သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံခံရမှု ရဲစစ်ဆေးချက် ပေါက်ကြား


လုံခြုံရေးရဲများ
လုံခြုံရေးရဲများ

NLD ဥပဒေအကြံပေး ဦးကိုနီ လုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးနေတာ နှစ်ရက်မြောက်လာပေမယ့်၊ ဘာရည်ရွယ်ချက်နဲ့ ဘယ်သူက ခိုင်းစေတာလဲဆိုတာကို အစိုးရဖက် ထုတ်ပြန်နိုင်ခြင်းမရှိသေးပါဘူး။ တချိန်တည်းမှာ ရဲစစ်ဆေးချက်တွေက အင်တာနက်ပေါ် ပေါက်ကြားလာတဲ့ အပေါ်မှာလည်း လုံခြုံရေးတာဝန်ရှိသူတွေရဲ့ စုံစမ်းဆောင်ရွက်ချက်တွေ အပေါ် မေးခွန်းထုတ်လာစရာဖြစ်လာပါတယ်။ နောက်ကွယ်က တရားခံစစ်မပေါ်ပဲ သေနက်သမားဖမ်းမိမှုနဲ့ပဲ အဆံးုသတ်သွားမှာကို စိုးရိမ်နေကြတဲ့အကြောင်း ဗွီအိုအေ သတင်းထောက် မမေခ စုံစမ်း မေးမြန်း သတင်းပေးပို့ ထားပါတယ်။

တရားလွှတ်တော် ရှေ့နေ ဦးကိုနီ ကို သေနတ်ဖြင့် ပစ်ခတ် လုပ်ကြံခဲ့သူ သေနက်သမားကို ရဲစစ်မေးမှုလုပ်တာမှာ သူဖြေထားတဲ့ ဖြေဆိုချက်တွေဟာ လူမှု ကွန်ရက် မီဒီယာတွေမှာ ပေါက်ကြား ပျံ့နှံ့ခဲ့ပါတယ်။ ဒီစာရွက်စာတမ်းတွေဟာ သေနက်သမားရဲ့ ဖြေဆိုချက် အစစ်အမှန်တွေဖြစ်တယ်လို့ နိုင်ငံတော်သမ္မတရုံးပြောခွင့်ရသူက ဗွီအိုအေကို အတည်ပြုပြောပါတယ်။

ဥပဒေကြောင်းအရဆိုရင်တော့ ဒီလို ရဲစစ်ဆေးချက်တွေက အများပြည်သူကို ထုတ်ဖော်ပြသမှုကို ကန့်သတ်ထားတာပါ။ ဒီလို ရဲစစ် ဆေးချက် အချို့ပျံ့နှံမှုက အစိုးရရဲ့ လုံခြုံရေးပိုင်းကို မေးခွန်းတွေ ထုတ်လာသလို လုံခြုံရေးတာဝန်ရှိသူတွေရဲ့ စစ်ဆေးမှုတွေကို ဝေဖန်ထောက်ပြတာတွေ ရှိလာခဲ့ပါတယ်။ ဘယ်လိုကြောင့် အွန်လိုင်းမှာ ပျံ့နှံခဲ့သလဲဆိုတာ တရားဝင် ထုတ်ပြန်ပြောဆိုတာမရှိသေးပါဘူး။

ဥပဒေပညာရှင်တဦး ဖြစ်တဲ့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကတော့ ရှားရှားပါးပါး လူမြင်ကွင်းမှာ အသတ်ခံလိုက် ရတဲ့ ဒီဖြစ်ရပ်ကို အစိုးရပိုင်းဘက်က ဖိဖိစည်းစည်းကိုင်တွယ်မှုအားနည်းနေတယ်လို့ ယူဆပါတယ်။ ဒါကြောင့် တကယ့် တရားခံအ စစ်မပေါ်ဘဲ ပြီးသွား နိုင်မှာကို စိုးရိမ်မိတယ်လို့ ပြောပါတယ်။

“ဒါကတော့ အရမ်းရှုပ်ထွေးနေတယ်၊ NLD အဖွဲ့ချုပ်က ဦးဝင်းထိန်ကိုယ်တိုင်က သူတို့ ဝင်ရောက်မစွက်ဖက်ဘူး၊ ဖိအားမပေးဘူးတဲ့။ သူ့အလုပ်ကို သူလုပ်တာပဲ လုပ်ပါလိမ့်မယ်ဆိုပြီးတော့ ဦးဝင်းထိန်ကပြောထားတော့ အဲဒါက တာဝန်အရှိဆုံးလူကပြောတာဆိုတော့ ဆရာတို့က ပြောရမှာ အတော်ခက်တယ်၊ NLD ပါတီကလည်း သူတို့ခေါင်းဆောင်ကို သေမတက်ကြောက်နေရာတာ၊ သူတို့ခေါင်းဆောင် မီးစိမ်း မပြမခြင်း တုတ်တုတ်တောင်မလုပ်ရဲဘူး။ ဒေါ်အောင်ဆန်းစုကြည်က မီးစိမ်းမပြပဲနဲ့ သူ့ဆီက Green Light မပြမချင်း လွှတ်တော်က ဘာအဆိုမှ မတင်ရဲဘူး၊ ဘာကိုမှ မဆုံးဖြတ်ရဲဘူး၊ ဟိုလိုလို ဒီလိုလိုနဲ့ အဆုံးသတ်လိုက်မှာကို သိပ်စိုးရိမ်တာပဲ။ ဒီလို လုပ်ကြံမှုမျိုးက မြန်မာပြည်မှာ တခါမှ မပေါ်ဖူးဘူး။ ဒီတက်လာတဲ့ လူထုအစိုးရက လုံခြုံရေးကို လုံးဝကိုင်ခွင့်မရှိဘူး။ ရဲတပ်ဖွဲ့ကြီးက စစ်တပ်အောက်ရောက်နေတယ်၊ အဲဒီတော့ သူတို့ပေးတဲ့ သတင်းပဲရမယ်၊ သူတို့ လုပ်ချင်တာတွေ ဝင်ရောက်စွက်ဖက်လို့လည်းမရဘူး။ အဲဒါအစဉ်အလာအားဖြင့်လည်း အဲလိုလုပ်နေကြပဲ၊ စစ်အစိုးရ နှစ် ၅၀ သမိုင်းမှာတော့ အဲဒီသဘောကြီး ဖြစ်နေတယ်၊ မဟုတ်တာတွေ လျှောက်ပြနေတယ်၊ ဒါကြီးက တော်တော်သံဿယဖြစ်စရာ ကောင်းတယ်။ ဦးကိုနီနဲ့ ဘုရားဂိုဏ်းတွေလည်း ဘာမှ မဆိုင်ဘူး။”

နိုင်ငံတော်အတွက် အရေးကြီးတဲ့ ဒီလုပ်ကြံမှုဆိုင်ရာ စာရွက်စာတမ်းအချို့ အွန်လိုင်းမှာ ပျံနှံခဲ့တာဟာ နိုင်ငံရဲ့ လုံခြုံရေးစနစ်ကျိုးပေါက်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာရန်မျိုးသိမ်းက ဝေဖန်ထောက်ပြခဲ့ပါတယ်။

“ဒီလုပ်ကြံသတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာ အစိုးရနဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေရဲ့ စုံစမ်းစစ်ဆေးမှုအပိုင်းကတော့ လက်ရှိအခြေအနေမှာ ပြောမယ်ဆိုရင် အားရ ကျေနပ်ဖွယ်မရှိဘူးလို့ မြင်တယ်။ အမူဖြစ်ပွားပြီးတော့ ဒီ ၂၄ နာရီအတွင်းမှာ ကနဦး သတင်းထုတ်ပြန်မှု အခြေအမြစ်နဲ့ မလုပ်နိုင်တာကလည်း အများပြည်သူကြားမှာ ယုံကြည်မှုကို ကျဆင်းစေတယ်ဆိုပြီး ကျနော်ကတော့ မြင်တယ်။ အရပ်ဖက် အဖွဲ့အစည်းတွေအနေနဲ့ကလည်း စောင့်ကြည့်လေ့လာဖို့ လိုအပ်တယ်လို့ မြင်တယ်။ နောက်ပြီးတော့ လွှတ်တေ်ာအနေနဲ့လည်း ကျနော့်အမြင်အရ စောင့်ကြည့်လေ့လာဖို့ လိုအပ်တယ်လို့ မြင်တယ်။ဘာဖြစ်လို့လဲဆိုတော့ လူမြင်ကွင်းမှာ လူ ၁ ယောက်ကို ဦးခေါင်းကို သေနတ်နဲ့ ပစ်ပြီးသတ်တယ်ဆိုတာကတော့ အင်မတန်မှ လူမဆန်တဲ့ ဒီလိုဖြစ်ရပ်ဖြစ်ခဲ့တယ်ဆိုတာကို အရေးတယူနဲ့ လေ့လာစောင့်ကြည့်ဖို့ လိုအပ်တယ်လို့ မြင်တယ်။

အွန်လိုင်းမှာ ပျံ့နှံ့နေတဲ့ အဲဒီစာရွက်စာတမ်းအရ ရာဇဝတ်မှုနဲ့ထောင်ကျဖူး တဲ့ မြင့်ဆွေ ဆိုသူက ဦးကိုနီ ရဲ့ ဓာတ်ပုံကို ပြပြီး သတ်ပေးမည် ဆိုပါက ကား ၁ စီး ပေးမည်ဟုဆိုကာ ပြောဆိုခဲ့ပြီး လုပ်ကြံရာမှာ အသုံးပြုတဲ့ သေနတ် ၂ လက် ကိုလည်း ပေးခဲ့ကြောင်း ဖမ်မိထားတဲ့ သေနတ်သမားက ထွက်ဆိုထားပါတယ်။ ဒီစာရွက်တွေ ဘယ်သူ့ဆီက စတင် ပျံ့နှံ့လာတယ်ဆိုတာတော့ ယခုချိန်ထိ မသိရှိရသေးပါဘူး။

ဖမ်းမိထားတဲ့ သေနတ်သမားဦးကြည်လင်ဟာ ရှေးဟောင်းဘုရားခိုးယူရောင်းဝယ်မှုနဲ့ ထောင်ကျခဲ့သူဖြစ်ပြီး၊ သမ္မတဦးသိန်းစိန်လက်ထက် လွတ်ငြိမ်းချမ်းသာနဲ့ ပြန်လည်လွတ်မြောက်လာသူဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG