သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြောက်ပိုင်းမဟာမိတ် အဖွဲ့ဝင် ၃ ဖွဲ့ ငြိမ်းချမ်းရေးညီလာခံ တက်ခွင့်မရ


၂၁ရာစုပင်လုံ ဒုတိယအကြိမ်ညီလာခံ
၂၁ရာစုပင်လုံ ဒုတိယအကြိမ်ညီလာခံ

မကြာခင်ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံကို NCA မှာ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေ ထဲက အစိုးရနဲ့တိုက်ပွဲဖြစ်နေတဲ့ မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့၃ဖွဲ့ကို ဖိတ်ကြားခြင်းမရှိဘူးလို့သိရပါတယ်။ လက်နက်ကိုင်တွေအားလုံး ပါဝင် နိုင်အောင်လို့ အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်တီ UPDJC က ကြိုးစားခဲ့တယ် ဆိုပေမယ့် ၊ အခုလို အားလုံးပါဝင်နိုင်တဲ့ အခြေနေမျိုး မရှိတာကြောင့် လက်နက်ကိုင်ပဋိပက္ခတွေ ပိုကြီးထွားလာမှာကို စိုးရိမ်မှုတွေလည်း ရှိနေပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

မေလ ၂၄ ရက်နေ့မှာကျင်းပမယ့် ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံကို မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့၃ဖွဲ့ဖြစ်တဲ့ TNLA တအာင်းပလောင် တပ်ဖွဲ့၊ AA ရခိုင့်တပ်မတော်နဲ့ MNDAA ကိုးကန့်တပ်ဖွဲ့တို့ကို အစိုးရရဲ့ ပြည်ထောင်စုငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ UPDJC က ဖိတ်ကြားခြင်း မရှိဘူးလို့ TNLA ရဲ့ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးချုပ် တာဖုန်းကျော်က ပြောပါတယ်။

“ NCA ကို မထိုးရသေးတဲ့ အဖွဲ့တွေကို ဖိတ်တဲ့အထဲမှာ ကျနော်တို့အဖွဲ့ ၃ဖွဲ့ကို မဖိတ်ပါဘူး။ ကျနော်တို့ ၃ဖွဲ့ရဲ့ နာမည်မပါဘူး။ ကျနော်တို့ TNLA၊ AA ရခိုင်တပ်မတော်ရယ် ပြီးတော့ ကိုးကန့်တပ်မတော်ရယ် ကျနော်တို့အဖွဲ့ ၃ဖွဲ့ကိုတော့ မဖိတ်ပါဘူး။ ကျန်တဲ့အဖွဲ့တွေတော့ အကုန်လုံး ပါတယ်လို့ ကျနော်တို့တွေ့ရတယ်။ ပြီးတော့ UNFC ရဲ့ DPN အဖွဲ့ကိုလည်း သီးသန့်ဖိတ်ထားတာ တွေ့ရပါတယ်။ ကျနော်တို့ မြောက်ပိုင်း မဟာမိတ် (၇)ဖွဲ့ကိုတော့ ဖိတ်တာ မရှိပါဘူးခင်ဗျ ”

ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံကို NCA လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့ကို ဖိတ်ကြားထားပြီး အားလုံးတက်ရောက်ကြမှာဖြစ်သလို၊ NCA လက်မှတ်မထိုးရသေးတဲ့ လက်နက်ကိုင်အဖွဲ့တွေ တက်နိုင်အောင်လို့လည်း ကြိုးစားညှိနှိုင်းခဲ့ကြောင်း UPDJC ဒုဥက္ကဋ္ဌ ဦးသုဝေက ရှင်းပြပါ တယ်။

"NCA ထိုးထားတဲ့သူတွေ အားလုံးကိုတော့ ဖိတ်စာပို့ထားတယ်ပေါ့။ လက်မှတ်မထိုးထားသေးတဲ့အဖွဲ့တွေနဲ့ ကျနော်တို့ ကြိုးစားပြီးတော့ တွေ့ဆုံဆွေးနွေးနေတာတွေ လုပ်တယ်လေ။ တွေ့ဆုံဆွေးနွေးနေပြီးတဲ့အခါကျတော့ သူတို့ကို အမှန်ကတော့ လက်မှတ်ထိုးခိုင်းတာပေါ့ကွာ။ ထိုးပေးမယ်ဆိုရင်တော့ UPDJC လည်းပါတယ်။ သူတို့ရဲ့ဆုံးဖြတ်ချက်တွေကလည်း ညီလာခံမှာ ကိုယ်စားလှယ်အနေနဲ့တက်ပြီးတော့ သူတို့ရဲ့ သဘောထားတွေလည်း တင်ပြနိုင်တယ်ပေါ့။ အဲ့လိုမှ လက်မှတ်မထိုးဘူးဆိုရင်တော့ တကယ်လို့ တက်ချင်တယ်ဆိုရင် သူတို့ အထူးဧည့်သည်ဆိုတော့ သာမာန်လေ့လာသူထက်စာရင်တော့ နည်းနည်းထူးခြားမှာပေါ့ဗျာ။ သို့သော်သူတို့လေ့လာသူအနေနဲ့ပဲ နေရာမှာလေ။ ဆုံးဖြတ်ပိုင်ခွင့်တွေ ဘာတွေမရှိဘူးလေ။ အဲ့လိုနည်းနဲ့ဖိတ်မယ်ဆိုပြီး ကျနော်တို့ ဖိတ်ထားတာပေါ့။"

မြောက်ပိုင်းမဟာမိတ် တပ်ဖွဲ့၃ဖွဲ့ကို မဖိတ်ပဲ ချန်ထားတာကြောင့် အစိုးရကလုပ်ဆောင်နေတဲ့ ပြည်တွင်းငြိမ်းချမ်းရေးဖြစ်စဉ်ပေါ် မေးခွန်းထုတ် စရာဖြစ်နေကြောင်း ဗိုလ်မှူးချုပ် တာဖုန်းကျော်က ပြောပါတယ်။

“ ၂၁ရာစု ပင်လုံညီလာခံကျင်းပရေး ကော်မတီ UPDJC က - ဒါက မြန်မာ့တပ်မတော် မြန်မာ့ခေါင်းဆောင်ရဲ့ သဘောထား အတိုင်းပဲ ဆောင်ရွက်နေတယ်။ မြန်မာ့တပ်မတော် မြန်မာ့ခေါင်းဆောင်တွေက ကျနော်တို့ကို နဂိုကတည်းကလည်း ဒီငြိမ်းချမ်းရေး ဖြစ်စဉ်ထဲမှာ ပါလို့ မရဘူးလို့ ပြောထားတဲ့အတိုင်းပဲ၊ အခုဒီတကြိမ်မှာလည်း ဒီလိုပဲဆောင်ရွက်တယ်။ ဆိုတော့ ဒီလိုဆောင်ရွက်ချက်ကတော့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းစစ်မီးကို ဆက်ပြီးတော့မှ ပိုပြီးတော့မှ ဆက်လက်ဖြစ်ပွားနေမယ့် အနေအထား လက္ခဏာတွေပဲလို့ ကျနော်တို့မြင်တယ်။ ပြီးတော့ အခု ၂၁ရာစု ပင်လုံညီလာခံကလည်းပဲ ဘယ်လောက်ထိ ငြိမ်းချမ်းရေးကိစ္စတွေကို ဆောင်ရွက်နိုင်မလဲ၊ ဘယ်လောက်ထိ - ပြည်ထောင်စုကို တည်ဆောက်မယ့် သဘောတူညီချက်တွေ ရနိုင်မလဲဆိုတာ တော်တော်လေး မေးခွန်းထုတ်စရာ ကောင်းတဲ့အခင်းအကျင်း ပိုပြီးတော့ ဖြစ်လာတယ်လို့ ဒီလိုပဲ ကျနော်တို့မြင်ပါတယ် ”

ငြိမ်းချမ်းရေးရဖို့ဆိုပြီး အစိုးရက ၂၁ရာစု ပင်လုံညီလာခံကို ထပ်မံ ကျင်းပဖို့ရက် နီးလာချိန်မှာပဲ မြောက်ပိုင်းမဟာမိတ်ဒေသတွေမှာ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ ဗိုလ်မှူးချုပ် တာဖုန်းကျော်က ပြောပါတယ်။

“ အခုကျနော်တို့ မြောက်ပိုင်းနယ်မြေမှာ ဒီကျနော်တို့ PSLF/TNLA ရဲ့နယ်မြေတွေ တော်တော်များများကိုရော ပြီးတော့ ကိုးကန့်ပေါ့။ ကိုးကန့် ထဲမှာဆို ဟိုအိုင်းမှာ ခုထက်ထိ တိုက်ပွဲပြင်းနေပါတယ်။ လက်နက်ကြီးတွေနဲ့ အပစ်ခံနေရတယ်။ ပြီးတော့ ကချင်ဖက်မှာ ဖားကန့်ဖက်မှာဆိုလဲ တိုက်ပွဲတွေ ဖြစ်နေတယ်ဆိုတော့ တိုက်ပွဲတွေကတော့ နေ့တိုင်းလိုလိုပဲ ဖြစ်နေတယ်။ ဆက်ပြီးတော့ တိုးပြီးဖြစ်မယ့် လက္ခဏာတွေလည်း ကျနော်တို့ တွေ့နေ ရပါတယ် ”

NCA လက်မှတ်မထိုးရသေးတဲ့ UNFC ထဲက လက်နက်ကိုင်အဖွဲ့တွေကတော့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ဖို့ ဖိတ်စာရကြ ပေမယ့် တချို့အဖွဲ့တွေကတော့ တက်မယ် မတက်ဘူးဆိုတာ ခုထိ မဆုံးဖြတ်နိုင်ပဲ ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG