သုံးရလွယ်ကူစေသည့် Link များ

ဦးကိုနီလုပ်ကြံခံရမှု အကြမ်းဖက်မှုဆန့်ကျင်ရေးအခမ်းအနား ကျင်းပ


ဦးကိုနီလုပ်ကြံခံရမှု အကြမ်းဖက်မှုဆန့်ကျင်ရေးအခမ်းအနား (ဖြိုးမင်းသိန်း)

ရှေ့နေကြီး ဦးကိုနီနဲ့ ဦးနေ၀င်းတို့ ရန်ကုန် လေဆိပ် လူမြင်ကွင်းမှာ သေနတ်နဲ့ ပစ်ခံရပြီး သေဆုံးရမှုနဲ့ ပတ်သက်ပြီး အကြမ်းဖက်မှု ရှုတ်ချပွဲ ဒီကနေ့ ရန်ကုန်မှာ ကျင်းပပါတယ်။ လုပ်ကြံခံရပြီး တလအကြာမှာ ပြုလုပ်တဲ့ ဒီအကြမ်းဖက်မှု ရှုတ်ချပွဲမှာတော့ ရန်ကုန်တိုင်း ၀န်ကြီးချုပ်က အကြမ်းဖက်မှုတွေကို နိုင်ငံအနေနဲ့ ဘယ်လို ရပ်တည် ကိုင်တွယ်မလဲဆိုတာကို ပြတ်ပြတ်သားသား ဆုံးဖြတ်ရမယ့် အချိန်လို့ ပြောဆိုသွားသလို အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် နာယက သူရ ဦးတင်ဦးကတော့ အကြမ်းဖက်မှုတွေ ရပ်ကြဖို့ တိုက်တွန်းသွားပါတယ်။ မသိင်္ဂီထိုက် ပြောပြပေးမှာပါ။

အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေ အကြံပေး တရားလွှတ်တော် ရှေ့နေကြီး ဦးကိုနီ လုပ်ကြံခံရပြီး တလအကြာမှာ ပြုလုပ်တဲ့ အကြမ်းဖက်မှု ရှုတ်ချပွဲ အခမ်းအနားကို ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်း တက်ရောက်ခဲ့တာပါ။

“အကြမ်းဖက်မှုဘက်က ရပ်မှာလား၊ အကြမ်းဖက်မှုဆန့်ကျင်တဲ့ဘက်က ရပ်မှာလား။ အကြမ်းဖက်ခံရတဲ့သူတို့ဘက်က ကာကွယ်မှာလား ၊ အကြမ်းဖက်သမားတွေကို အားပေးမှာလား။ ဒါကိုတော့ ကျနော်တို့ ပြတ်ပြတ်သားသားဆုံးဖြတ်ဖို့ အချိန်တန်ပြီလို့ ကျနော်ဒီနေရာက ပြောပါရစေ။”

ရှေ့နေကြီး ဦးကိုနီ၊ နောက် ဦးနေ၀င်းတို့ကို ရန်ကုန်မြို့လို နေရာမျိုးမှာ သေနတ်နဲ့ ပစ်ခတ်လုပ်ကြံခဲ့တဲ့ ဥပဒေမဲ့ လုပ်ရပ် မျိုးကို အကာအကွယ်ပေးနေစရာ အကြောင်းမရှိဘူးလို့လည်း ရန်ကုန်တိုင်း ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ပြောဆိုခဲ့ပါတယ်။

“အကြမ်းဖက်ခံရတယ်ဆိုတာ ကျနော်တို့ နိုင်ငံရဲ့သမိုင်းမှာ လွတ်လပ်ရေးကြိုးပမ်းနေတဲ့ ကာလတွေကလည်း ပေါ်ခဲ့ပါတယ်။ ကြားကာလတွေမှာလည်း ကျနော်တို့ ဖြစ်ခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုပေါ်ပေါက်ခဲ့တဲ့ ရန်ကုန်မြို့ရဲ့ အထင်ကရ လေဆိပ်ကြီးမှာ အကြမ်းဖက်ခံရတယ်ဆိုတဲ့ အခြေအနေတခုကတော့ ကျနော်တို့ ရန်ကုန်မြို့ဟာ တရားဥပဒေမဲ့နေတဲ့ မြို့တမြို့မဟုတ်ပါဘူး။ တရားဥပဒေစိုးမိုးရေးကို ရှေ့တန်းတင်ထားတဲ့ ကာလတခုမှာ တရားဥပဒေမဲ့ ပေါ်ပေါက်ခဲ့တဲ့ ကိစ္စတရပ် ဖြစ်ပါတယ်။ အကြမ်းဖက်မှုဟာ ဘယ်သူ့ကိုမှ ကောင်းကျိုးမပြုနိုင်ပါဘူး၊ ဒီလိုပဲ အကြမ်းဖက်ခံခဲ့ရတဲ့ ရှေ့နေကြီး ဦးကိုနီ ၊ အကြမ်းဖက်မှုကို လူထုနဲ့ အတူဆန့်ကျင်ခဲ့တဲ့ ကျဆုံးသွားခဲ့ရတဲ့ ကိုနေ၀င်းတို့ရဲ့ ပေးဆပ်ခဲ့မှုကို ကျနော်တို့ ဒီနေ့ ဂုဏ်ပြုတာပဲ ဖြစ်ပါတယ်။ ဒီ ဂုဏ်ပြုမှုဟာ အလွန်မင်္ဂလာရှိပါတယ်။ တရားဥပဒေစိုးမိုးရေး ကိုကြိုးပမ်းဆောင်ရွက်နေတဲ့အချိန်ကာလတခုမှာ တရားဥပဒေမဲ့ ဆောင်ရွက်နေမှုတွေကို ကျနော်တို့ အကာအကွယ်ပေးနေစရာမရှိပါဘူး။”

NLD ပါတီရဲ့ ဥပဒေ အကြံပေး ရှေ့နေကြီး ဦးကိုနီဟာ အစိုးရ အစီအစဉ်နဲ့ အင်ဒိုနီးရှားနိုင်ငံကို သွားရောက်ခဲ့ပြီး အပြန် ရန်ကုန်လေဆိပ် လူမြင်ကွင်းမှာ သေနတ်သမားက ပစ်ခတ်လုပ်ကြံခံရတာဖြစ်ပါတယ်။ သေနတ်သမားကို ဖမ်းဆီးရင်း လေဆိပ် အငှားယာဉ်မောင်း ဦးနေ၀င်းလည်း သေနတ်သမား လက်ချက်နဲ့ သေဆုံးခဲ့ရပါတယ်။ သေနတ်သမားကို အန္တရာယ် မမှုဘဲ ၀ိုင်းဝန်း ဖမ်းဆီးခဲ့ကြတဲ့ လေဆိပ် အငှားယာဉ်မောင်းတွေ အပါအ၀င် အများပြည်သူကိုလည်း လေးစားပါကြောင်း ဒီကနေ့ ပြုလုပ်တဲ့ အကြမ်းဖက်မှု ဆန့်ကျင်ရေး အခမ်းအနားမှာ ပြောဆိုခဲ့ကြတာပါ။ အာဏာရ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ နာယက သူရ ဦးတင်ဦးကတော့ အကြမ်းဖက်မှုတွေဟာ ဘယ်သူ့ကိုမှ ကောင်းကျိုးမပေးတာကြောင့် ရပ်ကြပါတော့လို့ အခုလို တိုက်တွန်းသွားပါတယ်။

“တော်လောက်ပါပြီ လက်နက်နဲ့ ပဋိပက္ခ ဖြေရှင်းတာ တော်လောက်ပါပြီ။ တွေ့ဆုံဆွေးနွေးအဖြေရှာပြီးတော့ ငြိမ်းချမ်းစွာဆွေးနွေးပြီးအဖြေရအောင် လုပ်ပေးကြပါစို့ ဆိုတာ ပြောချင်ပါတယ်။”

ဦးကိုနီ လုပ်ကြံခံရမှု၊ ဦးနေ၀င်း သေဆုံးမှုတို့နဲ့ ပတ်သက်ပြီး အဖမ်းအဆီးတွေ လုပ်ကြံရတဲ့ အကြောင်းရင်းတို့နဲ့ ပတ်သက်ပြီးလည်း ပြည်ထဲရေး ၀န်ကြီး မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့က ပြီးခဲ့တဲ့ သတင်းပတ် သတင်းစာ ရှင်းလင်းပွဲမှာတော့ လုပ်ကြံမှုနဲ့ ဖမ်းဆီးထားသူတွေထဲမှာ သေနတ်သမား ဦးကြည်လင်း တဦးသာ အရပ်သားဖြစ်ပြီး ကျန်တဲ့သူတွေကတော့ စစ်တပ်က အနားယူထားသူတွေ၊ ထုတ်ပယ်ခံရသူတွေ ဖြစ်ပါတယ်။ ဒီလူတွေရဲ့ ထွက်ဆိုချက် အရတော့ ဦးကိုနီကို လုပ်ကြံရတာဟာ လူငယ်သဘာဝအရ ပုဂ္ဂိုလ်ရေးအရ မကြေနပ်မှုကြောင့် ဖြစ်တယ်လို့ အာဏာပိုင်တို့ ရှင်းလင်းခဲ့တာပါ။ ဖမ်းဆီးခံထားရသူတွေဟာ အသက် ၄၀ ကျော် ၅၀ ကျော်တွေ ဖြစ်ပေမယ့် အာဏာပိုင်တို့က လူငယ်တွေလို့ သုံးနှုန်းခဲ့တဲ့ အတွက်လည်း လူထုကြားမှာ ပြောစရာ၊ ဝေဖန်စရာ ဖြစ်ခဲ့ပါတယ်။ ဒီသတင်းစာ ရှင်းလင်းပွဲ နောက်ပိုင်းမှာတော့ ဦးကိုနီ လုပ်ကြံခံရမှု၊ ဦးနေ၀င်း သေဆုံးခဲ့ရမှုတို့နဲ့ ပတ်သက်ပြီး နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်က မှတ်ချက်ပေး ပြောဆိုခဲ့သလို အခု အကြမ်းဖက်မှု ဆန့်ကျင်ရေး အခမ်းအနားလည်း ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

XS
SM
MD
LG