သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးကိုနီလုပ်ကြံမှု အကြမ်းဖက်ဥပဒေနဲ့ စွဲသင့်


ဦးကိုနီ ဈာပနအခမ်းအနား။
ဦးကိုနီ ဈာပနအခမ်းအနား။

ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရတဲ့ အမှုနဲ့ပတ်သက်ပြီး တရားခံတွေကို လူသတ်မှု ပြစ်မှုဆိုင်ရာပုဒ်မ (၃၀၂) နဲ့ တရားစွဲဆိုချက် အစား အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့ ထိထိရောက်ရောက် အရေးယူဆောင်ရွက်ဖို့ NLD အစိုးရကို ဥပဒေပညာရှင်တွေက တိုက်တွန်းလိုက်ပါတယ်။ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေအရသာ ဦးကိုနီလုပ်ကြံခံရတဲ့ အမှု ကွင်းဆက် တခုလုံးကို ဖေါ်ထုတ်နိုင် မှာဖြစ်ပြီး နိုင်ငံတွင်း လူသတ် ဂိုဏ်းတွေ နောက်ထပ် ပေါ်ပေါက်မလာအောင် ကာကွယ်တားဆီးနိုင်မှာ ဖြစ်တယ်လို့ ဥပဒေပညာရှင်တွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အပြည့်အစုံကို ဆက်ပြီးပြောပြမှာပါ။

အာဏာရ ပါတီ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရဲ့ ထိပ်တန်း ဥပဒေ အကြံပေး ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုနဲ့ ပတ်သက်ပြီး ပြည်ထဲရေး ဝန်ကြီးဌာနက ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့မှာ သတင်းစာ ရှင်းလင်းပွဲပြု လုပ်ပြီးနောက်ပိုင်း နောက်ထပ် စုံစမ်းစစ်ဆေးမှုတွေနဲ့ တရားရုံးထုတ် စစ်ဆေးချက်တွေ ကို အများပြည်သူသိအောင် အစိုးရဘက် ထုတ်ပြန်ကြေညာခြင်းမရှိသေးပါဘူး။

ဦးကိုနီကို ရန်ကုန်လေဆိပ် အများပြည်သူမြင်ကွင်းရှေ့မှာ သေနတ်နဲ့ ပစ်သတ်မှုဟာ သာမန်လူသတ်မှုမျိုးမဟုတ်ပဲ အုပ်စုနဲ့ နောက်ကွယ်က ကြိုတင်ကြံစည်ထားတဲ့ အကြမ်း ဖက်မှုဖြစ်တဲ့အတွက် အစိုးရဘက်က အမှုမှန်ပေါ်ပေါက်ရေး အချိန်မှီဖေါ်ထုတ် အရေးယူဆောင်ရွက်သင့်တယ်လို့ လူ့အခွင့်အရေး ရှေ့နေ ဦးရောဘတ်ဆန်းအောင်က ပြောပါတယ်။

"သူတို့လုပ်နေတာက ပြည့်စုံလုံလောက်မှု မရှိဘူးဗျ။ အခုရုံးတင်တယ် ဘယ်လိုလုပ်နေလဲ အောင်ဝင်းခိုင်ကို တရားခံပြေးမှု ဖွင့်လား။ မဖွင့်လား ဒါ ပြည်သူကို အသိပေးရမယ်။ ဒါက သာမာန်လူသတ်မှုမှ မဟုတ်ပဲ ဒါအကြမ်းဖက်မှုရဲ့ အစိတ်အပိုင်းတရပ်အနေနဲ့ သတ်တဲ့လူသတ်မှုပဲ။"

ဦးကိုနီကို လုပ်ကြံမှုမှာ ပါဝင်ပတ်သက်နေသူတွေကို အစိုးရဘက်က အရေးယူထားတဲ့ ဥပဒေပုဒ်မဟာ အားနည်းနေပြီး နောက်ကွယ်က ကွင်းဆက်တခုလုံးနဲ့ နောင် အကြမ်းဖက်ဂိုဏ်းတွေ ပေါ်မလာအောင်တားဆီးနိုင်ဖို့အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့သာ အရေးယူဆောင်ရွက်သင့်ကြောင်း တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်ကအခုလို ပြောပါတယ်။

"ဒီကေ့စ်ကို ကိုင်တွယ်ပုံကို ကျနော် မကြိုက်ဘူးလေ။ အမှု ဖော်ထုတ်ပုံ ဖော်ထုတ်နည်းတွေ က တရားခံ ထွက်ပြေးဖို့ အချိန်ပေးသလိုဖြစ်နေတယ် တစ်အချက်က။ နောက်တခါ သူတို့သတင်းစာရှင်းလင်းပွဲ လုပ်လိုက်ကာမှ ပိုဆိုးသွားတယ်။ နောက်တခါ တရားစွဲတဲ့ အခါမှာလည်း သူတို့တရားစွဲပုံ စွဲနည်းက မှားနေတယ်။ သမီးရည်းစားခြင်း ဓားနဲ့ထိုးတဲ့ ပုဒ်မမျိုး ၃၀၂ နဲ့ပဲ အဲ့ဒီ့ပုံစံမျိုး စွဲနေတယ်။ ဒီကိစ္စက အဲ့လိုပုံစံမျိုး စွဲလို့မရဘူး။ ကျနော်တို့ လွှတ်တော်ကနေပြီး ၂၀၁၄ခုနှစ်မှာ အတိအကျပြဌာန်းထားပြီးသား။ လူနှစ်ဦးထက်ပိုတဲ့ ဂိုဏ်းနဲ့ လုပ်လာပြီဆိုရင် ဥပဒေနဲ့ အရေးယူရမယ်လို့ အတိအကျဖော်ပြ ထားပြီးသား။

နောက်တခါ အခု အကြမ်းဖက်မှုက လေဆိပ်မှာဖြစ်တဲ့ဟာဖြစ်လို့ ပိုအပြစ်ကြီးတယ်။ လေယာဉ်ပေါ်က ဆင်းလာပြီး ၂၄နာရီအတွင်းကို လေယာဉ်ဝန်ဆောင်မှု ကာလလို့ခေါ်တယ်။ အဲ့ဒီ့လေယာဉ်ဝန်ဆောင်မှု ကာလတွေမှာ လုပ်တဲ့သူတွေ ဟာ သေဒဏ်ပဲ။ အခုဟာက ဘာဖြစ်နိုင်သလဲဆိုရင် ကြည်လင်းတယောက်ပဲ သေဒဏ်ချပြီး ကျန်တဲ့သူက တသက်တကျွန်းတို့ ဆယ်နှစ်တို့နဲ့ အထက်ရုံးအဆင့်ဆင့်ရောက်သွားရော အပေါ်ကလည်း စစ်ဗိုလ်ပဲလေ တရားသူကြီးချုပ်က အဲ့မှာ ဆယ်နှစ်တွေ ဘာတွေ လုပ်ပြီး ကျတော့ နောက်လည်းကျရော အမှုကြီးက တဖြေးဖြေးနဲ့ လုံးပါး ပါးသွားမှာကို ကျနော်တို့ သွားတွေ့နေရတယ်။ ဗမာပြည်ရဲ့အတွေ့အကြုံက အဲ့ဒီ့အတိုင်းပဲ။ သူတို့လွှတ်ချင်လာပြီဆို တမျိုးလုပ်တယ် မလွှတ်ချင်လာပြီဆို တမျိုးလုပ်တယ်။ အကြမ်းဖက်တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူရမယ် ဒါမှ လှုံ့ဆော်တာတွေရော အကုန်လုံး ပါသွားပြီးတော့ ဒီကွင်းဆက်ကြီးကို မိမှာ။ အဲ့ကွင်းဆက်ကြီးကို လွတ်သွားပြီးတော့ အခုအဆင့်မှာပဲ ဖျောက်ပစ်လိုက်မှာကို ကျနော်တို့ စိုးရိမ်နေတယ် အဲ့တာပါပဲ။

မအင်ကြင်းနိုင်။ ။ အခုဒီကြားထဲမှာ ဦးကိုနီအမှုကို စုံစမ်းရေးသားနေတဲ့ Myanmar Now အယ်ဒီတာချုပ် ကိုဆွေဝင်းကို မဘသဘက်ကလည်း ပုဒ်မ ၆၆ဃ နဲ့တရားစွဲဆိုတဲ့ ကိစ္စတွေက ပေါ်လာတော့ အခြေအနေတွေ ပိုပြီးတော့ ရှုပ်ထွေးလာသလား။ ဆရာတို့ဘက်က ဘယ်လိုသုံးသပ်သလဲရှင့်။

ဦးကြီးမြင့်။ ။ ကိုဆွေဝင်းပြောတဲ့မှတ်ချက်ကို ကျနော် သဘောတူတယ်။ အာဏာပိုင်တွေနဲ့ မဘသနဲ့ပေါင်းပြီး သူ့အပေါ်မှာ လုပ်ကြံတယ်ဆိုတာကို ကျနော် သဘောတူတယ်။ လှုံ့ဆော်တဲ့သူက ဦးဝီရသူတို့နဲ့ မဘသက လှုံ့ဆော်တာလေ။ အဲ့တာ လှုံ့ဆော်တဲ့သူကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေအရ ဖမ်းရမှာ အဲ့တာ။ သတ်ကြ သတ်ကြတာကောင်းတယ် အဲ့တာ ရာဇဝတ်မှုဖြစ်အောင် လှုံ့ဆော်တာလေ အဲ့တာကို အရေးမယူပဲနဲ့ ဒီဟာကို သတိပေးတဲ့ စာရေးဆရာကို သတိပေးတဲ့ သတင်းမီဒီယာကို အရေးယူတယ်ဆိုတာ ဘယ်လိုပြောမလဲဆိုတော့ ကိုဆွေဝင်းစွပ်စွဲမယ်ဆိုလည်း စွပ်စွဲစရာပဲ။ ကိုဆွေဝင်းကတော့ ဒီကိစ္စနဲ့ပတ်သက်လို့ လုံးဝ ခေါင်းငုံ့မခံဘူး။ သူကတော့ ပြန်တိုက်မယ်လို့ပြောတယ်။

မအင်ကြင်းနိုင်။ ။ အဲ့ဒီ့တော့ ဦးကိုနီ လုပ်ကြံခံရမှုမှာ အမှုမှန်ပေါ်ပေါက်ရေး အစိုးရအနေနဲ့ ဘာဆက်လုပ်သင့်တယ်လို့ မြင်ပါလဲရှင့်။

ဦးကြီးမြင့်။ ။ ကျနော်ကတော့ ဒီအမှု ၃၀၂နဲ့ စွဲထားတဲ့အမှုကို ပြန်ပြီးတော့ withdraw လုပ်လိုက်ပြီးတော့ အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေနဲ့စွဲဖို့ကို နိုင်ငံတော်အစိုးရက လုပ်ရင် ရတယ်။ သူ့မှာ အာဏာရှိတယ်။ အဲ့တာကို ကျနော်တိုက်တွန်းမှာပါ ခင်ဗျ။ အဲ့လိုမှ မဟုတ်ဘူးဆိုလို့ရှိရင် နောက်ထပ် လူသတ်ဂိုဏ်းတွေ တခုပြီးတခု ထွက်ပေါ်လာပြီးတော့ အလွန်ကြောက်စရာကောင်းတဲ့ တိုင်းပြည်ကြီးအောက်မှာ နေရသလိုဖြစ်သွားမယ်။"

အခုလို ဦးကိုနီလုပ်ကြံခံရတဲ့ အမှုမှန်ပေါ်ပေါက်ရေး ဆောင်ရွက်နေတဲ့ သူတို့ကိုလည်း ခြိမ်းခြောက်မှုတွေရှိနေကြောင်း ရှေ့နေတချို့က ဗွီအိုအေကို ပြောပါတယ်။ ဒီကနေ့ စနေ ညနေပိုင်းမှာ ရန်ကုန်မြို့ သခင်မြ ပန်းခြံမှာ ဦးကိုနီလုပ်ကြံခံရမှု ရက်ပေါင်း (၄၀) ပြည့် လူထုဟောပြောပွဲကို ရှေ့နေတွေ၊ သတင်းသမားတွေ ဦးဆောင်ပြီး ကျင်းပမှာဖြစ်ပါတယ်။

(မှတ်ချက်)ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ဖေဖေါ်ဝါရီလ (၂၅)ရက်နေ့ သတင်းစာရှင်းလင်းပွဲက ထုတ်ပြန်ခဲ့တဲ့ ဦးကိုနီလုပ်ကြံခံရမှု အချက်အလက်တွေထဲမှာ- ထွက်ပြေးတိမ်းရှောင်နေတဲ့ တရားခံ အောင်ဝင်းခိုင်ကို ရာဇသတ်ကြီး ပုဒ်မ ၃၀၂ အရ မှုခင်းရဲတပ်ဖွဲ့ က တရားစွဲရန် စီစဉ်နေကြောင်း ဖေါ်ပြထားပါတယ်။ သေနတ်သမား ကြည်လင်း (ခ) ဖိုးထူးကို တော့ ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)၊ လက်နက် ဥပဒေ ပုဒ်မ ၁၉ (စ)၊ လဝကအက် ၁၃ (၁) နဲ့ တရားစွဲထားကြောင်း ဖေါ်ပြထားပါတယ်။ အလားတူ အောင်ဝင်းဇော်အား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ (၁)၊ လက်နက် ဥပဒေ ပုဒ်မ ၁၉ (စ) နဲ့လည်းကောင်းဇေယျာဖြိုးအား ရာဇသတ်ကြီး ပုဒ်မ ၃၀၂ ၊ ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၇ ၊ ရာဇသတ်ကြီး ပုဒ်မ ၄၂၀/၄၆၈ တို့နဲ့ တရားစွဲထားတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချူပ်ဇော်ဝင်းက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG