိုရန်နိုင်။ ။အဲဒီအထဲမှာ မုဒိမ်းကျင့်တာတို့ ညှင်းပမ်းနှိပ်စက်တာတို့ ဆိုပြီးတော့ ပြောတာတွေလည်းရှိတယ်။ ဒါနဲ့ ပတ်သက်ပြီးတော့ရော ထပ်ပြီးတော့ တွေ့ရပါသလဲ။

ဦးဇော်မြင့်ဖေ။ ။ကျနော်တို့သွားတုန်းကတော့ ကျမကိုတော့ မုဒိမ်းမကျင့်ပါဘူး၊ ကျမသမီးတော့ မုဒိမ်းကျင့်ပါတယ်ဆိုပြီး ပြောတဲ့မိန်းမက သတင်းထောက်တွေနဲ့တွေ့တဲ့အခါကျတော့ သူကိုယ်တိုင် အကျင့်ခံရတယ်ဆိုပြီးပြောတယ်။ နောက်ပြီးတော့လည်း ဘင်္ဂလားဒေ့် ကိုထွက်ပြေးတာပဲ။ ကျနော်တို့ အဖွဲ့မှာ အမျိုးသမီးအဖွဲ့ဝင်၂ ဦးပါတယ်လေ၊ သူတို့ဆိုရင် ဘင်္ဂါလီအမျိုးသမီးတွေကို သီးခြားစီ ဒီတခေါက်ပဲ ခေါ်တွေ့တာပဲ၊ ကျနော်တို့တောင်မေးလိုက်သေးတယ်၊ ခင်ဗျားတို့ကို အိန္ဒြေပျက်လောက်အောင် လုပ်တဲ့လူရှိသလား လက်နက်ကိုင်အဖွဲ့အစည်းထဲက ၊ သူတို့က ရယ်တောင်ရယ်သေးတယ် အဲလိုအခြေအနေမျိုးလေးတွေပေါ့နော်။ အဲဒီတော့ ဖြစ်ခဲ့တဲ့ တချို့သောကိစ္စလေးတွေပေါ့နော် ကျနော်တို့က မရှိဘူးလို့ အတင်း ငြင်းရင်လည်း တော်တော်ပြဿနာရှိတယ်။ အဲဒီတော့ တွေ့လာရင်လည်း ကျနော်တို့ ဖော်ထုတ်မှာပါပဲ။

ကိုရန်နိုင်။ ။အန်ကယ်တို့အခုတခေါက်သွားတဲ့အခါမှာ ပြီးခဲ့တဲ့ တခေါက်ကတော့ နိုင်ငံတကာရဲ့ ဝေဖန်မှုနဲ့ ပတ်သက်ပြီးတော့ ဟုတ်တာလည်းဟုတ်တယ်၊ မဟုတ်တာလည်း မဟုတ်ဘူးလို့ ပြန်ပြီးတော့ ပြောခဲ့တယ်။ ဒါပေမယ့် ဒီကြားထဲမှာ မွတ်ဆလင်အသိုင်းအဝိုင်းနဲ့ ပတ်သက်ပြီးတော့ ရဲက ညှင်းပမ်းနှိပ်စက်တဲ့ ဗွီဒီယို တခုထွက်လာတယ်။ အဲဒီဟာနဲ့ ပတ်သက်ပြီး အန်ကယ်တို့ ဘာတွေတွေ့ရှိခဲ့ရသလဲ၊ ဘာတွေ သိရှိခဲ့ရသလဲ။ အဲဒါလေးတချက်သိချင်ပါတယ်။

ဦးဇော်မြင့်ဖေ။ ။အဲဒါကတော့ ကျနော်တို့ ဖြစ်နေပြီဆိုတာ လက်ဆုပ်လက်ကိုင် ရှိနေပြီးသားလေ။ ဆိုတော့ သူ့ရဲလုပ်ထုံးလုပ်နည်းအရ အရေးယူသင့်တဲ့လူတွေကိုလည်း အရေးယူထားတယ်။ ကျနော်တို့လည်းပြောထားပါတယ် တချို့သောကိစ္စတွေက ဥပဒေနဲ့ မညီတဲ့ လုပ်ရက်တွေရှိကောင်းရှိနိုင်တယ်။ အဲဒီတော့ ဒေသခံတွေအနေနဲ့ကလည်း ထုတ်ပြောတယ်ဆိုတာကလည်း ထုတ်ပြောနိုင်တဲ့အပိုင်းရှိသလို ၊ မထုတ်ပြောနိုင်တဲ့ အပိုင်းတွေလည်းရှိတယ်။ ထုတ်ပြောသည့်တိုင်အောင်လည်း ဒါကတော့ ဟုတ်တယ်လို့ သက်သေခံမယ့်သူမရှိဘူး။ အခုလို ဗွီဒီယိုထွက်လာပြီဆိုရင် ဒါသက်သေအထောက်အထားပဲလေ၊ ဒါမျိုးတွေဖြစ်သွားတာပေါ့။

ကိုရန်နိုင်။ ။ဟုတ် အန်ကယ်တို့ ခုနကပြောသလိုမျိုး ရဲကတော့ ဒီဟာနဲ့ပတ်သက်ပြီးတော့ အရေးယူမှုတွေလုပ်ဖို့ လုပ်နေတယ်ဆိုတော့ အန်ကယ်တို့ရော ဒီကိစ္စကို သက်ဆိုင်ရာ ရဲတပ်ဖွဲ့တာဝန်ရှိသူကို ပြောတာဆိုတာ ရှိခဲ့သေးလား။

ဦးဇော်မြင့်ဖေ။ ။ကျနော်တို့ Process ထဲမှာ ပါပြီးသားပါခင်ဗျ၊ ကျနော်တို့ အစီရင်ခံစာထွက်လာရင် တွေ့ပါလိမ့်မယ်ခင်ဗျ။ ကျနော်တို့လုပ်ငန်းကို ပြီးစီးအောင်လုပ်ပြီးမှသာလျှင် ပြောလို့ဆိုလို့ရမယ့်အနေအထားရှိပါတယ်။”

ပြည်ထောင်စုအစိုးရက ဖွဲ့စည်းထားတဲ့ ရခိုင်စုံစမ်းရေးကော်မရှင်ရဲ့ အတွင်းရေးမှူး ဦးဇော်မြင့်ဖေကို ရခိုင်ပြည်နယ်ခရီးစဉ်နဲ့ ပတ်သက်ပြီး ကိုရန်နိုင်က ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG