သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရှေ့နေဦးကိုနီ လုပ်ကြံခံရမှု သံသယရှိသူများ ထပ်မံဖမ်းဆီး


မြောက်ဥက္ကလာပမြို့နယ် ဆေးရုံမှာ လုံခြုံရေး တာဝန်ယူနေသည့် ရဲတပ်ဖွဲ့ဝင်များ။
မြောက်ဥက္ကလာပမြို့နယ် ဆေးရုံမှာ လုံခြုံရေး တာဝန်ယူနေသည့် ရဲတပ်ဖွဲ့ဝင်များ။

တရားလွှတ်တော်ရှေ့နေ ဦးကိုနီကို လုပ်ကြံသတ်ဖြတ်မှုရဲ့ နောက်ကွယ်က ကွင်းဆက်တရားခံလို့ သံသယရှိသူတွေကို ခေါ်ယူစစ်ဆေးမှုတွေ လုပ်နေတယ်လို့ ကရင်ပြည်နယ် ရဲမှုးကြီး ကြည်လင်းက ပြောပါတယ်။ သံသယရှိသူ ဘယ်နှစ်ဦးကို ဖမ်းဆီးထားတယ်၊ ဒီလူတွေဟာ တကယ်ပဲ လုပ်ကြံမှုနဲ့ ပတ်သက်နေလား ဆိုတာတွေကတော့ မသဲကွဲသေးပါဘူး။ ဦးကိုနီ လုပ်ကြံခံရတဲ့ကိစ္စ အမှုမှန်ပေါ်ပေါက်အောင် လုံခြုံရေးအာဏာပိုင်တွေဖက်က အကောင်းဆုံးကိုင်တွယ်နေပြီး ရလဒ်ပေါ်အောင် စိတ်ရှည်စွာ စောင့်ဆိုင်းပေး ဖို့ကိုလည်း အစိုးရတာဝန်ရှိသူတွေက ပြောပါတယ်။ စုံစမ်းမေးမြန်းထားတဲ့ ဗွီအိုအေ သတင်းထောက် မမေခ သတင်းပေးပို့ထားပါတယ်။

ရှေ့နေ ဦးကိုနီ လုပ်ကြံခံရမှုနဲ့ ဆက်နွယ်ပြီး ကရင်ပြည်နယ်ထဲမှာ သံသယရှိသူလူအချို့ကို ဖမ်းဆီးစစ်ဆေးမှုတွေ လုပ်နေပေမယ့်၊ အဲဒီအထဲမှာ လုပ်ကြံသူသေနက်သမားက သူ့ကို ခိုင်းစေတယ်လို့ ထွက်ချက်ပေး ထားတဲ့ မြင့်ဆွေဆိုသူ ပါ မပါ ဆိုတာကိုတော့ အတည်ပြုချက်မပေးနိုင်သေးဘူးလို့ လုံခြုံရေး တာဝန်ရှိသူတွေက ပြောပါတယ်။ ကွင်းဆက်တရားခံအဖြစ် သံသယရှိသူတွေကို ခေါ်ယူမေးမြန်းနေတာဖြစ်တယ်လို့ ကရင်ပြည်နယ် ပြည်နယ်ရဲမှုးကြီးကြည်လင်းက ဗွီအိုအေကို ပြောပါတယ်။

“ဖမ်းထားတာကတော့ မဟုတ်ပါဘူးခင်ဗျ။ ဦးမြင့်ဆွေတွေကတော့ အများကြီးပဲ ခင်ဗျ၊ စစ်တော့ စစ်နေတာပဲခင်ဗျ ဦးမြင့်ဆွေတွေကို၊ မသင်္ကာတဲ့ လူတွေအများကြီးပဲခင်ဗျ။ ကြိုးစားပြီးတော့ ဆောင်ရွက်နေပါတယ် ကျနော်တို့လေ အချိန်တန်ရင်တော့ သိပါလိမ့်မယ် ကျနော်တို့ အဲဒီဟာတွေတော့ ပြောနိုင်တဲ့ အခြေအနေကျရင်လည်း ကျနော်တို့ ဌာနချုပ်ကနေပြီးတော့ တရားဝင်ပြောမှာပါ။ ကျနော်တို့ကတော့ ဒီဟာတွေ ကြိုးစားပြီးတော့ အမှုမှန်ဖြစ်စေရေးအတွက် အားလုံးတရားခံတွေရော မသက်ဆိုင်တဲ့လူတွေ ဘာမှ မဖြစ်ဖို့ နဲ့ အမှုမှာပဲ ပါဝင်ပတ်သက်တဲ့လူတွေပဲ တရားစွဲဖို့ အားလုံး ကြိုးပမ်းဆောင်ရွက်နေကြ တာပေါ့နော်။”

ရှားရှားပါးပါး လူမြင်ကွင်းမှာ အသတ်ခံလိုက် ရတဲ့ ဒီဖြစ်ရပ်ကို အစိုးရပိုင်းဘက်က ဖိဖိစည်းစည်းကိုင်တွယ်မှု အားနည်းနေတယ်လို့ ယူဆပြီး ဝေဖန်မှုတွေကလည်း ရှိနေပါတယ်။ ဒီအပေါ်မှာ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကတော့ အစိုးရဘက်ကတော့ ဒီအပေါ်မှာ အကောင်းဆုံးလုပ်ဆောင် နေလို့ စိတ်ရှည်စွာ စောင့်ပေးဖို့ ပြောဆို လိုက်ပါတယ်။

“ကျနော်တို့ အစိုးရပိုင်းက ပြောလို့ရတာက ဒီကိစ္စကို အထူး အလေးအနက်ထား သေသေချာချာ ကိုင်တွယ်ဆောင်ရွက်နေတယ်၊ အထူးပေါ့နော် အထူးဦးစားပေး အနေနဲ့ဆောင်ရွက်နေတယ်၊ ဟုတ် အဲဒါပြောလို့ရပါတယ်။ ကျနော်တို့ ပြောချင်တာကတော့ နံပတ် ၁ စုံစမ်းစစ်ဆေးစဲဖြစ်တယ်၊ နံပတ်၂ စုံစမ်းမူတွေအားလုံး မပြီးပြတ် သေးပါဘူး။ နံပတ် ၃ အချက်ကတော့ အဲလိုမျိုး ကျနော်တို့ အားနည်းတယ် ဆိုတာထက် အထူး အလေးအနက် ထားပြီးတော့ လုပ်နေတယ်၊ အထူး ဦးစားပေးပြီးတော့ လုပ်နေတယ်၊ သေသေချာချာကို ကိုင်တွယ်ဆောင်ရွက်နေပါတယ်။ ကျနော် အဲဒါပြောလိုပါတယ်။”

လက်ရှိဖမ်းမိထားတဲ့ တရားခံ ကြည်လင်းထွက်ဆိုချက်အရ ရာဇဝတ်မှုနဲ့ ထောင်ကျဖူးတဲ့ မြင့်ဆွေ ဆိုသူက ဦးကိုနီ ရဲ့ ဓာတ်ပုံကို ပြပြီး သတ်ပေးမည် ဆိုပါက ကား ၁ စီး ပေးမည်ဟုဆိုကာ ပြောဆိုခဲ့ပြီး လုပ်ကြံရာမှာ အသုံးပြုတဲ့ သေနက်နှစ်လက်ကိုလည်း ပေးခဲ့ကြောင်း ပြောဆိုထားပါတယ်။ နောက်ကွယ်စေခိုင်းသူမြင့်ဆွေဆိုသူမှာ မန္တလေးမြို့ မဟာမြတ်မုနိ ဘုရားကြီး တောင်ဘက်မုခ်မှာ ပန်းပု ကြေးသွန်းလုပ်ငန်း လုပ်ကိုင်သူခဲ့သူ တစ်ဦးဖြစ်ပြီး တရားခံ ထွက်ဆိုချက်အရ မဲဆောက်မြို့မှာ အခြေချ နေထိုင် နေထိုင်တယ်လို့ ကနဦးသိထားလို့ ခုလို ကရင်ပြည်နယ်တွင်း ဖမ်းဆီး စစ်ဆေးမှုတွေလုပ်နေတာပါ။

လက်ရှိအချိန်ထိ ဦးကိုနီလုပ်ကြံခံရတဲ့အမှု စုံစမ်းချက်တွေနဲ့ ပတ်သက်လို့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့က တစ်စုံတရာ တရားဝင်သတင်း ထုတ်ပြန်ခြင်း မရှိသေးပါဘူး။ မနေ့ကတော့ သေနက်သမားကြည်လင်းရဲ့ ထွက်ချက်ဆိုပြီး ရဲစစ်ဆေးချက် စာရွက်တွေ အင်တာနက်ပေါ်မှာ ပေါက်ကြားမှုဖြစ်ခဲ့တာကြောင့် လုံခြုံရေးတပ်ဖွဲ့တွေရဲ့ ကိုင်တွယ် ဆောင်ရွက်မှုအပေါ် ဝေဖန်မှုတွေလည်း ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG