သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်ဝင်းခိုင် ဖမ်းဝရမ်း နေပြည်တော်မှာ ဘာကြောင့်မထုတ်သလဲ


တိမ်းရှောင်နေသူ အောင်ဝင်းခိုင် ရဲမှတ်တမ်း။
တိမ်းရှောင်နေသူ အောင်ဝင်းခိုင် ရဲမှတ်တမ်း။

ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်ပတ်သက်နေတဲ့ လွတ်မြောက်နေဆဲ သံသယရှိသူ ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးဖို့ဆောင်ရွက်ရာမှာ ဖမ်းဆီးဖို့တာဝန်ရှိတဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ နဲ့ သံသယရှိသူ ဦးအောင်ဝင်းခိုင်ဟာ တပ်မတော် အရာရှိဟောင်းအချင်းချင်းတွေ ဖြစ်နေတဲ့ အတွက် ဖမ်းဆီးရမယ့်အရေးမှာ အခက်အခဲ ကြုံနေတာဖြစ်နိုင်တယ်လို့ ရှေ့နေ ဦးမင်းလွင်ဦးက သုံးသပ်ပါတယ်။ နေပြည်တော်မှာ ဖမ်းဝရမ်းထုတ်ခွင့်ကို ပယ်ချလိုက်တဲ့အပေါ် ဥပဒေရှုထောင့်က ဖြစ်နိုင်ခြေအချက်အလက်တွေနဲ့ ပတ်သက်ပြီး လူ့အခွင့်အရေးရှေ့နေ ဦးမင်းလွင်ဦးကို ဆက်သွယ်မေးမြန်းထားပါတယ်။

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်မှုမှာ ပါဝင်ပတ်သတ်နေတယ်လို့ သံသယရှိနေပြီး ဖမ်းလို့မမိသေးတဲ့ ဦးအောင်ဝင်းခိုင်ကို သူ့ကို နောက်ဆုံးတွေ့ခဲ့တဲ့ နေပြည်တော်ဒေသမှာ ဖမ်းဝရမ်းထုတ်မိန့်ကို တိုင်းလွှတ်တော်က သောကြာနေ့က ပယ်ချခဲ့တဲ့ကိစ္စမှာ မြန်မာနိုင်ငံဆိုင်ရာ တရားဥပဒေလုပ်ထုံးလုပ်နည်းတွေမှာ မှားယွင်းမှုလို ဟောင်ကောင်အခြေစိုက် အာရှလူ့အခွင့်အရေးအဖွဲ့က မြန်မာနိုင်ငံဆိုင်ရာတာဝန်ခံ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

မြို့နယ် ၆ ခုမှာသာ ဖမ်းဝရမ်းထုတ်ပေးပြီး ဦးအောင်ဝင်းခိုင်ကို နောက်ဆုံးတွေ့ခဲ့တဲ့ နေပြည်တော်မှာတော့ ဖမ်းဝရမ်း ပယ်ချလိုက်တဲ့အပေါ် ဝရမ်းမှာ အစကတည်းက မပြည့်စုံတဲ့အကြောင်း ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

"တရားရုံးက ထုတ်ပေးတဲ့ ဝရမ်းမှာကိုက မြန်မာနိုင်ငံတဝှမ်း မည်သည့် အရပ်ဒေသတွင် မဆို ဖမ်းဆီးနိုင်သည်ဆိုတဲ့ တိတိကျကျ ဖော်ပြထားတဲ့ဝရမ်းမျိုး ဖြစ်သင့်တာပေါ့လေ။ အဲ့ဒီ့လိုမျိုး ဆိုရင်တော့ အခုလိုမျိုး ထပ်ပြီးတော့ တင်ပြပြီးတော့ တောင်းနေစရာ မလိုဘူးပေါ့။ အခုတော့ အဲ့ဒီ့လို မဖြစ်တဲ့အတွက် ပြစ်မှုဆိုင်ရာ ပြင်ဆင်မှု လျှောက်လွှာ တင်သွင်းပြီးတော့ ပြင်ပေးဖို့အတွက်ပြောရတယ်လို့ ကျနော်တို့ထင်ပါတယ်။"

ဖမ်းဝရမ်းမှာ ဒေါပုံ၊ သာကေတ၊ မိတ္ထီလာ၊ မင်္ဂလာဒုံ စတဲ့ ၆ မြို့နယ်သာ ပါဝင်ပြီးတော့ ဦးအောင်ဝင်းခိုင်ကို နောက်ဆုံးတွေ့ခဲ့တဲ့ နေပြည်တော်မှာ ရှာဖွေဖမ်းဆီးဖို့ ဝရမ်းကိုတော့ ရန်ကုန်တိုင်းဒေသကြီးတရားလွှတ်တော်က ပယ်ချခဲ့ပါတယ်။

ဝရမ်းက မည်သည့်နေရာဒေသမှာ မဆို ဖမ်းဆီးနိုင်တယ်လို့ဖော်ပြထားခြင်းမရှိတဲ့အတွက် သံသယရှိသူကို ဖမ်းဆီးရာမှာ အခက်အခဲရှိတဲ့အပြင် နောက်တစ်ချက်ကတော့ ဖမ်းဆီးမယ့် တာဝန်ရှိသူတွေနဲ့ သံသယရှိသူတို့ရဲ့ တပ်မတော်အရာရှိဟောင်းအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ အတိတ်က ဆက်နွယ်နိုင်တဲ့ကိစ္စတွေကြောင့်လည်း ဖမ်းဆီးရာမှာ အခက်အခဲကြုံနေတာ ဖြစ်နိုင်တယ်လို့ ရှေ့နေ ဦးမင်းလွင်ဦးက ပြောပါတယ်။

" နောက်ပြီးတော့တခါ ဒီအောင်ဝင်းခိုင်ကလည်း တပ်မတော်အရာရှိဟောင်းဖြစ်တယ်။ အခုတာဝန်ယူထားတဲ့ ဆုံးဖြတ်နိုင်တဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကလူတွေကလည်း တပ်မတော်က ပြောင်းလဲလာတဲ့လူတွေပဲ ဖြစ်တယ်ဆိုတော့ကာ ဖမ်းဖိုရန်အတွက် ဘယ်လောက်ပဲ အားသွန်ခွန်စိုက် လုပ်နေနေ၊ အခက်အခဲ အများကြီးကြုံနေရတဲ့ အခြေအနေမျိုး ဖြစ်နေတယ်လို့ ကျနော်မြင်ပါတယ်။"

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုမှာ ပတ်သက်နေတဲ့ သံသယရှိသူ ဦးအောင်ဝင်းခိုင်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ သူ့ကို အကြမ်းဖက်ဥပဒေပုဒ်မနဲ့ အရေးမယူဘဲ ရာဇသတ်ကြီး ပုဒ်မနဲ့ပဲ အရေးယူတဲ့အပေါ် ပြည်သူတွေက မြန်မာနိုင်ငံရဲ့ တရားစီရင်ရေးစနစ်အပေါ် အယုံအကြည်နည်းလာတဲ့အကြောင်း ရှေ့နေ ဦးမင်းလွင်ဦးက ခုလို ဆက်ပြောပါတယ်။

"ပြည်သူလူထုတွေအမြင်ကတော့ တရားရေးဌာနရဲ့ စီမံဆောင်ရွက်မှုအပေါ်မှာ ပိုပြီးတော့ သံသယဖြစ်တာပေါ့နော်။ ဥပမာ မန္တလေးမှာဆိုလို့ရှိရင် သေနတ်တလက်မှ မမိပဲနဲ့ အကြမ်းဖက်မှု ဥပဒေနဲ့စွဲပြီးတော့ ထောင်ဒဏ်နှစ်ရှည်ချလိုက်တဲ့အမှုတွေရှိတယ်။ ဘာလက်နက်မှကို မရှိဘူး စာရွက်တောင်မရှိဘူး။ အဲ့တာကိုဖမ်းပြီးတော့ အကြမ်းဖက်မှုနှိမ်နှင်းရေး အက်ဥပဒေနဲ့ စွဲပြီးတော့ ထောင်ချလိုက်တယ်။ ဒီအမှုကျတော့ သေနတ်တွေလည်းမိတယ်။ သက်သေခံအထောက်အထားတွေလည်း တော်တော်များများ ပြည်သူတွေကနေပြီးတော့ ရှာဖွေဖမ်းဆီးပေးတဲ့အတွက် ဖမ်းဆီးမိတယ်။ ဒါကိုတောင် အဲ့သလို အကြမ်းဖက်မှုဥပဒေနဲ့အရေးမယူတာကတော့ ကျနော်တို့အစိုးရပိုင်းရဲ့ အားနည်းချက်လည်းပါတယ်။ တရားရေးဌာနရဲ့အားနည်းချက်လည်းပါတယ်။ ဥပဒေဌာနရဲ့ အမှုစွဲဆိုတင်ပြမှုချို့ယွင်းမှုကြောင့်လည်းပါတယ်လို့ ကျနော်တို့ကတော့ ပြောချင်ပါတယ်။"

တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီဟာ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ် လူမြင်ကွင်းမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး သံသယရှိသူ လွတ်မြောက်နေဆဲ ဦးအောင်ဝင်းခိုင် က ဇန်နဝါရီလ ၃၀ ရက်နေ့က စပြီး ထွက်ပြေးတိမ်းရှောင်နေတာ ဖြစ်ပါတယ်။

ဒီအမှုနဲ့ ပတ်သက်တဲ့ ဖမ်းဆီးထားတဲ့ သံသယရှိသူတွေကို လာမယ့် မေလ ၂၆ ရက်နေ့မှာ ရန်ကုန် မြောက်ပိုင်း ခရိုင်တရားရုံးမှာ ထပ်မံ ရုံးထုတ် စစ်ဆေးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG