သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီ ၁ လပြည့် အထိမ်းအမှတ် ဒေါ်အောင်ဆန်းစုကြည်တက်မည်


NLD ပါတီရဲ့ ဥပဒေအကြံပေးလည်းဖြစ်၊ တရားလွှတ်တော် ရှေ့နေကြီးလည်းဖြစ်တဲ့ ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတာ ဒီကနေ့ဆိုရင် ၁ လတင်းတင်း ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူကို ဝိုင်းဝန်း ဖမ်းဆီးပေးရင်း သေနတ်ဒဏ်ရာနဲ့ သေဆုံးသွားတဲ့ ယာဉ်မောင်း ဦးနေဝင်းနဲ့ ဦးကိုနီတို့ ကွယ်လွန်သွားတဲ့ ၁ လပြည့် အခမ်းအနားကို NLD ပါတီက ဦးဆောင်ပြီး ဒီကနေ့ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပမှာဖြစ်ပြီး၊ အခမ်းအနားကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပြင် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်၊ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ NLD ပါတီက တာဝန်ရှိသူတွေပါ တက်ရောက်မယ့်အကြောင်း NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဉာဏ်ဝင်း ပြောတာကို ကိုးကားပြီး ဧရာဝတီသတင်းမှာ ဖော်ပြကြပါတယ်။

ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ဆက်နွယ်ပြီး ပထမဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲကို ပြည်ထဲရေးဝန်ကြီးဌာနက ရန်ကုန်မြို့ မူးယစ်ဆေးဝါးပြတိုက်မှာ မနေ့က ကျင်းပခဲ့ပါတယ်။ လုပ်ကြံ သတ်ဖြတ်မှုနဲ့ ဆက်နွယ်ပြီး လောလောဆယ် သေနတ်သမား ကြည်ဝင်း၊ နောက်ကွယ်က ခိုင်းစေသူ အောင်ဝင်းဇော်နဲ့ ဇေယျာဖြိုးတို့ ၃ ဦးကို ဖမ်းဆီးထားပြီးဖြစ်တဲ့အပြင် တခြား အမျိုးသား ၇၁ ဦး၊ အမျိုးသမီး ၂ ဦး၊ စုစုပေါင်း ၇၃ ဦးကို ခေါ်ယူ စစ်ဆေးခဲ့ကြောင်းလည်း ရှင်းလင်းပွဲအတွင်း ပြောကြားခဲ့ပါတယ်။

အခု ဖမ်းဆီးရမိထားတဲ့ ဇေယျာဖြိုးနဲ့ လွတ်မြောက်နေတဲ့ အောင်ဝင်းခိုင်တို့က လူငယ်ဘာ၀ ပုဂ္ဂိုလ်ရေး မကျေနပ်မှုအပေါ် အခြေခံပြီး ဦးကိုနီကို လုပ်ကြံ သတ်ဖြတ်ခဲ့တယ်လို့ ယူဆကြောင်း သတင်းစာရှင်းလင်းပွဲအတွင်း ရဲချုပ် ဇော်ဝင်းက ပြောပါတယ်။ ပြည်ထဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေကတော့ ကွင်းဆက်တွေကို စဉ်ဆက်မပြတ် ဖော်ထုတ်သွားဖို့ ကြိုးစားနေကြောင်း ပြောဆိုပါတယ်။

ဒီအမှုနဲ့ပတ်သက်ပြီး သေနတ်နဲ့ ပစ်ခတ်သူ ကြည်လင်းနဲ့ သူ့ကို အနီးကပ် ကြီးကြပ်စေခိုင်းသူ တပ်မတော်က ဗိုလ်အဖြစ်က ထုတ်ပယ်ခံရသူ အောင်ဝင်းဇော်နဲ့ သူရဲ့နောက်ကွယ်က ညီဖြစ်သူ အငြိမ်းစား ဒုဗိုလ်မှူးကြီး အောင်ဝင်းခိုင်တို့အပြင် တပ်မတော် သတင်းစုဆောင်းရေးတပ်က အငြိမ်းစား ဗိုလ်ကြီး ဇေယျာဖြိုးတို့ ပါဝင်တယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG