သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကိုင်တွယ်ဖြေရှင်းရ ခက်နေသေးတဲ့ ရခိုင်အရေး


နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့ကြီးများနဲ့ စီးပွားရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း
နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့ကြီးများနဲ့ စီးပွားရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း
တိုက်ရိုက် လင့်ခ်


ဒီတပတ် မြန်မာ့ဒီမိုကရေစီရေးရာ ဆွေးနွေးခန်းအစီအစဉ်မှာ ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်းတောမြို့နယ်ထဲမှာ လုံခြုံရေးတပ်ဖွဲ့က လက်နက်ကိုင်အကြမ်းဖက်သူတွေကို ဖော်ထုတ်ဖမ်းဆီးတဲ့နေရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပေါ်ပြီးတဲ့နောက် ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး အာဆီယံနိုင်ငံခြားရေးဝန်ကြီးအဆင့် အစည်းအဝေးတရပ် မြန်မာအစိုးရက ကမကထပြုပြီး ခေါ်ယူကျင်းပခဲ့ပါတယ်။ ဒီအစည်းအဝေးထဲမှာ ဒေသအတွင်း လူသားချင်းစာနာထောက်ပံ့ကူညီရေးကိစ္စတွေနဲ့ ရခိုင်အရေးနဲ့ ပတ်သက်ပြီး အစိုးရရဲ့ ကိုင်တွယ်မှုတွေကို ဖြေရှင်းပေးခဲ့တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာန အပြည်ပြည်ဆိုင်ရာအဖွဲ့ကြီးများနဲ့ စီးပွားရေးရာဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးထွန်း က ပြောဆိုပါတယ်။ VOA ရန်ကုန်ရုံး အယ်ဒီတာ ဒေါ်ခင်စိုးဝင်း က ဦးကျော်မိုးထွန်း ကို တွေ့ဆုံမေးမြန်းတင်ပြထားပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခုလို ကျမတို့ VOA အမေရိကန်အသံကို အခုလို အချိန်ပေးပြီး တွေ့ဆုံမေးမြန်းခွင့်ပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်ရှင့်။ နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ကနေ တခြား အာဆီယံ (၉) နိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးတွေကို ဖိတ်ခေါ်ပြီးတော့ ဒီမှာ တွေ့ဆုံဆွေးနွေးပွဲလေး လုပ်ပါတယ်။ အဲဒီ ဆွေးနွေးတဲ့နေရာမှာ ရခိုင်ပြည်နယ်အရေး၊ ရခိုင်ပြည်နယ်မှာရှိတဲ့ မူစလင်အသိုင်းအဝိုင်းအရေး၊ နိုင်ငံတကာအသိုင်းအဝိုင်းကနေ စိုးရိမ်တကြီးနဲ့ စောင့်ကြည့်နေတဲ့အရေးကို ဆွေးနွေးတယ်လို့ သိရပါတယ်။ ဒီနေ့ ဆွေးနွေးပွဲရဲ့ ရလဒ်လေးကို ပြောပြပေးပါလားရှင့်။

ဦးကျော်မိုးထွန်း ။ ။ ကျနော်တို့ ဒီနေ့လုပ်တဲ့ အလွတ်သဘော ဆွေးနွေးပွဲက ရခိုင်ရဲ့ ဖြစ်ပေါ်တိုးတက်မှုလေးတွေကို အာဆီယံအဖွဲ့ဝင်နိုင်ငံ၊ မိသားစုဝင်အချင်းချင်းမှာ လွတ်လွတ်လပ်လပ်နဲ့ ပွင့်ပွင့်လင်းလင်း၊ ရင်းရင်းနှီးနှီးနဲ့ ဆွေးနွေးနိုင်ဖို့အတွက်ကို ရည်ရွယ်ပြီးတော့ မြန်မာနိုင်ငံရဲ့ Initiative နဲ့ ကမကထပြုလုပ်ပြီးတော့ ရန်ကုန်မှာ ပြုလုပ်ခြင်း ဖြစ်ပါတယ်။ ဒီဆွေးနွေးပွဲမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံတွေအားလုံးက တက်ရောက်ပါတယ်။ တချို့က နိုင်ငံခြားရေးဝန်ကြီးဖြစ်သလို၊ တချို့က နိုင်ငံခြားရေးဝန်ကြီး မအားလို့ ကိုယ်စားလာတက်တဲ့လူတွေလည်း ရှိပါတယ်။ အများစုကတော့ နိုင်ငံခြားုရေးဝန်ကြီးတွေ လာတက်ပါတယ်။ အစည်းအဝေးမှာလည်း အခုနပြောသလို ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီးတော့ စိန်ခေါ်မှုတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာအစိုးရက ဆောင်ရွက်နေတာတွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အစည်းအဝေးမှာ အသေးစိတ်ရှင်းလင်း ပြောကြားခဲ့ပါတယ်။ သူ ရှင်းလင်းပြောကြားတာနဲ့ ပတ်သက်လို့လည်း အဖွဲ့ဝင်နိုင်ငံတွေက မြင်တွေ့တဲ့ဟာလေးတွေ၊ သူတို့အနေနဲ့ ဘယ်လို အကူအညီပေးနိုင်မယ်ဆိုတာတွေကို ပြန်လည်ဆွေးနွေးပါတယ်။ ဒီဆွေးနွေးပွဲက ပွင့်ပွင့်လင်းလင်းနဲ့ မိသားစုသဖွယ် ဆွေးနွေးခဲ့တဲ့ ဆွေးနွေးပွဲလေးတခု ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီဆွေးနွေးပွဲလေး မတိုင်ခင်တုန်းက မလေးရှားနိုင်ငံ ဝန်ကြီးချုပ်ကနေ ရခိုင်ပြည်နယ်မှာရှိတဲ့ ရိုဟင်ဂျာလို့ခေါ်တဲ့ လူနည်းစုတွေနဲ့ ပတ်သက်ပြီးတော့ မြန်မာနိုင်ငံက ဖိနှိပ်ချုပ်ချယ်တာတွေ များနေတယ်။ ပြီးတော့ လူမြိုတုန်း သတ်ဖြတ်မှုတွေ လုပ်နေတယ်ဆိုပြီးတော့ မလေးရှားဝန်ကြီးချုပ်ကိုယ်တိုင် ဦးဆောင်ပြီးတော့ ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ပါတယ်။ အဲဒါနဲ့ ပတ်သက်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနကနေ မလေးရှားသံအမတ်ကြီးကို ဆင့်ခေါ်ပြီးတော့ ပြောဆိုတာတွေ၊ တုံ့ပြန်ပြောဆိုတာတွေ ရှိခဲ့ပါတယ်။ ဒီကနေ့ ဆွေးနွေးပွဲမှာ မလေးရှားနိုင်ငံကလာတဲ့ နိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဘာတွေများ ထပ်ပြောပါလဲရှင့်။

ဦးကျော်မိုးထွန်း ။ ။ ကျနော် အခုနပြောသလို နာမည်လေးနဲ့ ပတ်သက်လို့ပါ။ ကျနော်တို့ ဒီမှာတော့ ပြဿနာကို ဖြေရှင်းတဲ့အခါမှာ နာမည်ကိုယ်နှိုက်ကိုက အငြင်းပွားစရာ ဖြစ်နေတဲ့အတွက်ကြောင့်မို့ တတ်နိုင်သမျှတော့ ဒီလိုမျိုး အငြင်းပွားစရာဖြစ်တဲ့ နာမည်ကိုတော့ တတ်နိုင်သမျှ မသုံးဘဲနဲ့ ဒီပြဿနာကို အဓိက ဘယ်လိုဖြေရှင်းမလဲဆိုမလဲ ဆိုတာမျိုးကို အစိုးရအနေနဲ့ အဓိကဆောင်ရွက်နေတယ်ဆိုတာကို ဦးစွာပြောပါရစေ။ နောက်တချက်ကတော့ ဒီအစည်းအဝေးမှာ မလေးရှားနိုင်ငံခြားရေးဝန်ကြီးအနေနဲ့ ဆွေးနွေးပြောကြားတာလေး ရှိပါတယ်။ သူ အခုနပြောသလို ရခိုင်မှာ ဖြစ်နေတဲ့ကိစ္စနဲ့ ပတ်သက်ပြီးတော့ စိုးရိမ်မှုလေးတွေ ရှိတယ်ဆိုတဲ့ဟာမျိုးလဲ ထုတ်ဖော်ပြောကြားသွားပါတယ်။ အခုနပြောသလို စိုးရိမ်တဲ့ဥစ္စာလေးတွေ ပြောပါတယ်။ ဒီကိစ္စဟာ နိုင်ငံတနိုင်ငံတည်းက ဖြေရှင်းရမယ့်ဥစ္စာ မဟုတ်ဘဲနဲ့ Region အနေနဲ့ ဖြေရှင်းရမယ့်ဥစ္စာလေး သူပြောတာလေး ရှိပါတယ်။ တနိုင်ငံရဲ့အမြင်ကို တခြားနိုင်ငံတွေက Share လုပ်တဲ့ဟာမျိုးကိုတော့ အစည်းအဝေးမှာ ပြောကြားခဲ့ခြင်း မရှိပါဘူး။

ဒေါ်ခင်စိုးဝင်း ။ ။ အာဆီယံရဲ့ မူဖြစ်တဲ့ Non-interference တခြားနိုင်ငံရဲ့ ပြည်တွင်းရေး ဝင်ရောက်မစွက်ဖက်ဘူးဆိုတဲ့ မူဝါဒကို သွေးဖီပြီးတော့ မလေးရှားက Regional ဒေသအတွင်း ပြဿနာအဖြစ် ဖြစ်ပေါ်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုမကင်း ဖြစ်တဲ့အကြောင်းကို ပြောတာဖြစ်မှာပေါ့။

ဦးကျော်မိုးထွန်း ။ ။ အဲဒါကိုပဲ တချို့အဖွဲ့ဝင်နိုင်ငံတွေကတော့ ဒါက ပြည်တွင်းရေးကိစ္စဆိုတာကို တချို့အဖွဲ့ဝင်တွေက သေသေချာချာ ထောက်ပြပြောသွားတာလေးတွေ ရှိပါတယ်။ ဒါကြောင့်မို့ တယောက်နဲ့တယောက် အမြင်မတူတာဘူးဆိုတာတွေလည်း ပြောပါရစေ။ တခြားအဖွဲ့ဝင်နိုင်ငံတွေကလည်း ဒါက ပြည်တွင်းရေးဆိုတဲ့ဟာကို သေသေချာချာ ထောက်ပြပါတယ်။ ပြည်တွင်းရေးကိစ္စ ဖြစ်တဲ့အတွက်ကြောင့် သက်ဆိုင်ရာနိုင်ငံက ဖြေရှင်းဖို့ဆိုတာကို ထောက်ပြဆွေးနွေးတာတွေ ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အင်ဒိုနီးရှားနိုင်ငံ၊ ဘရူးနိုင်းနိုင်ငံတို့ကတော့ ဒီကိစ္စက ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခ မဟုတ်ဘဲနဲ့ ဒါက လူသားချင်းစာနာမှု အကူအညီတွေ ပေးဖို့အတွက်ကို ပိုပြီးတော့ ဇောင်းပေးပြီး ပြောသွားတာကို ကြားရပါတယ်။ အင်ဒိုနီးရှားနိုင်ငံရဲ့ အခန်းကဏ္ဍ အဲဒါနဲ့ ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ဘယ်လို ယူဆပါလဲရှင့်။

ဦးကျော်မိုးထွန်း ။ ။ ဒီအစည်းအဝေးမှာ အခုနပြောသလိုပါပဲ ဒီကိစ္စက ဘာသာရေးကိစ္စ မဟုတ်ဘဲနဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး ရှုထောင့်ကနေ ဖြေရှင်းဖို့ဆိုတာမျိုးနဲ့ အင်ဒိုနီးရှားက ဆွေးနွေးသွားတဲ့ဟာမျိုးလေး ရှိပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ အခု မောင်းတောဒေသကို သတင်းမီဒီယာတွေ သွားခွင့်ပြုထားတယ်။ အဲဒီ သတင်းမီဒီယာတွေ သွားခွင့်ပြုထားတဲ့နေရာမှာ ဘယ်လိုမျိုး အရည်အချင်းတွေနဲ့ သတ်မှတ်ပြီးတော့ လွတ်လပ်တဲ့ သတင်းဌာနဆိုပြီးတော့ ယူဆထားပါလဲရှင့်။ ကျမတို့ VOA က မပါလို့။

ဦးကျော်မိုးထွန်း ။ ။ ရွေးချယ်မှုကတော့ ပြန်ကြားရေးဝန်ကြီးဌာနက အဓိက ရွေးချယ်ပြီး၊ စီစဉ်တဲ့ ခရီးစဉ်လေး ဖြစ်တဲ့အတွက်ကြောင့် ဘယ် Criteria တွေ ပါလဲဆိုတာတော့ အခုန အင်္ဂလိပ်မေးခွန်းမှာ ဖြေထားခဲ့တဲ့အတိုင်း ပြန်ကြားရေးဝန်ကြီးဌာနကို မေးတာ ဂဃနဏ ပိုပြည့်စုံဖြေနိုင်မှာပေါ့။ ကျနော့်အနေနဲ့ မပြည့်စုံရင်လဲ မကောင်းတော့၊ ဖြေဖို့ နည်းနည်း၊ ဒီမေးခွန်းကို ကျနော် မဖြေဘဲနဲ့ ပြန်ကြားရေးဌာနအတွက် ချန်လှပ်ထားပါရစေ။

ဒေါ်ခင်စိုးဝင်း ။ ။ ဒီနေ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ အလွတ်သဘော ဆွေးနွေးပွဲမှာ ရခိုင်အရေး သီးသန့်ပဲ ဆွေးနွေးပါလား။ တခြား ဘာကိစ္စတွေ ဆွေးနွေးပါလဲရှင့်။

ဦးကျော်မိုးထွန်း ။ ။ ရခိုင်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေး၊ ရခိုင်ပြည်နယ်ကိစ္စကိုပဲ အဓိကထားပြီးတော့ ဆွေးနွေးကြတာ ဖြစ်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဖွံ့ဖြိုးမှုနဲ့ ပတ်သက်ပြီးတော့ ဘယ်လို အကူအညီတွေများ ကမ်းလှမ်းထားတာ ရှိပါလဲရှင့်။

ဦးကျော်မိုးထွန်း ။ ။ အာဆီယံကို ပြောတာလား။ နိုင်ငံတကာကိုလား။

ဒေါ်ခင်စိုးဝင်း ။ ။ အာဆီယံပါ။

ဖာကူညီနေတာတွေလည်း အများကြီးရှိပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးတာမျိုးလည်း ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီအစည်းအဝေးမှာတော့ ဘယ်ကဏ္ဍမှာ ဘယ်လို ကူညီမယ်ဆိုတဲ့ အသေးစိတ်တော့ မဟုတ်ပါဘူး။ Challenges ဖြစ်နေတဲ့ဥစ္စာတွေကို ဘယ်လို address လုပ်ကြမလဲဆိုတာမျိုးကို ဆွေးနွေးကြတာပါ။

ဒေါ်ခင်စိုးဝင်း ။ ။ အဲဒီတော့ ရခိုင်ဒေသမှာ အခုဖြစ်နေတာ လူနည်းစု မူစလင်အသိုင်းအဝိုင်းလို့လဲ ပြောလို့ရတာပေါ့။ လူနည်းစုဆိုပေမယ့် မောင်းတောဒေသမှာတော့ သူတို့က လောလောဆယ် လူများစု ဖြစ်နေတာပေါ့။ ဒါပေမဲ့ ရခိုင် မူရင်းဒေသခံ တိုင်းရင်းသားတွေအနေနဲ့ သူတို့ရဲ့ စိတ်ခံစားချက် ‘ဒီနိုင်ငံတကာ အသိုင်းအဝိုင်းတွေကတော့ - နိုင်ငံတကာအဖွဲ့အစည်းတွေ၊ ကုလသမဂ္ဂ အပါအဝင် အဖွဲ့အစည်းတွေကတော့ မူစလင်အသိုင်းအဝိုင်းကိုပဲ ဦးစားပေးကူညီနေတယ်။ ငါတို့ ရခိုင်တွေကို ပစ်ပယ်ထားတယ်’ ဆိုတဲ့ ခံစားချက်က ရှိနေကြပါတယ်။ သူတို့မှာ အဲဒီလို Emotion တွေက ရှိနေတယ်။ သူတို့ရဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး တခြားနိုင်ငံတကာ အဖွဲ့အစည်းတွေကို ဘယ်လို Convince လုပ်မလဲ။ ဘယ်လို ဒါတွေကို ကူညီဖို့ လိုအပ်တယ်ဆိုတာမျိုး။

ဦးကျော်မိုးထွန်း ။ ။ ကျေးဇူးတင်ပါတယ်။ ဒီမေးခွန်းလေး မေးတာကို။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့အနေနဲ့တော့ အခု အကူအညီပေးတဲ့ဥစ္စာမှာ မျှမျှတတ ဖြစ်စေဖို့ဆိုတာကို အမြဲတမ်း ထောက်ပြပြီးတော့ ပြောပါတယ်။ ဒါကြောင့်မို့ အကူအညီပေးပြီဆိုရင် Both Communities ဖြစ်ဖို့အရေး အမြဲတမ်း ထောက်ပြပြီး ပြောတဲ့အတွက်ကြောင့် ဒီ Message ကို နိုင်ငံတကာအသိုင်းအဝိုင်းက သိရှိပြီဖြစ်ပါတယ်။ ဒါကြောင့်မို့ အကူအညီပေးပြီဆိုတာနဲ့ Both Communities ဆိုတဲ့ဟာကို Automatically သူတို့ခေါင်းထဲမှာ ရောက်နေတယ်လို့ ကျနော်တို့က ယုံကြည်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ဒါပေမဲ့ အခု ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဖွဲ့စည်းပေးထားတဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ အကြံပေးကော်မတီ၊ ရခိုင်အရေး အကြံပေးကော်မတီ သွားတဲ့အခါမှာ ရခိုင်ဘက်က ရပ်မိရပ်ဖတွေက တွေ့ဆုံဖို့ ငြင်းဆန်ပြီးတော့ ဆန္ဒပြနေတဲ့သဘော ဖြစ်နေတဲ့အခါကြတော့ အဲဒီလိုမျိုး သူတို့ရဲ့ ပူးပေါင်းဆောင်ရွက်မှု မရှိတဲ့အခါကြတော့ ရခိုင်ဒေသခံတွေဘက်က ခံစားချက်က ပိုပြီးတော့ မကျေမနပ်၊ မကျေချမ်း ဖြစ်လာမလားလို့။ အဲဒါနဲ့ ပတ်သက်လို့ ဘယ်လိုများ ပြောချင်ပါလဲရှင့်။

ဦးကျော်မိုးထွန်း ။ ။ ရခိုင်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး Advisory for Rakhine State အဖွဲ့ထဲမှာလည်း ကျနော်တို့ ရခိုင်တိုင်းရင်းသားတွေ ပါပါတယ်။ ဆိုတော့ အခုနပြောတဲ့ ဖြစ်နေတဲ့ဟာကို မျှမျှတတ ဘက်လိုက်မှု မရှိဘဲနဲ့ အကြံပေးနိုင်ဖို့အတွက် အဖွဲ့ထဲမှာပါတဲ့ Composition ကလည်း မျှမျှတတ ဖြစ်စေဖို့အတွက်ကို အထောက်အကူ ပြုစေမယ်လို့ ယုံကြည်ပါတယ်။ ဒါကြောင့်မို့လို့ Dr. Kofi Annan ရခိုင်ကို သွားတဲ့ခရီးစဉ်မှာ ဆန္ဒပြတာတွေ ရှိတာလဲ - ကျနော်လည်းကိုယ်တိုင် ပါသွားတဲ့အတွက် မြင်တွေ့ခဲ့ရပါတယ်။ ဒီလိုမျိုး ဒီမိုကရေစီ ကျင့်သုံးနေတဲ့ နိုင်ငံတနိုင်ငံမှာ ဆန္ဒပြတယ်ဆိုတာလဲ မထူးတော့ မထူးဆန်းပါဘူး။ ဒါကို Dr. Kofi Annan ကလည်း ဒီလိုမျိုး ဆန္ဒပြတာနဲ့ ပတ်သက်ပြီးတော့ ခရီးစဉ်အတွင်း သတင်းစာရှင်းလင်းပွဲ နဲ့ ရခိုင်မှာ သတင်းထောက်တွေနဲ့တွေ့ပြီး ပြောတဲ့အခါမှာလည်း ဒီအချက်လေးတွေကို ထည့်သွင်းပြောဆိုသွားတာကို ဆရာမတို့ သိမယ် ဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ အခုဒီမှာတော့ ကျနော်တို့အနေနဲ့လဲ Advisory Commission ကနေ သူတို့ရဲ့ Suggestion တွေ ပေးနိုင်ဖို့ကို ဘက်ပေါင်းစုံကနေ လေ့လာပြီး ပေးရမှာဖြစ်တဲ့အတွက်ကြောင့် သူတို့ ခရီးစဉ်အတွင်းမှာ သူတို့ မြန်မာနိုင်ငံလာတဲ့အတွင်းမှာ ဒါမှမဟုတ် စာရေးပြီးသော်လည်းကောင်း သက်ဆိုင်ရာ State holders တွေက လိုတဲ့ဥစ္စာလေးတွေ၊ ဖြစ်သင့်တဲ့ဟာလေးတွေကို အကြံဉာဏ်ပေးဖို့လည်း သူတို့ အမြဲတမ်း တိုက်တွန်းတာလေးတွေ ရှိပါတယ်။ လူချင်းတွေ့မှ မဟုတ်ဘဲနဲ့ စာရေးပြီးတော့ အကြံပေးလို့ ရတယ်ဆိုတာလေးကိုလဲ အမြဲတမ်း တိုက်တွန်းတဲ့အတွက်ကြောင့် ဒီလိုမျိုး အခြေအနေကိုလည်း အသုံးပြုပြီးတော့ အကြံဉာဏ် ပေးနိုင်ကြလိမ့်မယ်လို့ ကျနော်လည်း ယုံကြည်ပါတယ်။ အခုနလို ဆန္ဒပြတာတပိုင်းပေါ့။ တဘက်ကလဲ ကိုယ့်ဒေသ၊ ကိုယ့်ပြည်နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးပူးပေါင်းဆောင်ရွက်ရင်းနဲ့ ကျနော်တို့ ဒီပြဿနာလေးကို ဖြေရှင်းသွားနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ Genocide ဆိုတဲ့ လူမျိုးတုံးသတ်ဖြတ်တယ်ဆိုတဲ့ စကားအဆင့်အထိ မရှိဘူးဆိုတာတော့ အားလုံးသေချာတယ်။ ဒါပေမဲ့ တစုံတခုသော အတိုင်းအတာအထိ လူ့အခွင့်အရေး ချိုးဖောက်မှုတွေတော့ ရှိကောင်းရှိနိုင်တယ်ပေါ့။ ဘာဖြစ်လို့လဲဆိုတော့ ကိုယ့်ဘက်က လူတွေလည်း အသတ်ခံထားရတယ်။ ဒီလိုမျိုး ကိုယ့်အိမ်ကိုယ် မီးရှို့တဲ့အဖြစ်တွေလည်း ရှိတယ်။ အဲဒီလို စွပ်စွဲချက်တွေလည်း အများကြီးရှိတယ်။ ဒါပေမဲ့လို့ လုံခြုံရေးတပ်ဖွဲ့တွေအနေနဲ့ အလွန်အကျွံအင်အား သုံးတာလဲ ရှိကောင်းရှိနိုင်တယ်။ အဲဒီလိုမျိုးဟာတွေကို ထဲထဲဝင်ဝင် သိနိုင်ဖို့အတွက် တပ်မတော်ဘက်က ပူးပေါင်းဆောင်ရွက်မှု ရှိပါလားရှင့်။

ဦးကျော်မိုးထွန်း ။ ။ အခုန ပြောသလို စုံစမ်းရေးကော်မရှင် ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်တဲ့ စုံစမ်းရေးကော်မရှင် ဖွဲ့တယ်ဆိုတာ ဒါကြောင့် ဖွဲ့ထားခြင်း ဖြစ်ပါတယ်။ အခုနပြောတဲ့ အောက်တိုဘာ (၉) ရက်နေ့မှာ ဖြစ်တဲ့ဖြစ်စဉ် အပါအဝင် နောက်ဆက်တွဲဖြစ်တဲ့ ဖြစ်စဉ်နဲ့၊ နောက်ဆက်တွဲ ရှင်းလင်းရေးလုပ်တဲ့ ဖြစ်စဉ်တွေမှာ စွပ်စွဲချက်တွေကို ပြန်ပြီးတော့ စုံစမ်းစစ်ဆေးဖို့ကို ဖွဲ့ထားတဲ့အတွက်ကြောင့် ဒီလိုကိစ္စတွေမှာ အခုနပြောသလို ဒီ Composition မှာ ဘယ်သူတွေပါလဲ ဆိုတဲ့ဟာလဲ ဆရာမ သိပြီးတဲ့အတွက်ကြောင့် တပ်မတော်အနေနဲ့ အများကြီး ပူးပေါင်းဆောင်ရွက်တဲ့ဟာမျိုး ရှိပါတယ်။ ဒါကြောင့်မို့လို့ ဒီကိစ္စမှာ ဒုသမ္မတ ဦးမြင့်ဆွေ ဦးဆောင်ပြီးတော့ ကော်မရှင်ကနေ စုံစမ်းစစ်ဆေးမှုရလဒ်ကို ကျနော်တို့ စောင့်မျှော်ကြည့်နေပါတယ်။

ဒေါ်ခင်စိုးဝင်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

ဦးကျော်မိုးထွန်း ။ ။ ကျေးဇူးအများကြီးတင်ပါတယ်။

XS
SM
MD
LG