သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့နေဦးကိုနီအမှု သံသယရှိသူ ရှာဖွေမိန့်တောင်းခံလွှာ တရားရုံးပယ်ချ


အောင်ဝင်းခိုင် ရဲမှတ်တမ်း။
အောင်ဝင်းခိုင် ရဲမှတ်တမ်း။

တရားလွှတ်တော် ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိပြီး လွတ်မြောက်နေဆဲ ဖြစ်တဲ့ ဦးအောင်ဝင်းခိုင်ကို နောက်ဆုံးတွေ့ခဲ့တဲ့ နေပြည်တော် ပရဆေး ဥယျာဉ်နားမှာ ရှာဖွေဖို့အတွက် ဖမ်းဝရမ်း အသစ် တစောင် ထုတ်ပေးဖို့ ကိစ္စကို ရန်ကုန်တိုင်း ဒေသကြီး တရားလွှတ်တော် က ဒီကနေ့ (သောကြာ နေ့) ပယ်ချလိုက်ပါတယ်။ တရားခံ မပြည့်မစုံနဲ့ အမှုကို တင်မယ်ဆိုရင် အမှန် တရားပေါ်ပေါက်ဖို့ ခက်ခဲမယ်လို့ ဆိုပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်လို့ ဗွီအိုအေ မြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင်က ပြောပြပေးပါမယ်။

ဦးကိုနီအမှုနဲ့ ပတ်သက်ပြီး ထွက်ပြေး လွတ်မြောက်နေတဲ့ ဦးအောင်ဝင်းခိုင်ကို ရှာဖွေ ဖမ်းဆီးနိုင်ရေး ဖမ်းဝရမ်းထုတ်ပေးဖို့ ကိစ္စကို ခရိုင်တရားရုံးက ပယ်ချထားသလို တိုင်းဒေသကြီး တရားလွှတ်တော်ကလည်း မေလ ၁၉ ရက်နေ့ သောကြာနေ့မှာ ပယ်ချလိုက်ပါတယ်။

တရားခံ ဖမ်းဆီးရမိရေးအတွက် ကြိုးပမ်းဆောင်ရွက်ဖို့ တရားရုံးမှာ တာဝန်ရှိပေမယ့်လည်း တရားလွှတ်တော်က ဖမ်းဝရမ်းထုတ်ပေးဖို့ ကိစ္စအပေါ် ဘာကြောင့် ပယ်ချတယ် ဆိုတာ ကိုတော့ တိတိကျကျ မသိရသေးဘူးလို့ တရားလိုရှေ့နေ ဦးနေလက ပြောပါတယ်။

"တရားရုံးမှာ တရားရုံးက အမှုတခုတင်ထားပြီးပြီဆိုလို့ရှိရင် တရားခံပြေးနဲ့ပတ်သက်ပြီး တရားရုံးရဲ့လုပ်ဆောင်ချက်ထဲမှာ ပြည့်ပြည့်စုံစုံ ဆောင်ရွက်ပေးစေချင်တဲ့ဆန္ဒရှိပါတယ်။ ကျနော်တို့ ဖမ်းဝရမ်းထုတ်ပေးဖို့ လှောျက်ထားရတာကလဲပဲ တရားရုံးရဲ့အမှုထဲမှာ ပြည့်စုံစေချင်လို့လျှောက်ထားရတာဖြစ်ပါတယ်။ ဒါကြောင့်မို့လို့ ကျနော်တို့ဟာကို ခွင့်မပြုတဲ့အတွက် ဘာကြောင့်ခွင့်မပြုသလဲဆိုတဲ့အကြောင်းတော့ မသိသေးပါဘူး။ ကျနော့်ကို တော်တော်များများပြောကြတယ်။ ကျနော့်ကြောင့် အမှုကြာတယ် လို့ပြောတယ်ပေါ့နော်။ ကျနော်တို့က တရားခံမပြည့်မစုံပဲ ဒီအမှုကို တင်မယ်ဆိုလို့ရှိရင် အမှန်တရား ပေါ်ပေါက်ရေးက ခက်ခဲပါတယ်။ တရားရုံးကလည်းပဲ တရားခံဖမ်းဆီးရမိရေး အတွက်လည်း တရားရုံးမှာ ကြိုးပမ်းဆောင်ရွက်ဖို့ တာဝန်ရှိပါတယ်။ ဒါကြောင့်လိုအပ်တဲ့ ဖမ်းဝရမ်းတွေ ထုတ်ရှင်းဖို့ လိုအပ်ပါတယ်။"

ဦးကိုနီအမှုနဲ့ပတ်သက်ပြီး ခရိုင်တရားရုံးကချမှတ်ထားတဲ့ “ဦးအောင်ဝင်းခိုင်ဟာ တွေ့ရှိဖွယ် မရှိဘဲ လွတ် မြောက်နိုင်ဖွယ်ရှိတယ်” ဆိုတဲ့ အမိန့်ကိုတော့ တိုင်းတရားလွှတ်တော်က ပယ်ဖျက်လိုက်ပြီး မှုခင်းရဲတပ် ဖွဲ့ရဲ့ လုပ်ဆောင်ချက်တွေကို ပြန်လည်စစ်ဆေးဖို့ ညွှန်ကြားလိုက်တာပါ။

မှုခင်းရဲတပ်ဖွဲ့ရဲ့ ဆောင်ရွက် ချက်တွေအပါအဝင် တရားခံပြေးအမှုကို ပြန်လည် စစ်ဆေးရမှာဖြစ်တဲ့အတွက် တကယ့် မူရင်း အမှု စစ် ဆေးဖို့ ကြန့်ကြာသွားတဲ့ သဘောဖြစ်တယ်လို့ ဦးနေလက ဆိုပါတယ်။

"တရားရုံးကနေ တရားခံပြေး ချမှတ်ဖို့အမိန့်ကို ပယ်ဖျက်လိုက်တယ်။ ပယ်ဖျက် လိုက်ပြီးတော့ တရားခံပြေးအမှုကို ပြန်လည်စစ်ဆေးဖို့ အမိန့်ချမှတ်တယ်။ အဲ့တာကြောင့် ဒီအမှုကြီးက ယနေ့အချိန်အထိ စစ်ဆေးခွင့်မရသေးဘူးဆိုတဲ့ အခြေအနေမှာ ရောက်သွားတယ်။"

မှုခင်းတပ်ဖွဲ့က ဦးအောင်ဝင်းခိုင်ကို ဖမ်းဆီးဖို့အတွက် ဒေါပုံ၊ သာကေတ၊ မိတ္ထီလာ၊ မင်္ဂလာဒုံ စတဲ့ ၆ မြို့နယ်ကိုသာ ပေးပို့ထားပြီး ဦးအောင်ဝင်းခိုင်ကို နောက်ဆုံးတွေ့ခဲ့တဲ့ နေပြည်တော် မပါပါဘူး။

တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ သံသယရှိသူတွေကို မတ် လ ၁၇ရက်နေ့က စတင် ရုံးထုတ်စစ်ဆေးခဲ့ပေမယ့် ၂လ ကျော်ကြာတဲ့အထိ ထူးခြားမှု တစုံတရာ မရှိ သေးပါဘူး။ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ အမှုတည်ဆောက်ပုံ မပြည့်စုံတာကြောင့် အမှု အသွား၊ အလာနဲ့ ပတ်သက်လို့ အားရမှုမရှိဘူးလို့ တရားလွှတ်တော် ရှေ့နေ ဦးနေလက ဆိုပါတယ်။

" ကျနော်တို့အနေနဲ့ကတော့ အမှုကိုဆောင်ရွက်ရတဲ့အပိုင်းမှာ အမှုတည်ဆောက်ပုံ အားဖြင့် အမှုဟာ ပြည့်စုံမှုမရှိဘူးလို့ကျနော်တို့ ယူဆတယ်။ ဒီအမှုကိုစစ်ဆေးတဲ့အခါမှာ ပွင့်ပွင့်လင်းလင်းပြောမယ်ဆိုရင်တော့ အားရမှုမရှိဘူးလို့ပဲ ကျနော်ပြောရမှာပဲ။ ဒါက တရားရုံးရဲ့ဆောင်ရွက်ချက်ကို ပြောတာမဟုတ်ပါဘူး။ အမှုတည်ဆောက်တဲ့အခါမှာ ပြည့်စုံမှုမရှိတဲ့အတွက်ကြောင့်မို့လို့ အခုလို အားရမှုမရှိတာဖြစ်ပါတယ်။ ကျနော်တို့ အမှန်တရားကို တကယ်လိုချင်တယ်ဗျာ။ ဦးကိုနီအတွက် အမှန်တရားကို တကယ် လိုချင်တယ် ဆိုရင် တရားခံတကယ်ပြည့်စုံစွာ ဖမ်းဆီးရမိရေးအတွက် ဘာကြောင့် သတ်တယ် ဆိုတဲ့ရည်ရွယ်ချက်ကို သိဖို့ လိုတယ်လို့ထင်ပါတယ်။ ဒါကြောင့်မို့ ကျနော်တို့ကတော့ အားရမှုမရှိဘူးလို့ပဲ ကျနော်ဖြေပါရစေ။"

တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီဟာ ဇန်နဝါရီလ ၂၉ ရက်နေ့က ရန်ကုန်လေဆိပ် လူမြင်ကွင်းမှာ လုပ်ကြံသတ်ဖြတ်ခံခဲ့ရတာဖြစ်ပြီး ဒီအမှုနဲ့ ပတ်သက်တဲ့ ဖမ်းဆီးထားတဲ့ သံသယရှိသူတွေကို လာမယ့် မေလ ၂၆ ရက်နေ့မှာ ရန်ကုန် မြောက်ပိုင်း ခရိုင်တရားရုံးမှာ ထပ်မံ ရုံးထုတ် စစ်ဆေးမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG