သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်အရေး ကုလတိုက်တွန်းချက် လက်တွေ့မကျဟု မြန်မာအစိုးရတုန့်ပြန်


ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Vijay Nambiar။
ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် Vijay Nambiar။

မတည်မငြိမ် အခြေအနေတွေ ကြုံနေရတဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ကိုယ်တိုင် သွား ရောက်ပြီး ဒေသခံများနဲ့ တွေ့ဆုံဖို့ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီမွန်းရဲ့ မြန်မာနိုင်ငံ နိုင်ဆိုင်ရာ အထူး ကိုယ်စားလှယ် တိုက်တွန်းပြောဆိုမှု ဟာ နိုင်ငံတနိုင်ငံရဲ့အုပ်ချုပ်မှုအာဏာအပေါ် ဖိအားပေးတဲ့ တိုက်တွန်းမှု တခုသာဖြစ်တယ်လို့ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ်က တုံ့ပြန်လိုက်ပါတယ်။ ကုလသမဂ္ဂအနေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ရှိနေတယ်လို့ ပြောဆိုမှုတွေ အတွက် တိတိကျကျ ဖော်ထုတ် တင်ပြဖို့တောင်းဆိုလိုက်ပြီး တဖက်သတ် စွပ်စွဲပြောဆိုမှုတွေ အတွက် ပြန်လည် ခုခံချေပသွားမယ် လို့လည်းပြောဆိုလိုက်ပါတယ်။ ဒီ သတင်းကို ဗွီအိုအေ မြန်မာပိုင်း ကမေခက ပေးပို့ထားပါတယ်။

ပဋိပက္ခတွေ ကြုံနေရတဲ့ မောင်တောနဲ့ ဘူးသီး တောင် ဒေသတွေကို နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် သွားရောက်ဖို့ နဲ့ ဒေသခံများနဲ့ တွေ့ဆုံဖို့ကို ကုလသမဂ္ဂ အတွင်း ရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာက တိုက်တွန်း လိုက်တဲ့ အပေါ် မြန်မာအစိုးရ တာဝန်ရှိသူက အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။

မစ္စတာ ဗီဂျေနမ်ဘီယာက ရခိုင်ပြည်နယ် မြောက်ပိုင်း အခြေအနေနဲ့ ပတ်သက်လို့ ရခိုင် ပြည်နယ်ကို သွားရောက်ခဲ့တဲ့ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ်ဟောင်း မစ္စတာ ကိုဖီအာ နန် အကဲဖြတ်ချက်တွေကို သူ့အနေနဲ့ လက်ခံထားပေမယ့် အစိုးရအနေနဲ့ ဒီဒေသတွေ ကို ပေးအပ်မယ့် လူသားချင်းစာနာမှု အကူအညီပေးမှုများနဲ့ သတင်းရယူခွင့် ကို မပိတ်ပင် စေလိုဘူးလို့ပြောဆိုထားပါတယ်။

ဒီလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူး ကိုယ်စားလှယ် ဗီဂျေးနမ်ဘီယာက တိုက်တွန်းမှုတွေနဲ့ပတ်သတ်လို့ သမ္မတရုံး ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဇော်ဌေးကတော့ ထုတ်ပြန်ချက်ဟာ လက်တွေ့မဆန်တဲ့အတွက် စိတ်ပျက်မိတယ် လို့ပြောဆိုလိုက်ပါတယ်။

" လက်တွေနဲ့ကင်းကွာတဲ့အတွက် ဒီ Statement က တော်တော်လေးကို စိတ်ပျက်စရာကောင်းတဲ့ Statement ဖြစ်တယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို မောင်တောကိုသွားပါတို့ ဘာတို့ တိုက်တွန်းတယ် ဆိုတာ ဒေါ်အောင်ဆန်းစုကြည်သည် လက်တွေ့ အောက်မှာရှိနေတဲ့ အခြေအနေမှန်တွေကို မသိလို့ သွားပေးပါဆိုတဲ့သဘော။ ပြောရရင်တော့ သူများနိုင်ငံရဲ့ နိုင်ငံအကြီးအကဲတယောက် နောက် သူများနိုင်ငံရဲ့ အုပ်ချုပ်မှု အာဏာကို ဒါတွေမှာ တော်တော်လေးကို Conflict ဖြစ်နေတဲ့ တိုက်တွန်းချက်ဖြစ်တယ်။ ပြောရရင်တော့ အစိုးရအနေနဲ့ ဖြစ်နေတာတွေ အကုန်လုံးသိတယ်။ အဲ့ဒီ့ဒေသနဲ့ပတ်သက်လို့ မသိတာ မရှိဘူးပေါ့နော် နောက်ဆုံး ပြည်သူလူထုနဲ့ နိုင်ငံတကာကို ထုတ်ဖော်ပြောလို့ မရတဲ့ နောက်ကွယ်က ဖော်ထုတ်ဆဲ အချက်အလက်တွေပါ သိပါတယ်။ ဒီနေရာကို နိုင်ငံခေါင်းဆောင် အနေနဲ့က ဘယ်သူသွားမယ် ဘယ်သူလာမယ်ဆိုတာ အစိုးရက နိုင်ငံခေါင်းဆောင်တွေ ဆုံးဖြတ်ရမယ့် ကိစ္စဖြစ်တယ်။"

လူသားချင်းစာနာမှု အကူအညီပေးမှုများကို အစိုးရအနေနဲ့ပိတ်ပင်ထားမှုမရှိသလို ပြီးခဲ့ တဲ့ နိုဝင်ဘာ ၄ရက်နေ့ကစလို့ နိုင်ငံတကာအဖွဲ့အစည်းတွေက လူသားချင်း စာနာမှု အကူအညီပေးနေတဲ့ ပကတိအခြေအနေတွေကို မျက်ကွယ်ပြုတဲ့ ပြောဆိုမှု မျိုး ကုလ အဖွဲ့ အစည်းအနေနဲ့ မလုပ်ဆောင်သင့်ဖူး လို့လည်း ပြောဆိုလိုက်ပါတယ်။

လက်ရှိအခြေအနေမှာတော့ ဘူးသီး တောင်၊ မောင်တောဒေသတွေကို သတင်း မီဒီယာတွေ လွတ်လပ်စွာ သွားရောက်ခွင့် မရှိတဲ့အခြေအနေမျိုး ကြုံနေရ သလို၊ နိုင်ငံတကာ သတင်းမီဒီယာတချို့မှာ လူမျိုးတုံးသတ်ဖြတ်မှုလို လုပ်ရပ်မျိုး အထိ ကြုံနေရတယ်လို့ ဖော်ပြမှုတွေလည်း ရှိနေပါတယ်။

ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသမှာ ပြင်းထန်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ ကျုးလွန် နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ပတ်သတ်လို့ ဦးဇော်ဌေးက ခုလို တုံပြန်ပြောဆိုလိုက်ပါတယ်။

" ကျေျနာ်တို့သည် အဲ့ဒီ့စွပ်စွဲပြောကြားမှုတွေနဲ့ပတ်သက်ပြီး မျက်စိစုံမှတ်ငြင်းနေတာ မဟုတ်ဘူး။ ချိုးဖောက်မှုတွေ ရှိတယ်ဆိုရင် ကျနော်တို့ တာဝန်သိ တာဝန်ယူသွားမယ်။ အဆင့်ဆင့်လည်း တာဝန်ယူမှုတွေ ပြောထားပြီးသားဖြစ်တယ်။ အဲ့လိုပြောထားတဲ့ အနေအထားမှာ ကျနော်တို့ အကူအညီပေးပါ။ ဒေတာအချက်အလက်တွေ ပေးပါ။ ဘယ်မှာ၊ ဘယ်နေရာ၊ ဘယ်အချိန် ဘယ်လို ဘယ်လို ချိုးဖောက်မှုရှိတယ်ဆိုရင် ကျနော်တို့ကို ပြော။ အချက်အလက်တော့ ပေးရမယ်။ အချက်အလက်မပေးပဲနဲ့ ဝါးလုံးရှည်နဲ့ ကျုံးပြီး ပြောနေရင် ကျနော်တို့ ဖြေရှင်းရတာလည်း ခက်တယ်။ အဲ့တာမျိုးလည်း ပြောထားတယ်။ အဲ့တာနဲ့ပတ်သက်လို့ ကုလသမဂ္ဂရော ကျန်တဲ့ အဖွဲ့အစည်းရော ပြောထားပြီးသားဖြစ်တယ်။ အဲ့လိုမျိုး မဟုတ်မမှန် မျိုးစုံပေါ့နော် ယူကျူ့မှာ ရေးလိုက် ဘလော့ခ်မှာ ရေးလိုက် ဆိုရှယ်မီဒီယာတွေမှာ ရေးလိုက် တွစ်တာမှာရေးလိုက် မျိုးစုံရေးနေတဲ့ဟာတွေကို တခုချင်းတော့ ကျနော်တို့ လိုက်မရှင်းနိုင်ဘူး။ သို့သော် ကျနော်တို့ဘက်က နံပါတ်တစ် ကျနော်တို့ လုပ်တာ ကိုင်တာတွေသည် ဘာမှ ခြွင်းချက်မရှိ စစ်ဆင်ရေးကိစ္စ၊ လုံခြုံရေးကိစ္စကလွဲလို့ အမှန် အမှန်အတိုင်း ထုတ်ပြန်သွားမယ်။"

ဒီဒေသ တွေကို မကြာခင်မှာ သတင်းဌာနတွေကို သွားရောက် သတင်းယူ ခွင့်ပေးမယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။ မနက်ဖြန်မှာ မကြာသေးခင်က ဒုသမ္မတဦးဆောင်ပြီးဖွဲ့ထားတဲ့ ရခိုင်စုံစမ်းစစ်ဆေးရေး ကော်မရှင်က ရခိုင်ဒေသကို သွားရောက်ပြီး လေ့လာသွားမှာဖြစ်ကြောင်း၊ အစိုးရအနေနဲ့ မဟုတ်မမှန် သတင်းဌာနတွေဘက်က မဟုတ်မမှန်သတင်း ရေးသားဖော်ပြမှု တွေရှိလာ ရင် နိုင်ငံတကာ ဥပဒေတွေအတိုင်း ဖြေရှင်းသွား မယ်လို့လည်း ပြောဆို လိုက်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG