သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်မှာ စာနာမှု အကူအညီပေးရေး ကန်အပါအဝင် သံရုံး ၁၄ ရုံး တိုက်တွန်း


ရခိုင်ပြည်နယ် မောင်တောမှာ မီးလောင် ပျက်စီးသွားတဲ့ ကျေးရွာများ။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)
ရခိုင်ပြည်နယ် မောင်တောမှာ မီးလောင် ပျက်စီးသွားတဲ့ ကျေးရွာများ။ (အောက်တိုဘာ ၂၇၊ ၂၀၁၆)

အောက်တိုဘာလ အစောပိုင်းက ဖြစ်ပျက်ခဲ့တဲ့ ရခိုင်ပြည် မြောက်ပိုင်းက ပဋိပက္ခဖြစ်ရာဒေသတွေမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့ ရန်ကုန်မြို့မှာရှိတဲ့ အမေရိကန် သံရုံးအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံက သံရုံးတွေကတိုက်တွန်းလိုက်ကြပါတယ်။ ရခိုင်ပြည်နယ်က အခြေအနေဟာ အကူအညီတွေ အမြန်ဆုံးရဖို့လိုအပ်နေတယ်လို့လည်း ဒီကနေ့ထုတ်ပြန်ခဲ့တဲ့ ပူးတွဲကြေညာချက်မှာ ဖော်ပြခဲ့တာပါ။ အပြည့်အစုံကိုတော့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်း ပဋိပက္ခဖြစ်ပွားရာ ဒေသတွေမှာ လူသားချင်း စာနာထောက်ထားရေး အကူအညီတွေ အမြန်ဆုံး ရရှိနိုင်ဖို့ ရန်ကုန်မြို့ အခြေစိုက် သံရုံး ၁၄ ခုက တိုက်တွန်းလိုက်တာပါ။ မြန်မာပြည်ရဲ့ မိတ်ဆွေနိုင်ငံတွေ ဖြစ်တဲ့ အလျောက် အဲဒီ့ဒေသတွေမှာ ဖြစ်ပျက်နေတဲ့ လူသားချင်း စာနာ အကူအညီပေးရေး လုပ်ငန်း အခြေအနေတွေနဲ့ ပတ်သတ်လို့ အလွန်အမင်း စိုးရိမ် ပူပန်ရတဲ့ အကြောင်း ဒီကနေ့မှာ ပူးတွဲ ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။

လက်ရှိအချိန်မှာ တစ်ချို့ ကျေးရွာတွေမှာ ကနဦး အကူအညီတွေ ပေးနေ တာ တွေ့သလို လူူသားချင်းစာနာထောက်ထားရေး အကူအညီတွေ ပြန်လည် လုပ်ဆောင်နိုင်ဖို့ မြန်မာ အစိုးရတာဝန်ရှိသူတွေက ခွင့်ပြုခဲ့တဲ့အတွက် ကြိုဆိုတယ်လို့လည်း ဆိုပါတယ်။ ဒါပေမဲ့လို့ ကလေးငယ်တွေ အပါအဝင် ထောင်နဲ့ချီတဲ့ လူတွေအနေနဲ့ အထောက်အပံ့ အကူအညီတွေ အမြန်ဆုံး ရရှိဖို့ လိုအပ်တယ်လို့လည်း ရန်ကုန်မြို့အမေရိကန် သံရုံးရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က အခုလို ပြောပါတယ်။

"နှောင့်နှေးကြန့်ကြာမှုတွေအပေါ် ကျနော်တို့အနေနဲ့ စိုးရိမ်ပါတယ်။ အာဟာရချို့နေတဲ့ ကလေးငယ်တွေအပါအဝင် လူသားချင်းစာနာထောက်ထားရေး အကူအညီတွေ လိုအပ်နေတဲ့ လူပေါင်း တစ်သောင်းကျော်ဟာ ဘာအကူအညီမှ မရရှိတာ နှစ်လ နီးပါး ကြာာမြင့်နေပြီ ဖြစ်တာကြောင့်၊ အကူအညီတွေ အပြည့်အ၀ ပြန်လည်ပေး အပ်နိုင်ရေး၊အဟန့်အတား ဖြစ်နေတာတွေကို ကျော်လွှားဖို့လည်း အစိုးရ တာဝန်ရှိသူတွေ အားလုံးကို တိုက်တွန်းပါတယ်။"

ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဒေသတွေကို ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန် ဦးဆောင်တဲ့ ရခိုင်အကြံပေးကော်မရှင်အဖွ့ဲဟာ ပြီးခဲ့တဲ့ တစ်ပတ်ထဲ သွားရောက်လေ့လာခဲ့သလို အဲဒီ့ဒေသတွင်း သူတို့ တွေ့ရှိချက်တွေကိုလည်း အစိုးရထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ တွေ့ဆုံပြီး ပြောဆို ဆွေးနွေးခဲ့ကြပါတယ်။ ရခိုင် အကြံပေး ကော်မရှင် ဥက္ကဌ မစ္စတာ အာနန်ကတော့ လုံခြုံရေး အကြောင်းပြချက်ကြောင့် အကူအညီလိုအပ်နေတဲ့ လူတွေအပေါ်မှာ လူသားချင်း စာနာ ထောက်ထားမှုဆိုင်ရာ အထောက်အပံတွေ အဟန့်အတား မဖြစ်စေဖို့ကိုလည်း တိုက်တွန်းခဲ့တာပါ။

ရခိုင်ပြည်နယ် မောင်တော ဒေသမှာ နယ်ခြားစောင့်တပ်တွေကို အကြမ်းဖက် တိုက်ခိုက်ရာကနေ အစပြုခဲ့တဲ့ ပဋိပက္ခတွေကြောင့် လူပေါင်း သောင်းနဲ့ချီ လူသားချင်း စာနာထောက်ထားတဲ့ အကူအညီတွေ လိုအပ်နေတယ်လို့လည်း နိုင်ငံတကာ က ထောက်ပြကြပါတယ်။ အဲဒီ့ဒေသတွေမှာ မူလ အခြေအနေ ပြန်လည် ဖြစ်နိုင် ဖို့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်မှုဟာ အရေးကြီးတဲ့ အကြောင်း ဒီကနေ့ ထုတ်ပြန်တဲ့ ကြေညာချက် ကို အခြေခံပြီး အမေရိကန်သံရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က အခုလို ပြောပါတယ်။

"အထောက်အပံ့တွေဟာ လူသားချင်းစာနာမှုအကူအညီတွေ အကြီးအကျယ် လိုအပ်နေတာကို ဖြည့်ဆည်းနိုင်ဖို့ အတွက်သာမက၊ ငြိမ်းချမ်းပြီးတည်ငြိမ်တဲ့ မူလအခြေအနေတိုင်း ပြန်ဖြစ်အောင် လုပ်ဆောင်ရာမှာလည်း မရှိမဖြစ် လိုအပ်ပါတယ်။ လူသားချင်းစာနာမှု အကူအညီပေးနေတဲ့ အေဂျင်စီတွေ အနေနဲ့ အစိုးရရဲ့ လူသားချင်းစာနာမှု လုပ်ငန်းတွေကို ပံ့ပိုးပေးတဲ့ အနေနဲ့ လက်ရှိလိုအပ်ချက်တွေကို အပြည့်အ၀ သိရှိနိုင်အောင် လုပ်ဆောင်နိုင်ဖို့ အတွက်လည်း အတားအဆီးမရှိ သွားလာခွင့်ရှိဖို့ လိုပါတယ်။ ဒါ့အပြင် ဈေးတွေ၊ လူမှုဘဝတွေမှာ ပြန်လည်ဝန်ဆန့်နိုင်အောင် ဆောင်ရွက်ရာမှာလည်း တကယ့်ကို အရေးကြီးပါတယ်။"

ပဋိပက္ခဖြစ်ပွားခဲ့တဲ့ ဒေသတွေမှာ စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး လုပ်ရာမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိတယ်ဆိုပြီး နိုင်ငံတကာ အသိုင်းအဝိုင်း က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြတာပါ။ မြန်မာ အစိုးရဖက်ကတော့ အဲဒီ့စွပ်စွဲချက်တွေကို ပြတ်ပြတ်သားသား ငြင်းဆိုထားသလို ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်တဲ့ ပြဿနာတွေကို ဖြေရှင်းဆောင်ရွက်တဲ့နေရာမှာ အချိန်ယူ ဆောင်ရွက်ဖို့လိုတယ်လို့လည်း နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုထားပါတယ်။

အလားတူပဲ ဒီဇင်ဘာလ ၁ ရက်နေ့က သမ္မတ ဦးထင်ကျော်က ဖွဲ့စည်းပေးခဲ့တဲ့ စုံစမ်းစစ်ဆေးရေး ကော်မရှင်အဖွဲ့ဟာလည်း မနက်ဖြန်မှာ အဲဒီ့ဒေသတွေကို သွားရောက်မှာ ဖြစ်သလို အဲဒီ့ဒေသတွင်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေနဲ့ စွပ်စွပ်ပြောဆိုမှုတွေကို နိုင်ငံတကာစံချိန် စံနှုန်းတွေနဲ့ အညီ ပွင့်ပွင့်လင်းလင်း မျှမျှတတ လုပ်ဆောင်သွားမယ်လို့ ပြောဆိုထားပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ကတော့ ပဋိပက္ခ ဖြစ်ရာ ဒေသတွေမှာ လူသားချင်းစာနာထောက်ထားတဲ့ အကူအညီတွေ အမြန်ဆုံး ရရှိဖို့နဲ့ သတင်းမီဒီယာ အဖွဲ့အစည်းတွေလည်းအဲဒီ့ဒေသက မြေပြင် အခြေအနေတွေကို သွားရောက် သတင်းယူနိုင်အောင် ဆောင်ရွက်ပေးနိုင်ဖို့ကိုလည်း တိုက်တွန်းပြောကြားထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG