သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

The Voice အမှု ချုပ်ရက် ရမန်ယူ


The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ။ (သြဂုတ် ၂၃-၂၀၁၂)
The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေ။ (သြဂုတ် ၂၃-၂၀၁၂)

တပ်မတော်ကို သရော်စာရေးသားမှုနဲ့ The Voice အယ်ဒီတာချုပ် ဦးကျော်မင်းဆွေနဲ့ ဗြိတိသျှ ကိုကိုမောင်တို့ကို ပုဒ်မ ၆၆-ဃနဲ့ ဖမ်းဆီးလိုက်ပြီးတဲ့နောက် ဗဟန်းတရားရုံးမှာ ဒီကနေ့ ချုပ်ရက်ရမန်ယူပါတယ်။စနေနေ့လိုအစိုးရရုံးပိတ်ရက်မှာ ချုပ်ရက်ရမန်ပေးတယ်ဆိုတဲ့ကိစ္စကို ဥပဒေနဲ့ ညီညွတ်မှု ရှိ-မရှိ တရားရုံးမှာ မေးခွန်းထုတ်သွားမယ်လို့ ဦးကျော်မင်းဆွေတို့ရဲ့ ဥပဒေအကြံပေးကပြောပါတယ်။ အခုလို သတင်းမီဒီယာသမားတွေကို ဖမ်းဆီးချုပ်နှောင်တာဟာ အရပ်သားအစိုးရလက်ထက် သတင်းမီဒီယာလွတ်လပ်ခွင့် နောက်ကြောင်းပြန် သွားတာပဲလို့လည်း သတင်းမီဒီယာသမားတွေက ဝေဖန်လိုက်ပါတယ်။ မဆုမွန် ဆက်ပြောပြပါမယ်။

"ပြည်ထောင်စုသစ္စာ"ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကို "ကျည်ထောင်စုသစ္စာ" ဆိုပြီး သရော်ထားတဲ့စာကို ရေးသားဖော်ပြခဲ့တဲ့ အတွက် တပ်မတော်ဘက်က The Voice သတင်းစာ နဲ့ သရော်စာရေးသားသူ ဗြိတိသျှကိုကိုမောင် တို့ကို ဆက်သွယ်ရေးဥပဒေ ပုဒ်မ ၆၆-ဃ နဲ့ အမှုဖွင့်ခဲ့ပြီးတဲ့နောက် မနေ့သောကြာနေ့ ဇွန်လ ၂ရက်နေ့ကတော့ The Voice Weekly သတင်းစာ အယ်ဒီတာချုပ် ကိုကျော်မင်းဆွေ နဲ့ ဗြိတိသျှ ကိုကိုမောင်တို့ကို သရော်စာရေးသားဖော်ပြမှု နဲ့ ဗဟန်းမြို့နယ် ရဲစခန်းက ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။

ဒီကနေ့ ဇွန်လ ၃ရက်နေ့မှာတော့ ဗဟန်းရဲစခန်းမှာ ဖမ်းဆီးချုပ်နှောင်ထားတဲ့ ကိုကျော်မင်းဆွေနဲ့ ကိုကိုမောင်တို့ကို ဗဟန်းတရားရုံးမှာ ချုပ်ရက်ရမန်ယူတယ်လို့ ကိုကျော်မင်းဆွေနဲ့ ကိုကိုမောင်တို့အတွက် ဥပဒေအကြံပေးအဖြစ် လိုက်ပါဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်မြင့်ကပြောပါတယ်။

“ တနာရီမှာ ဗဟန်းမြို့နယ်တရားရုံးမှာ ချုပ်ရမန်ယူဖို့ ရုံးထုတ်သွားတယ်လို့တော့ ကျနော်တို့ သိလိုက်တယ်။ သွားဖို့စီစဉ်တဲ့အချိန်မှာပဲ ရမာန်ယူပြီး သွားပြီဆိုပြီဆိုတဲ့အတွက် ကျနော်က အခုမှပဲ ရဲစခန်းသွားရတယ်။ ရမန်ယူဖြစ်တာတော့ မှန်ပါတယ်ခင်ဗျ။”

အခုလို စနေရုံးပိတ်ရက်မှာ တရားရုံးထုတ်ပြီး ရမန်ယူတဲ့အပေါ် ဥပဒေနဲ့ညီညွတ်မှုရှိ-မရှိ မေးခွန်းထုတ်ဖို့ရှိတယ်လို့ အမှုရဲ့နောက်ဆုံးအခြေအနေကို ဗွီအိုအေကို အခုလိုပြောပါတယ်။

“ အခု ကျနော် ရဲစခန်းကိုသွားပြီးတော့ ဒီချုပ်ရမန်က ဥပဒေနဲ့ ညီညွတ်စွာ ယူထားတဲ့ ချုပ်ရမန်ဟုတ်မဟုတ် ဆိုတာကို ကျနော် စီစစ်ပါမယ်။

စီစစ်ပြီးတော့မှ ဥပဒေနဲ့ညီညွတ်တယ်။ ချုပ်ရမန် ပေးပိုင်ခွင့်ရှိတဲ့ တရားသူကြီးကပေးတယ်ဆိုရင်တော့ အာနိသင်ရှိတဲ့အတွက် ဗဟန်းရဲစခန်းမှာသော်လည်းကောင်း၊ သို့မဟုတ် အင်းစိန်ထောင်မှာသော်လည်းကောင်း ဒါရမာန် ကာလကုန်ဆုံးသည်အထိ ချုပ်နှောင်လို့ရပါတယ်။

သို့သော် ကျနော်တို့ဘက်က Complain တက်ဖို့ရှိတာကတော့ တရားရုံးလက်စွဲ အပိုဒ် ၁၈မှာတော့ စနေ၊ တနင်္ဂနွေနဲ့ အစိုးရရုံးပိတ်ရက်တွေမှာ အထူးကိစ္စရပ်များမှတပါး ရုံးထိုင်ခြင်း မပြုရဘူးလို့ တရားဝင် ပြဌာန်းထားတာရှိပါတယ်။ အဲ့တော့ သာမာန်ဆက်သွယ်ရေးပုဒ်မနဲ့ စွဲဆိုထားတဲ့ကိစ္စတရပ်ကို စနေ၊ တနင်္ဂနွေမှာ ဥပဒေနဲ့ဆန့်ကျင်ပြီးတော့ ရုံးထိုင်ပြီးတော့ ချုပ်ရမန်ပေးတယ်ဆိုတဲ့ ကိစ္စကိုတော့ ဒါ သူ့အထက်တရားရုံးမှာ ဒါ ဥပဒေနဲ့ညီညွတ်မှု ရှိ-မရှိ Complain တက်ပါမယ်။”

ပြီးခဲ့တဲ့ မတ်လ ၂၆ ရက်နေ့ နေ့စွဲနဲ့ ထုတ်ဝေတဲ့ The Voice သတင်းစာမှာ တပ်မတော်ကရိုက်ကူးတဲ့ "ပြည်ထောင်စုသစ္စာ" ရုပ်ရှင်ဇာတ်ကား ကို "ကျည်ထောင်စုသစ္စာ" ဆိုပြီး သရော်စာ ရေးသားဖော်ပြခဲ့တာနဲ့ ပတ်သက်ပြီး ဖြေရှင်းပေးဖို့ တပ်မတော်က မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီကို ဧပြီလ ၂၅ ရက်နေ့က တိုင်ကြားခဲ့ပါတယ်။ မေလ ၁၇ ရက်နေ့က ပုဒ်မ ၆၆-ဃ နဲ့ အမှုဖွင့်လိုက် တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။ တပ်မတော်က လက်ရှိတရားစွဲဆိုခံထားရတဲ့အမှုနဲ့ပတ်သက်ပြီးလည်း ရှေ့နေကြီးဦးခင်မောင်မြင့်က အခုလိုရှင်းပြပါတယ်။

“တရားစွဲတာကတော့ ရန်ကုန်တိုင်းစစ်ဌာနချုပ်က ဒုတိယဗိုလ်မှူးကြီးလင်းထွန်းပေါ့။ သူက တရားလိုပြုလုပ်ပြီး တိုင်ကြားထားပါတယ်။ တိုင်ကြားရင်းရဲ့ အကြောင်းရင်းကတော့ တပ်မတော်နဲ့ တပ်မတော်သားတွေကို ဂုဏ်သိက္ခာထိခိုက်အောင် ရေးသားတယ်လို့ သူတို့က ထင်မြင်ယူဆတဲ့အတွက် တိုင်ကြားလိုက်တာပေါ့နော် အဓိကကတော့ အဲ့တာပါပဲ။

အခုကတော့ ကျနော်တို့က တရားခွင်ကို မရောက်ခင်အဆင့်မှာ ကျနော်က ဥပဒေအကြံပေးအဖြစ်နဲ့ ဆောင်ရွက်နေပါတယ်။ တရားခွင်မှာကျရင်တော့ ကျနော်နဲ့ တွဲဖက်ပြီးတော့ တရားလွှတ်တော်ရှေ့နေကြီး ဦးမျိုးသိန်းနဲ့ ကျနော်တွဲဖက်ပြီး ဆောင်ရွက်သွားမှာပါ။

အခုလောလောဆယ် ကျနော်တို့ အရေးတကြီးလုပ်နေတာကတော့ စွဲဆိုခံထားရတဲ့ လူနှစ်ယောက်ရဲ့ အာမခံရရှိရေးကို ကျနော်တို့ဆောင်ရွက်ပါမယ်။ တရားရုံးကို စွဲဆိုသွားပြီဆိုရင်တော့ ဒါ အပြစ်မရှိတဲ့အတွက် အမှုကို တရားရှင်ခေါ်မှာပေါ့နော် စွဲချက်မတင်မှီမှာလွှတ်တဲ့အဆင့်မျိုးနဲ့ ဖြစ်အောင် ကျနော်တို့ဆောင်ရွက်သွားပါမယ်။”

အခုလို သတင်းမီဒီယာသမားတွေကို ၆၆ဃနဲ့ ဖမ်းဆီးအရေးယူမှုတွေ လုပ်တာဟာ အရပ်သားအစိုးရလက်ထက် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို ခြိမ်းခြောက်တာဖြစ်သလို သတင်းလွတ်လပ်ခွင့် နောက်ကြောင်းပြန်သွားတဲ့ စိုးရိမ်စရာ အခြေအနေဖြစ်တယ်လို့လည်း တိုင်းရင်းသတင်းမီဒီယာရဲ့ တာဝန်ခံအယ်ဒီတာ ဦးဇင်လင်းက ဝေဖန်လိုက်ပါတယ်။

“အစိုးရလက်ထက်မှာ သတင်းစာလွတ်လပ်ခွင့်နဲ့ပတ်သက်ပြီးတော့ ပြောရရင်တော့ ဒီ ၆၆ဃက ဆုတ်ယုတ်မှုတခုလို့ပြောရမှာပေါ့နော်။ သတင်းစာ လွတ်လပ်ခွင့်နဲ့ လွတ်လပ်စွာပြောဆိုဆွေးနွေးခွင့်ဆိုတာတွေနဲ့ပတ်သက်ပြီးတော့ နောက်ပြန်ဆုတ် သွားတယ်လို့ပြောရမှာဖြစ်တယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီလိုဥပဒေပုဒ်မကြီးနဲ့ သတင်းစာသမားတွေ၊ စာရေးဆရာတွေကို အရေးမယူသင့်ဘူးလို့မြင်ပါတယ်။ အခုအရေးယူခံရတဲ့ကိစ္စကလည်း သရော်စာရေးတဲ့အတွက် အရေးယူခံရတာဖြစ်တယ်။ သရော်စာ ဆိုတာကလည်း သူတို့ ပြုပြင်စေချင်တဲ့ပုဂ္ဂိုလ်များရဲ့အပိုင်းကို ပြုပြင်စေလိုတဲ့စေတနာနဲ့သူတို့ရေးတာဖြစ်တယ်။ ဒါကြောင့် ဒီလိုပြင်းပြင်းထန်ထန် အရေးယူသင့်တဲ့ ကိစ္စမျိုး မဟုတ်ဘူး။ ဒါကြောင့်မို့လို့ သတင်းမီဒီယာလွတ်လပ်ခွင့်၊ လွတ်လပ်စွာပြောဆိုခွင့် ဆိုတဲ့ကဏ္ဍဟာ နောက်ပြန်ဆုတ်သွားတဲ့သဘောမျိုး လက္ခဏာဆောင်သွားတယ်လို့ပြောရမှာပေါ့။”

အခုလို သတင်းသမားနှစ်ဦးအပေါ်အရေးယူလိုက်တဲ့အပေါ် ပြင်သစ်အခြေစိုက် နယ်စည်းမခြားသတင်းထောက်များအသင်း RSF က ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချလိုက်ပါတယ်။ ဒါဟာ သတင်းသမားတွေနဲ့ဆိုင်တဲ့ နိုင်ငံတကာ စံချိန်စံညွှန်းတွေကို ဖေါက်ဖျက်ရာ ရောက်တယ်လို့ ပြောဆိုလိုက်ပြီး ဒီသတင်းသမား ၂ဦးကို လွှတ်ပေးဖို့ တောင်းဆိုလိုက်ပါတယ်။ ရခိုင်သတင်းသမားများအသင်း AJAဘက်ကလည်း စွဲဆိုထားသည့်အမှုကို ပြန်လည်ရုတ်သိမ်းပြီး တွေ့ဆုံညိနှိုင်းခြင်းဖြင့်အဖြေရှာသင့်ကြောင်း အလေးအနက် တိုက်တွန်းတယ်လို့ ဒီကနေ့ ကြေညာချက် ထုတ်ပြန်ပါတယ်။

The Voice အမှု ချုပ်ရမန်ယူ
please wait

No media source currently available

0:00 0:05:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG