သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန်နဲ့ ဆွေးနွေးဖို့ မြောက်ကိုရီးယားဆန္ဒရှိ


 မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမေရိကန်ရေးရာ ညွန်ကြားရေးမှူးချုပ် Choe Son Hui ။
မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမေရိကန်ရေးရာ ညွန်ကြားရေးမှူးချုပ် Choe Son Hui ။

မှန်မှန်ကန်ကန် အခြေအနေမျိုး ဖြစ်မယ်ဆိုရင် အမေရိကန်ပြည်ထောင်စုနဲ့ ဆွေးနွေးဖို့ ဆန္ဒရှိကြောင်း မြောက်ကိုရီးယား အဆင့်မြင့် သံတမန် တယောက်က ဒီကနေ့ပဲ ပြောဆိုလိုက်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အမေရိကန်ရေးရာ ညွန်ကြားရေးမှူးချုပ် Choe Son Hui က နော်ဝေနိုင်ငံကနေ မြောက်ကိုရီးယားကိုအပြန်၊ တရုတ်နိုင်ငံ ဘေဂျင်းမြို့တော် အပြည်ပြည်ဆိုင်ရာလေဆိပ်မှာ သတင်းထောက်တွေကို ပြောကြားခဲ့တာပါ။

အမေရိကန်သမ္မတ Donald Trump အစိုးရနဲ့ တွေ့ဆုံဖို့ မြောက်ကိုရီးယားက ပြင်ဆင်နေသလားဆိုပြီး မေးမြန်းရာမှာ အခြေအနေပေးရင် ဆွေးနွေးမယ်လို့ မှတ်ချက်ပေးခဲ့ကြောင်း တောင်ကိုရီးယားနိုင်ငံက Yonhap သတင်းက ဖော်ပြပါတယ်။ နော်ဝေနိုင်ငံ အော်စလိုမြို့မှာ ရောက်ရှိစဉ်မှာတော့ မြောက်ကိုရီးယား အဆင့်မြင့်သံတမန်ဟာ အမေရိကန် ပညာရှင်တွေ၊ အစိုးရအရာရှိဟောင်းတွေနဲ့ တွေ့ဆုံခဲ့တာပါ။

မြောက်ကိုရီးယား အမျိုးသမီးသံတမန်ရဲ့ မှတ်ချက်နဲ့ ပတ်သက်လို့ အမေရိကန် တာဝန်ရှိသူတွေဖက်ကတော့ တစုံတရာ မှတ်ချက်ပေး ပြောဆိုတာမျိုးတော့ မရှိသေးပါဘူး။ သမ္မတ Trump ကတော့ ပြီးခဲ့တဲ့လထဲမှာပဲ မြောက်ကိုရီးယားနဲ့ ပဋိပက္ခကြီးကြီးမားမား ရင်ဆိုင်ကောင်း ရင်ဆိုင်ရနိုင်တယ်လို့ ပြောဆိုခဲ့ပေမဲ့၊ မြောက်ကိုရီးယားရဲ့ နျူကလီးယားနဲ့ မစ်ဇိုင်းဒုံး အစီအစဉ်တွေနဲ့ ပတ်သက်လို့ ပြဿနာပေါ်နေရတာတွေကို သံတမန်ရေး နည်းလမ်းနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ဖြေရှင်းလိုကြောင်း ပြောဆိုထားပါတယ်။

ဒီနောက်ပိုင်းမှာလည်း၊ သင့်တော်တဲ့ အခြေအနေမျိုး ဖြစ်မယ်ဆိုရင် မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ပါ တွေ့လိုကြောင်း ပြောဆိုထားတာပါ။ ဒီသီတင်းပတ်ထဲမှာပဲ တောင်ကိုရီးယားနိုင်ငံမှာ သမ္မတသစ်အဖြစ် တာဝန်ယူခဲ့တဲ့ Moon Jae-in ကလည်း အခြေအနေပေးရင်၊ မြောက်ကိုရီးယားကို သွားရောက်ဖို့ ဆန္ဒရှိတဲ့အကြောင်း ပြောဆိုထားပါတယ်။

အမေရိကန်နဲ့ ဆွေးနွေးဖို့ မြောက်ကိုရီးယားဆန္ဒရှိ
please wait

No media source currently available

0:00 0:01:17 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG