သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ် ရှမ်းနဲ့ ရခိုင်လက်နက်ကိုင်အဖွဲ့ ၂၁ရာစုပင်လုံတက်ရေးမရေရာ


၂၁ရာစုပင်လုံညီလာခံအတွက် ပြင်ဆင်မှုများ (၂၀၁၆)
၂၁ရာစုပင်လုံညီလာခံအတွက် ပြင်ဆင်မှုများ (၂၀၁၆)

အပစ်ရပ်စာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ ရှမ်းနဲ့ရခိုင်လက်နက်ကိုင်အဖွဲ့၂ခုက လာမယ့် ၂၁ရာစုပင်လုံတက်ရောက်ရေးဟာ အခုချိန်ထိ မတင်မကျရှိနေပါတယ်။ အဓိက အချက်ကတော့ လူမျိုးအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပခွင့်နဲ့ သက်ဆိုင်နေပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက်ကိုမိုးဇော်က တင်ပြထားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် NCA ကို လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေဟာ လူမျိုးအလိုက်နဲ့ ဒေသအလိုက်အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ ကျင်းပခဲ့ရာမှာ RCSS ခေါ် ရှမ်းတပ်ဖွဲ့နဲ့ ALP ခေါ် ရခိုင်တပ်ဖွဲ့တွေကတော့ လူမျိုးအလိုက်အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကျင်းပဖို့အတွက် မပြေမလည်ရှိနေပါတယ်။

ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSSက လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို တောင်ကြီးမြို့ ဒါမှမဟုတ်ပင်လုံမြို့မှာ ကျင်းပဖို့ တောင်းဆိုထားပြီး လောလောဆည်အစိုးရနဲ့ ညှိနှိုင်းနေဆဲဖြစ်တယ်လို့ RCSS ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဒုဗိုလ်မှုးကြီး စိုင်းငင်းက အခုလို ပြောပါတယ်။

“အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေရှမ်းလူမျိုးတွေလုပ်ဖို့က ကျနော်တို့ညှိနေတယ်ခင်ဗျအခုလောလောဆယ်။ ကျနော်ထင်တယ်လေ ဒီတပတ် ၂ ပတ်အတွင်းမှာတော့ တိတိကျကျအဖြေထွက်လာမှာတော့ဖြစ်ပါတယ်။”

ပြီးခဲ့တဲ့ဖေဖော်ဝါရီလကတော့ မိုင်းပန် ဒါမှမဟုတ် ထိုင်းနယ်စပ်အနီးက မိုင်းတော့၊ မိုင်းထားမှာသကျင်းပဖို့ အစိုးရဖက်က တုံပြန်ထားတာကို
သွားလာရေး၊နေရာထိုင်ခင်းအခက်အခဲကြောင့် ရှမ်းတပ်ဖွဲ့က လက်မခံခဲ့ပါဘူး။ ရှမ်းလက်နက်ကိုင်အဖွဲ့ဟာ သူတို့ တောင်းဆိုတဲ့နေရာမှာ ကျင်းပခွင့်မရရင်
၂၁ရာစုပင်လုံတက်ရေးကို ဗဟိုအလုပ်အမှုဆောင်အစည်းဝေးမှာ ပြန်လည်ဆုံးဖြတ်ရှိကြောင်းလည်း RCSS ရဲ့ ပြောရေးဆိုခွင့်ရက အခုလို ပြောပါတယ်။

“ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ ဒီလအလည်လောက်မှာ ကျနော်တို့ CECတွေခေါ်ပြီးတော့ ကျနေ်ာတို့ ဆုံးဖြတ်မှာဖြစ်ပါတယ်။ အခုက ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေ မလုပ်ရသေးဘူးလေ။ မလုပ်ရသေးတော့ ၂၁ ပင်လုံညီလာခံသွားဖို့ဆိုတာက အခက်အခဲရှိတယ်။ ကျနေ်ာတို့ လူထုအသံသယ်သွားမှပဲ သွားလို့ရတဲ့အခြေအနေရှိတယ်။”

ပြီးခဲ့တဲ့ ဧပြီလအတွင်းက တောင်ကြီးမြို့မှာ ရှမ်းပြည်နယ် ဒေသအလိုက်နိုင်ငံရေးဆွေးနွေးပွဲကို ပြည်နယ်အစိုးရက ဦးဆောင်ကျင်းပခဲ့ပေမယ့် ဒါက ကျယ်ပြန့်တဲ့သဘောထားအမြင်တွေ ရယူဖို့ အချိန်အကန့်အသတ်ရှိခဲ့သလို ရှမ်းလူထုအားလုံးကိုလည်း ကိုယ်စားမပြုကြောင်း RCSS ဖက်က ထောက်ပြပါတယ်။

ရခိုင်လူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကိုတော့ ရခိုင်ပြည်နယ်အတွင်း အခြေအနေတွေကြောင့် ကျင်းပဖို့ ခွင့်ပြုတာမရှိသေးကြောင်း ရခိုင်ပြည်လွတ်မြောက်ရေးပါတီALP ရဲ့ဒုဥကဌ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။

“ကျမတို့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီကတော့ လက်မှတ်ထိုးထားတဲ့ အဖွဲ့အစည်းတခုဖြစ်ပါတယ်။NCA စာချုပ်အတိုင်းဆိုရင် ကျမတို့ အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးခွင့်ကို ရရမှာပါ။ ရှေ့တညက UPDJC အစည်းအဝေးမှာလည်း ကျမတို့ကို အဆင်သင့်ဖြစ်တဲ့အဖွဲ့အစည်းတွေကို လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာမျိုးကို ဆုံးဖြတ်ချက်ချခဲ့ပါရက်နဲ့ ဆက်တိုက်ဖြစ်ပေါ်လာတဲ့အစည်းအဝေးတွေမှာ ကျမတို့ကို လုပ်ပိုင်ခွင့်မရှိတော့ဘူး။ လွန်ခဲ့တဲ့ JMCU အစည်းအဝေးမှာဆိုရင် ရခိုင်ကို လုပ်ပိုင်ခွင့်မပေးခဲ့ပါဘူး။ မပေးခဲ့တဲ့ ကိစ္စကို ကျမတို့က မေးတဲ့အချိန်မှာ sensitive area လို့ပြောပါတယ် ထိလွယ်ရှလွယ်ဖြစ်တဲ့ ဧရိယာလို့ပြောပါတယ်။”

ALP ပါတီအနေနဲ့ လာမယ့် ၂၁ရာစုပင်လုံတက်ရောက်ရေးကို ပါတီဗဟိုကော်မတီအစည်းအဝေးမှာ ဆုံးဖြတ်သွားဖို့ ရှိနေကြောင်းလည်း ပြောပါတယ်။

“ကျမတို့က ပါတီအစည်းအဝေးခေါ်နိုင်ပါတယ်။ ပြီးရင် ရခိုင်တမျိုးသားလုံးနဲ့ ညှိနှိုင်း ပြီးဆောင်ရွက်နေဆဲဖြစ်ပါတယ်။ ကျမတို့ပါတီကတော့ အင်မတန် ဘေးကျပ်နံကျပ်လည်းဖြစ်နေပါတယ်။ NCA ကို လက်မှတ်ထိုးထားရက်နဲ့ ကျမတို့က အင်မတန်မှကို ခွဲခြားဆက်ဆံခံရတယ်ဆိုတာမျိုးကို ကျမတို့ကတော့ လုံးဝခံစားချက်မကောင်းပါဘူး။”

လောလောဆည်မှာ လူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲတွေကို ကရင်၊ချင်းနဲ့ ပအိုဝ်းတို့မှာ ကျင်းပခဲ့သလို ဒေသအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲတွေကိုတော့ ပဲခူး၊ တနင်္သာရီတိုင်းဒေသကြီးတွေနဲ့ ရှမ်းပြည်နယ်မှာ ကျင်းပခဲ့ပြီးဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG