သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၁ ရာစုပင်လုံ ဒုတိယအစည်းအဝေး ကုလအကြီးအကဲ တက်ရောက်မည်မဟုတ်


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterresတို့ တရုတ်နိုင်ငံတွင် တွေ့ဆုံခဲ့စဉ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နှင့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterresတို့ တရုတ်နိုင်ငံတွင် တွေ့ဆုံခဲ့စဉ်။

မေလ (၂၄) ရက်နေ့ နေပြည်တော်မှာ ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres တက်ရောက်ဖို့ မရှိဘူးလို့ ကုလသမဂ္ဂအရာရှိ တဦးက ဗွီအိုအေကို အတည်ပြု ပြောပါတယ်။ အီတလီမှာကျင်းပမယ့် စက်မှုထိပ်သီးညီလာခံအပါအဝင် အခြားနိုင်ငံတကာ အစည်းအဝေးတွေနဲ့ တိုက်ဆိုင်နေတဲ့အတွက် အတွင်းရေးမှူးချုပ်အနေနဲ့ မတက်ရောက်နိုင်တာဖြစ်တယ်လို့ ဆိုပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က ဆက်ပြီး ပြောပြမှာပါ။

တရုတ်နိုင်ငံမှာ မေလ (၁၄-၁၅)ရက်နေ့ထိကျင်းပခဲ့တဲ့ Belt and Road ရပ်ဝန်းနှင့် ပိုးလမ်းမဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေး ညီလာခံအတွင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres နဲ့ သီးခြားတွေ့ဆုံခဲ့ရာမှာ မကြာခင်ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ ရာစုပင်လုံ ညီလာခံကို တက်ရောက်ဖို့ ဖိတ်ကြားခဲ့တာပါ။

ဒါပေမဲ့လည်း ကုလအတွင်းရေးမှူးချုပ်မှာ မေလ ၂၆-၂၇ ရက်နေ့ထိ အီတလီနိုင်ငံမှာ ကျင်းပမယ့် G7 စက်မှုထိပ်သီးညီလာခံအပြင် အခြား နိုင်ငံတကာအစည်းအဝေးတွေ တက်ရောက်ဖို့ရှိတဲ့အတွက် မြန်မာနိုင်ငံမှာ ကျင်းပမယ့် ဒုတိယအကြိမ် ၂၁ရာစု ပင်လုံညီလာခံကို ကိုယ်တိုင်တက်ရောက်ဖို့ မရှိကြောင်း ကုလသမဂ္ဂအရာရှိတဦးက ဗွီအိုအေက ပြောပါတယ်။

မြန်မာနိုင်ငံတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကြိုးပမ်းမှုတွေကို ကုလသမဂ္ဂအနေနဲ့ အမြဲထောက်ခံအားပေးနေသလို ဒီသတင်းပတ်အစောပိုင်းက တရုတ်နိုင်ငံမှာကျင်းပခဲ့တဲ့ ရပ်ဝန်းနဲ့ ပိုးလမ်းမဆိုင်ရာ ညီလာခံ အပြင်ဘက် ဒေါ်အောင်ဆန်းစုကြည်နဲ့ သီးခြား တွေ့ဆုံရာမှာလည်း မြန်မာအရေး ကုလသမဂ္ဂအလေးထားကြောင်း အတွင်းရေးမှူးချုပ်က ပြောဆိုခဲ့တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရုံးရဲ့ ပြောခွင့်ရအမျိုးသမီးက ဗွီအိုအေကို ပြောပါတယ်။

"မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ပြောင်းလဲရေးကို ကုလသမဂ္ဂက ထောက်ခံကြောင်း အပါအဝင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နဲ့ လက်ရှိ ရခိုင်ပြည်နယ် မှာဖြစ်နေတဲ့ ပဋိပက္ခရဲ့ အဓိက အခြေခံအကြောင်းအရာတွေကိုပြေလည်အောင် မျှမျှတတဖြေရှင်းရေး နည်းလမ်းတွေကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့ဆွေးနွေးခဲ့ကြပါတယ်။"

၂၀၁၆ခုနှစ် သြဂုတ်လမှာ ကျင်းပခဲ့တဲ့ ပထမအကြိမ် ၂၁ ရာစု ပင်လုံညီလာခံကိုတော့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းကိုယ်တိုင် တက်ရောက်ပြီး အဖွင့်အမှာ စကားပြောကြားခဲ့ပါတယ်။

အခုလက်ရှိ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ဟာ ဒီနှစ်ဆန်း ဇန်နဝါရီလမှာ ရာထူးလက်ခံယူပြီးနောက်မြန်မာ့အရေးနဲ့ ပတ်သက်လို့ ရခိုင်ပြည်နယ် ပဋိပက္ခကို အလေးထား ကိုင်တွယ်သွားမှာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

အရင်က ပေါ်တူဂီ ဝန်ကြီးချုပ် ဖြစ်ခဲ့ ပြီး ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး တာဝန်ယူခဲ့သူ Mr. Guterres က ကမ္ဘာပေါ်က ပဋိပက္ခတွေနဲ့ စစ်ပွဲတွေကြားမှာ ပိတ်မိနေကြတဲ့ သန်းနဲ့ချီတဲ့ ပြည်သူတွေကို ကူညီရမယ့် အရေးဟာ သူ့နှလုံးသားထဲမှာ အလေးနက်ဆုံး ရှိနေတဲ့ တာဝန်ဖြစ်တယ်လို့ ကုလသမဂ္ဂမိန့်ခွန်းတခုမှာ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG