သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီအမှု သတင်းစာရှင်းလင်းပွဲ ပြောကြားချက် နိုင်ငံရေးအကဲခတ်တွေပယ်ချ


ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ပထမဆုံးအကြိမ် ပြည်ထဲရေး သတင်းစာရှင်းလင်းပွဲ
ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှု ပထမဆုံးအကြိမ် ပြည်ထဲရေး သတင်းစာရှင်းလင်းပွဲ

ရန်ကုန်နိုင်ငံတကာလေဆိပ်လိုနေရာမျိုးမှာ ဦးကိုနီကို သေနတ်နဲ့ပစ်ခတ် လုပ်ကြံတာဟာ နိုင်ငံရေး လုပ်ကြံမှု သပ်သပ်သာဖြစ်တယ် ဒီကနေ့ ကျင်းပခဲ့တဲ့ ပြည်ထဲရေး သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားသလို လူငယ်သဘာဝ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဥပဒေပညာရှင်တွေနဲ့ နိုင်ငံရေးအကဲခတ်တွေက သုံးသပ်လိုက်ပါတယ်။ အခင်းဖြစ်ပြီး တစ်လနီးပါးကြာမှ ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ ဦးကိုနီ ဘာကြောင့် လုပ်ကြံသတ်ဖြတ်ခံရတယ်ဆိုတဲ့ အဓိကကျတဲ့အကြောင်းအရင်းကို ခိုင်ခိုင်လုံလုံ ရှင်းရှင်းလင်းလင်း မပြသနိုင်ခဲ့ဘူးလို့လည်း ဝေဖန်မှုတွေရှိပါတယ်။ အသေးစိတ်ကို မဆုမွန်က စုံစမ်းတင်ပြထားပါတယ်။

နိုင်ငံတော်အစီအစဉ်နဲ့ သွားခဲ့တဲ့ ပြည်ပခရီးစဉ်ကအပြန် ရန်ကုန်နိုင်ငံတကာလေဆိပ်လို လူစည်ကားတဲ့နေရာမှာ ဦးခေါင်းကို သေနတ်နဲ့တေ့ပစ်ပြီး လုပ်ကြံသတ်ဖြတ်ခံလိုက်ရတဲ့ NLD အစိုးရရဲ့ ဥပဒေအကြံပေးပုဂ္ဂိုလ် တရားလွှတ်တော်ရှေ့နေကြီးဦးကိုနီ လုပ်ကြံ သတ်ဖြတ် ခံရမှုနဲ့ပတ်သက်လို့ ကိုယ်တိုင်ပစ်သတ်ခဲ့သူအပါအဝင် ကြံရာပါတွေကို စုံစမ်း စစ်ဆေးချက်တွေအရ ပုဂ္ဂိုလ်ရေး မကျေနပ်ချက်အပေါ် အခြေခံပြီး လူငယ်ဘာဝ လုပ်ကြံမှု ဖြစ်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက တာဝန်ရှိသူတွေက ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောဆိုလိုက်တာပါ။

ဒီအပေါ်မှာတော့ ဒါဟာ နိုင်ငံရေးလုပ်ကြံမှုသပ်သပ်သာဖြစ်ပြီးသာမာန်ပုဂ္ဂိုလ်ရေး မကျေနပ်ချက်ကြောင့်ဖြစ်တယ်ဆိုတာ မဖြစ်နိုင်ဘူးလို့ ဥပဒေပညာရှင်တွေနဲ့ လေ့လာသုံးသပ်သူတွေက ပယ်ချပါတယ်။ မြန်မာနိုင်ငံရှေ့နေများကွန်ယက်က ရှေ့နေကြီးဦးသိန်းသန်းဦးက သူ့အမြင်အခုလိုပြောပါတယ်။

“ ပြည်ထဲရေးကစဉ်းစားတဲ့နည်းက - နံပါတ် ၁ လူငယ်သဘာဝ .. လူကြီး မပါတော့ဘူးလား၊ လူငယ်တွေပဲလို့ ဘာလို့ပြောတာတုန်း နော်။ ပုဂ္ဂိုလ်ရေး တယောက်ချင်း မုန်းတီးရလောက်အောင် ဦးကိုနီ ဘာတွေပြောခဲ့သလဲ၊ ဒီလို ဒုတိယ ဗိုလ်မှူးကြီးတယောက်ပါတဲ့ .. အငြိမ်းစားပေါ့ဗျာ ထွက်သွားတဲ့ ဗိုလ်မှူးကြီးတယောက် ပါခဲ့လို့ရှိရင်၊ သူ့ထက်မြင့်တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီးတွေ ဘာတွေ မပါနိုင်ဘူးလား။ မြို့လယ်ခေါင်မှာ လူပုံအလယ်မှာ ဒီလိုကျူးလွန်ခဲ့တာဟာ ဒါဟာ သာမန်ပုဂ္ဂိုလ်ရေး လုပ်ကြံမှု မဟုတ်ဘူး။ အောင်ဝင်းဇော်နဲ့ အောင်ဝင်းခိုင် တို့နဲ့ သူနဲ့တွေ့ဖူးတယ်ဆိုတာ မပေါ်ဘူး။ အဲဒီတော့ သူတို့ရဲ့အကျိုးစီးပွား ထိခိုက်အောင် ဦးကိုနီက ဘာတွေများ ပြောခဲ့ဖူးလို့လဲ။ ဒါလဲ ကျနော်မတွေ့ဘူးဗျ။ အဲဒီတော့ ဒါဟာ နိုင်ငံရေး လုပ်ကြံမှုဖြစ်တယ်။ ဒီ့နောက်မှာ ဒီထက်ကျယ်ပြန့်တဲ့ အချက်တွေ ရှိတယ်လို့ ကျနော်ထင်တယ်”

အခုလို ဦးကိုနီအသတ်ခံရတာဟာ နိုင်ငံရေးအရ လုပ်ကြံသတ်ဖြတ် ခံရမှုသာဖြစ်တယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာ အကဲခတ်နေတဲ့ ဦးအောင်သူငြိမ်းကလည်း ယူဆပါတယ်။

“ သုံးသပ်ချက်က ကျနော်ထင်တယ် .. ခုနလို လူငယ်တွေရဲ့ သဘာဝပေါ့ဗျာ ဒီလိုလုပ်တာမျိုးဆိုရင်တော့ မဟုတ်သေးဘူးထင်တယ်။ အဓိကတော့ နိုင်ငံရေး လုပ်ကြံမှုဖြစ်ဖို့ ပိုများပါတယ်။ ဒါနဲ့ပတ်သက်လို့ နောက်ကွယ်က အကြောင်းတွေတော့ သေချာတော့ ကျနော် မသိနိုင်ဘူးပေါ့လေ ”

ဦးကိုနီလုပ်ကြံခံရမှု သတင်းစာရှင်းလင်းပွဲ လုပ်နေသည့် ရဲချုပ်ဇော်ဝင်း
ဦးကိုနီလုပ်ကြံခံရမှု သတင်းစာရှင်းလင်းပွဲ လုပ်နေသည့် ရဲချုပ်ဇော်ဝင်း

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်လို့ ပြည်သူတွေဘက်က မေးခွန်းထုတ်မှုတွေ အရမ်းများလာတဲ့အတွက် အခုလို သတင်းစာ ရှင်းလင်းပွဲ လုပ်တာဖြစ်ပေမဲ့လို့ ရှေ့ဆက်ပြီး အမှုမှန်ပေါ်ပေါက်အောင် ဆက်လုပ်သွားဖို့ လိုတယ်လို့လည်း ဦးအောင်သူငြိမ်းက အကြံပြု ပါတယ်။

“ ပြည်သူတွေဖက်က မေးခွန်းတွေ အများကြီးရှိနေပါတယ်။ဘာကိစ္စကြောင့် ဖြစ်တာလဲ၊ ဘယ်သူတွေ လုပ်တာလဲ၊ နောက်ကွယ် ကွင်းဆက်တွေက ဘယ်သူတွေလဲပေါ့နော်၊ အဲဒါတွေနဲ့ ပတ်သက်လို့ အစောပိုင်းမှာလည်း သတင်းထုတ်ပြန်မှုတွေက တော်တော်နှေးတဲ့ သဘောမျိုး ရှိပါတယ်။ နောက် မပြည့်စုံတဲ့ဟာတွေလည်း ရှိတော့ အခုချိန်ထိ သို့လောသို့လောပေါ့နော် မေးခွန်းတွေရှိနေပါသေးတယ်။ ဒါတွေနဲ့ ပတ်သက်လို့လည်း ဒီလောက်တင် ပြီးသွားတာမျိုး မဟုတ်ပဲနဲ့ သေချာ ဆက်ပြီးဖေါ်ထုတ် သင့်တယ်လို့ ထင်ပါတယ်။

ဦးကိုနီလုပ်ကြံခံရပြီး တစ်လနီးပါးကြာမြင့်လာတဲ့အထိ အစိုးရဘက်ကရော သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတွေဘက်က အများပြည်သူ သိရှိနိုင်အောင် သတင်းထုတ်ပြန်မှု အားနည်းခဲ့ပြီး သတင်းမီဒီယာတွေ ဘက်ကပဲ ဖော်ထုတ်တင်ပြသုံးသပ်မှုတွေ လုပ်နိုင်ခဲ့တယ်လို့ မြန်မာ သတင်းမီဒီယာကောင်စီ အဖွဲ့ဝင် ဦးမြင့်ကျော်က သုံးသပ်ပါတယ်။

“ အခုဟာက မီဒီယာက ဖေါ်ပြမှုက သူတို့ထက်ကို တပတ်လောက်စောတယ်။ တခါတလေ ၂ပတ်လောက်စောတယ်။ Myanmar Now ကဖေါ်ပြပြီးမှ တခါ အဲဒီတယောက်ကို ချပြတယ်။ တခါအခု Speaker ကဖေါ်ပြပြီးမှ ဒီသတင်းစာ ရှင်းလင်းပွဲ လုပ်တယ်ဆိုတော့၊ အဲဒီဟာမျိုး ကျတော့ မီဒီယာနောက်ကို လိုက်နေတဲ့သဘောပဲ။ တကယ်တမ်းပြောရင်တော့ ဘာ့ကြောင့်နောက်ကျလဲဆိုတဲ့ အကြောင်းရင်းကိုတော့ ကျနော် ကောက်ချက်မချ ချင်ဘူးပေါ့လေ။ သိုပေမယ့် နောက်ကျနေတာတော့ အမှန်ပဲ။ တကယ်တမ်းကျတော့ ဒီလိုအနေအထားမျိုးက လုံလောက်တဲ့ ဝီရိယ လုံလောက်တဲ့ စိုက်ထုတ်မှုမျိုး မရှိဘူးလို့ပဲ ကောက်ချက်ချရမလိုပဲ ”

ဒီကနေ့ သတင်းစာရှင်းလင်းပွဲမှာလည်း သတင်းသမားတွေ သိလိုတဲ့ အချက်တွေကို တာဝန်ရှိသူတွေဘက်က တိတိကျကျ ရှင်းရှင်းလင်းလင်း မပြောပြနိုင်ခဲ့ဘူးလို့ ဦးမြင့်ကျော်က ပြောပါတယ်။

“ ပြည်ထဲရေးဝန်ကြီး ပြောတဲ့ဟာက သူ့ရဲ့ထင်မြင်ချက်ကို ကောက်ချက်ချသလို ဖြစ်နေတယ်ပေါ့နော်။ စစ်ဆေးတွေ့ရှိချက်တွေမှာ ဒီထက်ပိုပြီး ဘာမှ မတွေ့ရှိရတော့ဘူးတို့၊ နောက်တခုက ဒီငွေကြေးတွေ ဘယ်က လာသလဲတို့ အဲလိုမျိုးဟာကို လူတွေက ထပ်သိချင်တယ်။ ဟို တိတိကျကျ ခိုင်ခိုင်မာမာ အချက်အလက်မျိုး ကျနော်တို့ မတွေ့ရဘူးပေါ့လေ ”

ဦးကိုနီလုပ်ကြံခံရမှုနဲ့ပတ်သက်ပြီး စုံစမ်းဖော်ထုတ် အရေးယူမှုတွေအပေါ် အများပြည်သူဘက်က သို့လော သို့လော မေးခွန်းထုတ်မှုတွေ များလာသလို စုံစမ်းစစ်ဆေးမှုတွေ သတင်းထုတ်ပြန်မှုတွေ နှေးကွေး တွန့်ဆုတ်နေတဲ့အပေါ် ဝေဖန်မှုတွေ များလာလို့ အခုလိုသတင်းစာ ရှင်းလင်းပွဲ လုပ်တာဖြစ်ပေမဲ့ ပြည်ထဲရေးဝန်ကြီး ဌာနဘက်က သတင်းသမားတွေ မေးမြန်းတာနဲ့ အများပြည်သူတွေ သိလိုတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေးပိုင်းဆိုင်ရာ ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ခိုင်လုံတိကျတဲ့ သတင်းအချက် အလက်တွေကို ရှင်းရှင်းလင်းလင်း မပြောပြနိုင်ခဲ့ ဘူးဆိုတဲ့ သုံးသပ်ချက်တွေလည်း ရှိလာနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG