သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလအတွင်းရေးမှူးချုပ်သစ် မြန်မာ့အရေး မကြာမီကူညီဖြေရှင်းမည်


ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres

ရခိုင်အရေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် António Guterres ကိုယ်တိုင် လာမယ့်ရက်တွေမှာ ကိုင်တွယ်သွားဖို့ရှိတယ်လို့ ကုလမဂ္ဂက ပြောကြားခဲ့ပါတယ်။ ဘူးသီးတောင်မြို့နယ်မှာ ရိုဟင်ဂျာမွတ်ဆလင်တွေအနေနဲ့ အစားအသောက်တွေဝယ်ဖို့တောင် အခက်အခဲတွေရှိနေတယ်ဆိုတဲ့ သတင်းတွေနဲ့ပါတ်သက်လို့ ကုလသမဂ္ဂအနေနဲ့ ဘယ်လိုတုံ့ပြန်မလဲဆိုတဲ့ သတင်းထောက်တယောက်ရဲ့ အမေးကို အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရသူ Farhan Haq ကခုလို ဖြေကြားခဲ့ပါတယ်။

"ရခိုင်ပြည်နယ်ကိစ္စနဲ့ပါတ်သက်လို့ ကုလသမဂ္ဂအနေနဲ့လည်း စိုးရိမ်ပါတယ်။ ဒီစိုးရိမ်မှုတွေကို ကျွန်တော်တို့နဲ့ ဆက်သွယ်နေတဲ့ အောက်ခြေပိုင်းက သူတွေကို ပြောကြားထားပြီးဖြစ်ပါတယ်။ အတွင်းရေးမှူးချုပ်ကိုယ်တိုင် လာမယ့်ရက်တွေအတွင်း ဒီကိစ္စကို ကိုင်တွယ်လိမ့်မယ်လို့ ကျွန်တော်ယုံကြည်ပါတယ်။ ဒီကိစ္စနဲ့ပါတ်သက်လို့ နောင်မှာ ပြောစရာထပ်ပေါ်လာရင် ပြောပါ့မယ်" လို့ အတွင်းရေးမှူးချုပ်ရဲ့ ဒုတိယပြောခွင့်ရသူ Farhan Haq က January လ ၂၀ ရက်နေ့ သောကြာနေ့က သတင်းစာရှင်းပွဲအတွင်းမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဘန်ကီမွန်းနဲ့အတူ တာဝန်ပြီးဆုံးသွားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးပုဂ္ဂိုလ် Vijay Nambiar နေရာမှာ အတွင်းရေးမှုးချုပ်သစ်က လူသစ်ထပ်မံ ခန့်အပ်နိုင်ဖို့ ကြိုးစားနေဆဲဖြစ်ပါတယ်။

မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Ms. Yanghee Lee ကတော့ ၁၂ ရက်ကြာ မြန်မာနိုင်ငံခရီးစဉ်ကို ပြီးခဲ့တဲ့ သောကြာနေ့ကပဲ အဆုံးသတ်ခဲ့ပါတယ်။ တိုက်ပွဲတွေဖြစ်နေတဲ့ ကချင်ပြည်နယ်မှာရော၊ တိုက်ခိုက်မှုတွေရှိခဲ့တဲ့ ရခိုင်ပြည်နယ်မှာပါ စစ်တပ်ရဲ့ ကိုင်တွယ်ပုံတွေဟာ ကြမ်းတမ်းတယ်လို့ Ms. Yanghee Lee ကပြောကြားပါတယ်။

ရခိုင်ပြည်နယ်ထဲမှာ လက်နက်ကိုင်တိုက်ခိုက်မှုတွေရှိခဲ့ပြီးနောက် လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ နယ်မြေရှင်းလင်းမှုတွေအတွင်း လူ့အခွင့်အရေးချိုးဖောက်မှုတွေရှိတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအရေးဟာ နိုင်ငံတကာအရေး ဖြစ်တယ်ဆိုပြီး OIC (အစ္စလမ်နိုင်ငံများအဖွဲ့) အထူးအစည်းကို ဇန်နဝါရီ ၁၉ ရက်နေ့က ခေါ်ယူကျင်းပခဲ့ပါတယ်။

အင်ဒိုနီးရှားနိုင်ငံကတော့ ရခိုင်ပြည်နယ်ထဲက ရခိုင်နဲ့ မွတ်ဆလင်အသိုင်းအဝိုင်း ၂ ခုလုံးအတွက် အကူအညီတွေ ပေးအပ်ခဲ့ပါတယ်။ မြန်မာနိုင်ငံကို လတ်တလောလာသွားတဲ့ ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Boris Johnson ကလည်း ရခိုင်အကြံပေးကော်မရှင် အဖွဲ့ဝင်တွေနဲ့ တွေ့ဆုံခဲ့ပြီး မြန်မာနိုင်ငံကို အထူးသဖြင့် ရခိုင်ဒေသအတွက် အကူအညီတွေပေးသွားဖို့ ရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG