သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံခံရမှု တလပြည့် တရားရေးအရ ပွင့်လင်းမြင်သာမှုမရှိသေး


NLD ဥပဒေအကြံပေး ဦးကိုနီ။ ဇန်နဝါရီ ၁၃။ ၂၀၁၆။
NLD ဥပဒေအကြံပေး ဦးကိုနီ။ ဇန်နဝါရီ ၁၃။ ၂၀၁၆။

ရှေ့နေဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရတာ တစ်လတင်းတင်းပြည့်ပြီဖြစ်ပေမဲ့လို့ ဖမ်းမိထားတဲ့ တရားခံတွေ၊ လွတ်မြောက်နေတဲ့သူတွေနဲ့ ပတ်သက်လို့ တရားဥပဒေကြောင်း အရ တရားစွဲဆိုနိုင်ဖို့ တရားရုံးတင်တာ မတွေ့ရသေးတဲ့အတွက် တရားစီရင်ရေးအပိုင်း ပွင့်လင်းမြင်သာ မှုရှိပါလို့ မြန်မာနိုင်ငံရှေ့နေများကွန်ရက် တာဝန်ရှိသူတဦးကပြောဆိုလိုက်ပါတယ်။ လေဆိပ်လိုလူမြင်ကွင်းမှာ အသတ်ခံခဲ့ရတဲ့အမှု အပေါ် စေခိုင်းသူတရားခံအစစ်အမှန်ပေါ်ပေါက်ရေး ဘယ်လိုကိုင်တွယ် စစ်ဆေးနေတယ်ဆိုတာ ပြည်သူကို အချိန်နဲ့တပြေးညီ ရှင်းလင်းဖို့ကိုလည်း လူငယ်ကွန်ရက်ကတောင်းဆိုပါတယ်။ အသေးစိတ် မဆုမွန် ဆက်ပြောပြပါမယ်။

ပြန်ကြားရေးဝန်ကြီးပါ ပါဝင်တဲ့ နိုင်ငံတော်အစီအစဉ်နဲ့ သွားခဲ့တဲ့ ပြည်ပခရီးစဉ်ကအပြန် ရန်ကုန်နိုင်ငံတကာ လေဆိပ်လို လူစည်ကားတဲ့နေရာမှာ ဦးခေါင်းကို သေနတ်နဲ့တေ့ ပစ်ပြီး လုပ်ကြံ သတ်ဖြတ်ခံလိုက်ရတဲ့ NLD ပါတီ ဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ကိုယ်တိုင်ပစ်သတ်ခဲ့သူ အပါအဝင် ကြံရာပါတွေကို ဖမ်းဆီးပြီး စုံစမ်းစစ်ဆေးနေတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုခဲ့ပါတယ်။

ဒါပေမဲ့လို့ ဇန်နဝါရီလ ၂၉ရက်နေ့ ဦးကိုနီ သေဆုံးတဲ့နေ့ကစလို့ သေနတ်နဲ့ပစ်တဲ့ သူအပါအဝင် ဖမ်းဆီးစစ်ဆေးနေဆဲသူတွေ နဲ့ ပတ်သက်လို့ တရားဥပဒေကြောင်းအရ ဆက်လက်အရေးယူနိုင်ဖို့ တရားစွဲဆို တရားရုံးတင်နိုင်ဖို့အရေး လုပ်ဆောင်တာတော့ အခုထက်ထိ မတွေ့ရသေးဘူးလို့ မြန်မာနိုင်ငံရှေ့နေများ ကွန်ရက်ဦးဆောင်အဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေဦးရောဘတ်စန်းအောင်က အခုလိုပြောပါတယ်။

“ဒီအမှုက ဇန်နဝါရီလ ၂၉ ရက်နေ့ ကဖြစ်တယ်။ အဲဒီနေ့ပဲ ကြည်လင်းကို စ ဖမ်းတယ်။ ကြည်လင်းကို ဖမ်းပြီး ၃၀ ရက်နေ့ကျတော့ အောင်ဇော်ဝင်းကိုဖမ်းတယ် အဲဒီနောက်ပိုင်းမှာ ဆင့်ကဲ ကျူးလွန်တဲ့သူတွေကို ဖမ်းလာတယ်။ ပေးလို့ရတဲ့ အမြင့်ဆုံးပြစ်ဒဏ်က သေဒဏ်ဆိုတော့ ရမာန် ၂ ပတ်ပဲ ယူရမယ်။ ရမာန် ၂ ပတ်ဆိုရင် ၂၈ ရက် ပဲ ။ အဲ့ဒီ့တော့ မတ်လ ၁ရက်နေ့ဆိုတ ရုံးတင်သင့်ပြီ။ အဲဒီရုံးတင်တဲ့အဆင့်ကိုလည်း ကျနော်တို့ မကြားသိရဘူး။ အောင်ဝင်းခိုင်ကို လိုက်ဖမ်းတာ မမိသေးဘူးဆိုရင် သူ့ကို တရားခံပြေးမှုအနေနဲ့ ဖွင့်မလား ဒါတွေလည်း ဘာမှ မသိရဘူး ၊ သတင်းစာဆရာတွေလည်း မသိဘူး သတင်းစာဆရာတွေ သတင်းထောက်တွေလည်း ပေးမဝင်ဘူး။ အဲ့ဒီ့တော့ ပွင့်လင်းမြင်သာမှု မရှိပဲနဲ့ ဒီအမှုကို ဆောင်ရွက်နေတယ်လို့ ကျနော်တို့ ပြောချင်တယ်။ ဥပဒေနဲ့အညီ ဆောင်ရွက်နေတယ် လို့ ကျနော်တို့ မြင်တွေ့ကြားသိရတဲ့ အချက်တွေလည်း တစုံတရာ မရှိဘူးခင်ဗျ။”

ပြည်သူတွေရဲ့နေ့စဉ်လူနေမှုဘဝလုံခြုံရေးတာဝန်ယူထားတဲ့ပြည်ထဲရေးအနေနဲ့လည်း အခုလို လေဆိပ်လူမြင်ကွင်းမှာ သေနတ်နဲ့ပစ်ခတ်ခဲ့တဲ့ အကြမ်းဖက်လုပ်ရပ်နဲ့ပတ်သက်လို့ စေခိုင်းသူတရားခံ အစစ်အမှန်ပေါ်ပေါက်ရေး ဘယ်လိုကိုင်တွယ် သွားမလဲဆိုတာ လူငယ်တွေက စောင့်ကြည့်နေကြောင်း ဦးကိုနီတစ်လပြည့်ကြေညာချက် ကို ရန်ကုန်လူငယ်ကွန်ရက် က ဒီကနေ့ ထုတ်ပြန်ပါတယ်။ သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ တရားခံအစစ်အမှန်တွေကို ဖော်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူပေးဖို့ကိုလည်း တောင်းတယ်လို့ ရန်ကုန်လူငယ်ကွန်ရက်ဥက္ကဋ္ဌ မသဉ္စာရွှမ်းလဲ့ရည်ကပြောပါတယ်။

“ရှင်းလင်းချက်တွေက ကျမတို့ မျှော်မှန်းထားတာထက်တောင်ပိုပြီးတော့ စိတ်ပျက်ဖွယ်ရာ အကျိုးအကြောင်းဆီလျော်မှု မရှိတဲ့ သုံးသပ်ချက်တွေဖြစ်နေတာဆိုတဲ့အပေါ်မှာ ကျူးလွန်တဲ့သူအပေါ်မှာ အမှုပေါ့လျှော့အောင် သုံးသပ်ချက်တွေဖြစ်နေတာမျိုးတွေ ကျမတို့မြင်ရတယ်။ ဒီအတွက်ကြောင့်မို့လို့ ကျမတို့ ထပ်မံပြီးတော့ တိုက်တွန်းလိုတာက တာဝန်ယူမှုတာဝန်ခံမှု ပိုပြီးတော့ ပြည့်ပြည့်နဲ့ လုပ်ဆောင်စေလိုတယ်။ နောက်တခုက ပွင့်လင်းမြင်သာမှုအပြည့်နဲ့ ပြည်သူတွေကို သတင်းကို စနစ်တကျ ထုတ်ပြန်ဖို့လိုပါတယ်။ အဲဒီလိုမျိုးပြုလုပ်ပေးဖို့ ကျမတို့ မျှော်လင့်ပါတယ်။”

ဦးကိုနီလူသတ်မှုမှာ ကျူးလွန်သူတွေဟာ လူငယ်သဘာဝအရ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့် သတ်ဖြတ်ရတာပါဆိုတဲ့ စကားရပ်နဲ့ လူငယ်တွေအပေါ် ပုံဖျက်ပြောဆိုခဲ့တဲ့အပေါ်လည်း လူငယ်ကွန်ရက်အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချတယ်လို့ မသဉ္စာရွှမ်းလဲ့ရည်ကပြောပါတယ်။

“မြန်မာနိုင်ငံက လူငယ်ထုအနေနဲ့ ဒီအကြမ်းဖက်မှုကို လုံးဝလက်မခံဘူး ဆိုတာမျိုးကို ကျမတို့ အဓိက ပေါ်လွင်စေချင်ပါတယ်။ နောက်ပြီးတော့ ပိုပြီးတော့ ကျမတို့ ထုတ်ပြန်ချက်ဖြစ်ဖို့ကို တွန်းအားပေးဖို့အချက်ကတော့ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းစာရှင်းလင်းပွဲမှာ ဖော်ပြသုံးစွဲသွားတဲ့ အကြောင်းအရာတွေဖြစ်ပါတယ်။ အဓိကတော့ ကျူးလွန်တဲ့တရားခံတွေက လူငယ်သဘာ၀ သူတို့တွေ ဆွေးနွေး ညှိနှိုင်းရင်းနဲ့ အဓိကလုပ်ကြတယ်ဆိုတာမျိုး အဓိကကျမတို့ခံစားရတော့ ဒီလူငယ်တွေ ဆိုတာကို သုံးသွားတယ်။ ဒီလူတွေက လူငယ်အသက်အရွယ်မဟုတ်ဘူးဆိုတာ ဒီလိုမျိုး လူငယ်လို့ သုံးသွားခြင်းအားဖြင့် ပြည်သူတွေအမြင်မှာ အထင်မှား အမြင်မှား လူငယ်တွေ လုပ်ခဲ့ကြတယ်ဆိုတဲ့ အထင်အမြင်တွေ ခံစားရတာကြောင့် ယုံမှားခြင်းခံလိုက်ရတယ်လို့ ခံစားရတဲ့အတွက် ကျမတို့ ဒါမျိုးကို ကျမတို့ ထုတ်ပြန်ဖို့ ကြိုးစားခဲ့တာဖြစ်ပါတယ်။”

ဦးကိုနီသတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ လူ့အသိုင်းအဝိုင်းအချင်းချင်းကြား အမုန်းပွားစေမယ့်စကားတွေ အကြောင်းအရာတွေနဲ့ ပြည်သူလူထုကြား ဖြန့်ဝေ လုပ်ဆောင်နေတာတွေကို တာဝန်ရှိသူတွေအနေနဲ့ ထိရောက်စွာ အရေးယူဟန့်တားပေးဖို့ကိုလည်း လူငယ်ကွန်ရက်က တောင်းဆိုနေကြပါတယ်။

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ပတ်သက်လို့ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးကိုယ်တိုင် ဦးဆောင်ပြီး သတင်းစာရှင်းလင်းပွဲလုပ်ပြီး တရားခံပေါ်ပေါက်နိုင်ရေး ဆောင်ရွက်ချက်တွေကို ရှင်းလင်းခဲ့ပေမဲ့ ပြောဆိုချက်တွေနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်နေချိန်လည်းဖြစ်ပါတယ်။ တပ်မတော်ဘက်က ရခိုင်အရေး သတင်းစာ ရှင်းလင်းပွဲအတွင်းမှာလည်း ဦးကိုနီလုပ်ကြံခံရမှုနဲ့ ပတ်သက်လို့ တပ်မတော်ဘက် ပူးပေါင်းဆောင်ရွက်နေတာတွေနဲ့ပတ်သက်လို့ ထည့်သွင်းရှင်းလင်း သွားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG