သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NCA အပစ်ရပ်အဖွဲ့ ABSDF ဗဟိုကော်မတီဝင် ကိုမင်းဌေး ရုံးထုတ်


ကိုမင်းဌေး- ABSDF
ကိုမင်းဌေး- ABSDF

ကချင်ပြည်နယ် ဗန်းမော်အကျဉ်းထောင်မှာ ၅လကျော်ကြာ ပုဒ်မ ၁၇ (၁)မတရားအသင်းအဖွဲနဲ့ ဆက်သွယ်မူ နဲ့ ဖမ်းဆီးခံထားရတဲ့ NCA တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ ABSDFက ဗဟိုကေ်ာမတီဝင် ရဲဘော်မင်းဌေးဟာ ဇွန်လ ၈ရက်နေ့က မိုးမိတ်တရားရုံးမှာ ရုံးထုတ်စစ်ဆေးခဲ့ပြိး သူကို တရားလိုပြသက်သေ ၁၀ဦးနဲ့ စွဲချက်တင်ထားတယ်လို့ဆိုပါတယ်။ စွပ်စွဲချက်တွေက မခိုင်မာတဲ့အတွက် ပြန်လွတ်ပေးသင့်ကြောင်းနဲ့ NCA လက်မှတ်ရေးထိုးထားတဲ့အဖွဲ့ဝင်ဖြစ်တာကြောင့် ယုံကြည်မူတွေ လျော့နည်းလာစေတယ်လို့ မိသားစုဝင်တွေကဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ထားပါတယ်။

တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မူရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးထားတဲ့ ABSDFက ဗဟိုကေ်ာမတီဝင် ရဲဘော်မင်းဌေးဟာ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၈ရက်နေ့က ကချင်ပြည်နယ် လိုင်ဇာအသွား စိန်လုံ ပူးပေါင်းဂိတ်မှာ မတရားအသင်းဆက်သွယ်မှုပုဒ်မ ၁၇/၁နဲ့ ဖမ်းဆီးခံထားရတာဖြစ်ပါတယ်။ ဖမ်းဆီးစဉ်မှာ သူရဲ့ABSDF အဖွဲ့အစည်းရဲ့ ဘတ်တံဆိပ်နဲ့ ကေအိုင်အေနဲ့ တွဲရိုက်ထားတဲ့ ပုံတွေ ကို သက်သေလုပ်ပြိး သူကို တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

သူတို့ ၅လကျော်ကြာ ဗန်းမော်အကျဉ်းထောင်မှာထားပြီး ဇွန်လ ၈ ရက်နေက ရုံးထုတ်စစ်ဆေးခဲ့တဲ့ အခြေအနေကို ဇနီးဖြစ်သူလည်းဖြစ် ABSDF မြောက်ပိုင်း အထွေထွေအတွင်းရေးမှူးလည်းဖြစ်တဲ့မနန်းယဉ်ကအခုလိုပြောပြပါတယ်။

" သူ့ဘက်က သက်သေဆယ်ယောက်တင်တယ်လေ။ အခုက ၇ယောက်မြောက် စစ်တာပေါ့။ တရားလိုပြသက်သေ။ သူတို့ဘက်က တောက်လျောက်ပြောလာတာကတော့ အဖွဲ့က ဘတ်တံဆိပ်တွေ တွေ့တယ်ပေါ့နော်။ နောက်ပြီးတော့ ဓာတ်ပုံတွေ့တယ်ဆိုတဲ့ဟာမျိုးတွေ ။ နောက် KIA နဲ့တွဲရိုက်တဲ့ ဓာတ်ပုံတွေ့တယ်ပေါ့။ အဲ့တာ ရမ်ဘိုကားမှာ ရိုက်ထားတာတွေ့တယ်ဆိုတာ တစ်ယောက်ပြောတယ်။"

သူဟာ ကေအိုင်အေတပ်ဖွဲ့ဝင်တွေနဲ့ ဓါတ်ပုံရိုက်ထားတာကို အကြောင်းပြုပြီး မတရားအသင်းနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆိးခြင်းဟာ မဖြစ်သင့်ဘူးဆိုပြီး မနန်းယဉ်က ဆက်ပြောပြပါတယ်။

" ဥပဒေကြောင်းအရကြည့်မယ်ဆိုရင်တော့ ဒါက ဘယ်လိုမှ မခိုင်လုံဘူး။ ဓာတ်ပုံရိုက်ထားတယ်ပြောတယ်။ အဲ့သလိုသာ ဓာတ်ပုံရိုက်ထားလို့သာ စွဲချက်တင်ကြမယ်ဆိုရင်အားလုံးကို တင်ရမယ့်အခြေအနေမျိုး ဖြစ်နေတာပေါ့နော်။ သူမှမဟုတ်ဘူးလေ။ တကယ်ပဲ တရားဥပဒေစိုးမိုးရေးလို့ပြောပြီဆိုလို့ရှိရင် ဘယ်လိုမှ စွဲချက်မခိုင်လုံဘူး။ အမြန်ဆုံး ပြန်လွှတ်ရမယ့် အမှုတခုလို့ပဲမြင်တယ်လေ။

ငြိမ်းချမ်းရေးလုပ်နေတဲ့အချိန်မှာပေါ့နော် ဒါဟာ ယုံကြည်မှုကို ပျက်ပြားစေတဲ့အရာဖြစ်တယ်။ အချိန်ကြာလာလေလေ ဒီဟာဟာ ကောင်းတဲ့ရလဒ်မဟုတ်ဘူးပေါ့။ "

တနိုင်ငံလုံးပစ်ခတ်တိုက်ခတ်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) ကို တခြားလက်နက်ကိုင်အဖွဲတွေနဲ့အတူ ABSDF ကလည်း လက်မှတ်ရေးထိုးထားတာပါ။ အခုလို ဗဟိုကော်မတီတယောက်ကို မတရားအသင်းနဲ့ဆက်သွယ်မူနဲ့ဖမ်းဆီးတာဟာ လက်မှတ်မထိုးရသေးတဲ့ တခြားအဖွဲ့အစည်းတွေအတွက်ပါ နိုင်ငံရေးအရ ယုံကြည်မှုတွေလျော့နည်းစေပါတယ်လို့ မနန်းယဉ်ကဆိုပါတယ်။

" လက်မှတ်ထိုးထားတဲ့ အဖွဲ့မှာသည်ပင်လျင် ယုံကြည်မှု တည်ဆောက်နေရတဲ့ကာလလေ။ ဒီအခြေအနေအောက်မှာ ယုံကြည်မှုတည်ဆောက်နေတဲ့အချိန် ကိုမင်းဌေးတို့ကိုဖမ်းတယ်ဆိုတာတခုတည်းမဟုတ်ဘူး။ NCA တခုလုံးကိုပါသွားပြီး အကျိုးသက်ရောက်တယ်။ တပြိုင်နက်တည်းမှာ ထိုးပြီးသားလူတွေထဲမှာ ယုံကြည်မှု လျော့နည်းလာမယ်ဆိုရင် မထိုးရသေးတဲ့လူတွေထဲမှာလည်း ပိုပြီးမှ ဒါဟာ ပြောစရာဖြစ်လာမယ်။ ယုံကြည်မှုကိုလည်း ပိုပြီးတော့မှ လျော့နည်းစေတဲ့အရာဖြစ်တယ်။ ကိုမင်းဌေးကို လုပ်တာမျိုးအပြင် နောက်ထပ် ဒါမျိုးအများကြီးဖြစ်ရင် ဒါ NCA ရဲ့ခိုင်မာမှုကို ဖြစ်စေချင်ရင် ဒီကိစ္စဟာ ထပ်မဖြစ်ဖို့ အရေးကြီးတဲ့အရာတခုလို့မြင်ပါတယ်။"

ကိုမင်းဌေးပြန်လည် လွတ်မြောက်ရေးအတွက် သက်ဆိုင်ရာငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့အဖွဲအစည်းတွေက တာဝန်ရှိသူတွေထံကို စာရေးအကြောင်းကြားတာတွေလုပ်ခဲ့ပြီး ဖြစ်ကြောင်း ABSDF အနေနဲ့ကလည်း ကိုမင်းဌေးက ဗဟိုကော်မတီဝင်ဖြစ်တာကြောင့် ဒီကိစ္စနဲပတ်သက်လို့ တရားစွဲ အဖွဲ့အစည်းဖြစ်တဲ့ မြန်မာတပ်မတော်က တာဝန်ရှိသူတွေနဲ့ ညှှိနှိုင်းသွားမှာဖြစ်ကြောင်း ဖမ်းဆီးပြီးစအချိန်တွေမှာ ပြောဆိုနေပေမဲ့ အခုချိန်ထိကတော့ ညှိနှိုင်းဆွေးနွေးနိုင်တာတွေတော့ မတွေ့ရသေးပါဘူး။

ကိုမင်းဌေး အမူရင်ဆိုင်နေရတာဟာ ၅လကျော်ကြာနေပြီဖြစ်တဲ့အတွက် လည်း ဒီကိစ္စဟာ အမြန်ဆုံးဖြေရှင်းပေးသင့်တယ်လို့လည်း မိသားစုကတော့ ပြောဆိုခဲ့ပါတယ်။ တနိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကိုတော့ တခြားတိုင်းရင်းသားလက်နက်ကိုင် ၇ဖွဲ့နဲ့ အတူ၂၀၁၅ခုနှစ် အောက်တိုဘာလ၁၅ရက်နေ့က ABSDF က လက်မှတ်ရေးထိုးခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG