သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်နယ်နဲ့တိုင်းအလိုက် ဖွဲ့စည်းပုံရေးဆွဲရန် သဘောတူ


 ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံ တက်ရောက်တဲ့ ၁၀ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး။
ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC ဥက္ကဋ္ဌ နိုင်ငံတော်အတိုင်ပင်ခံ တက်ရောက်တဲ့ ၁၀ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေး။

ပြည်နယ်နဲ့ တိုင်းတွေမှာ သီးခြား ကိုယ်ပိုင်ဖွဲ့စည်းပုံ အခြေခံဥပဒေ ရေးဆွဲပြဌာန်းနိုင်ခွင့်ကို မူအားဖြင့် သဘောတူလိုက်ကြပါတယ်။ မနေ့က နေပြည် တော်မှာ ကျင်းပတဲ့ ၁၀ကြိမ်မြောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC အစည်းအဝေးမှာ အဲဒီလို လက်ခံ သဘောတူ လိုက်ကြတာ ဖြစ်ပါတယ်။ ကိုဉာဏ်ဝင်းအောင်က တင်ပြထားပါတယ်။

ခေတ်အဆက်ဆက်မှာ လက်နက်ကိုင်ပုန်ကန်လာတဲ့ တိုင်းရင်းသားတွေရဲ့ တောင်းဆိုချက်လည်းဖြစ်တဲ့ တန်တူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့် စတာတွေပေါ် အခြေခံပြီး ပြည်နယ်တွေနဲ့ တိုင်းဒေသကြီးတွေမှာ ကိုယ်ပိုင် ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲပြဌာန်းနိုင်ခွင့်ကို မေလ ၁၂ ရက် မနေ့ကကျင်းပတဲ့ UPDJC အစည်းအဝေးမှာ မူအားဖြင့် သဘောတူခဲ့ကြတယ်လို့ နိုင်ငံတော် အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မီဒီယာတွေကို ပြောပါတယ်။

" အဓိက ကျနော်တို့ဆွေးနွေးတာက တန်းတူရေး၊ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ဖက်ဒရယ်ပြည်ထောင်စုမူ၊ ပါတီစုံဒီမိုကရေစီစနစ်၊ အားလုံးပေါင်းခေါင်းစဉ်ကြီး ခြောက်ချက်ရှိပါတယ်။

ကျနော်တို့ ဖက်ဒရယ်အခြေခံမှုတွေ အဲ့ဒီ့အခြေခံမူတွေမှာလည်း ကျနော်တို့ တိုင်းပြည်မှာ တခါမှ မရှိဖူးတဲ့ သဘောတူညီချက်ပေါ့နော် ဥပမာ ကိုယ်ပိုင်ပြဌာန်းခွင့်၊ နောက်တချက်က တိုင်းနဲ့ပြည်နယ်တွေမှာ ကိုယ်ပိုင် Constitutionတွေ ထားရှိဖို့ ဒါကို အကုန်လုံးက သဘောတူတယ်။"

အခုလို ပြည်နယ်တွေအတွက် ကိုယ်ပိုင်ဖွဲ့စည်းပုံအခြေခံဥပဒေ ရေးဆွဲခွင့် ရလာမယ့်အပေါ် ကြိုဆိုပေမယ့်၊ ဒေသခံတွေ ဘယ်လောက် အတိုင်းအတာ အထိ မျှမျှတတ ခံစားခွင့်ရမယ့် အခြေခံဥပဒေမျိုး ဖြစ်လာမလား ဆိုတာကိုတော့ စောင့်ကြည့်ရမှာ ဖြစ်တယ်လို့ အမေရိကန် အနောက်ဖက်ခြမ်း ကာလီဖိုးနီးယား ပြည်နယ်အခြေစိုက် ရှမ်းစာပေနဲ့ ယဉ်ကျေးမှုအသင်း ဥက္ကဋ္ဌ ဒေါက်တာ စိုင်းထွေးမောင်က ပြောပါတယ်။

" ကျနော်တို့ပြည်နယ်တွေကို သီးသန့်သူ့ဟာသူ အခြေခံဥပဒေဆွဲခိုင်းမယ်။ ဆွဲခွင့်ပြုတယ် ဆိုတာတော့ သိပ်ကောင်းတာပေါ့။ အဲ့တာ ကျနော်တို့အနေနဲ့ အများကြီးကြိုဆိုတယ်။ ကိုယ်ပိုင်ပြဌာန်းခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်၊ အဲ့တာကို ကျနော်တို့ အရမ်းတောင့်တတယ် လိုလားတယ်။ ဒါပေမဲ့ ဘယ်လောက်အတိုင်းအတာအထိ ဆွဲနိုင်သလဲ။ ကိုယ်ပိုင်လုပ်နိုင်ခွင့် ဘယ်လောက်ရှိသလဲ။ အဲ့တာတော့ အရေးကြီးတယ်။ တကယ်လို့များ ဆွဲတဲ့ဥစ္စာက ၂၀၀၈ ဖွဲ့စည်းပုံအောက်မှာပဲ ဆွဲရမယ်။ သီးခြားညွှန်ကြားချက်တွေ ထွက်လာပြီးတော့ ဒီညွှန်ကြားချက် အတိုင်း ဆွဲရမယ်ဆိုရင်တော့ ကျနော်တို့ ရချင်တဲ့ အခြေခံဥပဒေလည်း ရမှာမဟုတ်ဘူး။ အဲ့တာကို ကျနော်စိုးရိမ်တယ်။

အဓိကကတော့ ရှမ်းပြည်နယ်အစိုးရမှာ Power authority ရှိရမယ်။ နောက်ပြီးတော့မှ အခွန်ကောက်တယ်ဆိုလည်း ရှမ်းပြည်နယ်အစိုးရကပဲ အခွန်ကောက်တဲ့စနစ်ကို လုပ်နိုင်တယ်။ နောက်ပညာရေး၊ ကျန်းမာရေး၊ လမ်းပမ်းဆက်သွယ်ရေး ရှမ်းပြည်နယ်မှာထွက်တဲ့ သံယံဇာတပစ္စည်းတွေအားလုံး ရှမ်းပြည်ပိုင်တယ်။ ရှမ်းပြည်အစိုးရကနေ ရောင်းဝယ်ရမယ်။ ရောင်းဝယ်ပြီး ရလာတဲ့ပိုက်ဆံအားလုံး ကနေပြီးတော့မှ အချိုးကျ ကျနော်တို့က ဖက်ဒရယ်အစိုးရကို ပြန်ပေးရမယ်။ အခုကပြသနာက ဘာလဲဆိုတော့ ကချင်ပြည်နယ် ရှမ်းပြည်နယ် ထွက်သမျှ သံယံဇာတရောင်းပြီး ရလို့ရတဲ့ငွေအားလုံးက ကျနော်တို့ပြည်နယ်က တပြားမှ မရဘူး။"

ရေးဆွဲခွင့်ရလာမယ်ဆိုတဲ့ ပြည်နယ်နဲ့တိုင်းတွေ ဖွဲ့စည်းပုံအခြေခံဥပဒေတွေဟာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်မှာသာ ရေးဆွဲသွားရမှာ ဖြစ်ပါ တယ်။ မနေ့ကကျင်းပတဲ့ UPDJC အစည်းအဝေးမှာ ပြည်နယ်နဲ့တိုင်း ဖွဲ့စည်းပုံရေးဆွဲရေး အပါအဝင် နိုင်ငံရေး အကြောင်းရာ ၂၁ ချက်၊ စီးပွားရေး ကဏ္ဍအတွက် ၁၀ ချက်၊ လူမှုရေးကဏ္ဍ ၄ချက်၊ မြေယာနဲ့သယံဇာတကဏ္ဍအတွက် ၆ချက် စုစုပေါင်း ၄၁ ချက်ဆွေးနွေး သဘောတူခဲ့ပါတယ်။

ပြည်နယ်နဲ့တိုင်းတွေအတွက် ဖွဲ့စည်းပုံရေးဆွဲရေး အချက်ကိုတော့ မေလ ၂၄ ရက်နေ့မှာ ကျင်းပမယ့် ၂၁ ရာစုပင်လုံ ညီလာခံမှာ ထပ်မံတင်သွင်းပြီး အတည်ပြုချက် ရယူသွားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG