သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းထွက်ပြီ


ရန်ကုန်တိုင်း ဒေသကြီးအတွင်း စာသင်ကျောင်းတချို့မှာ ဒီနှစ် (၁၀)တန်း စာမေးပွဲအောင်ချက်ဟာ အရင်နှစ်ထက်စာရင် နည်းသွားတယ်လို့ ဆိုနိုင်ပေမဲ့ အောင်သူတွေထဲမှာတော့ ဂုဏ်ထူးရရှိသူတွေ ပိုများလာတယ်လို့ ၃ ဘာသာဂုဏ်ထူးနဲ့ အောင်မြင်သူတဦးက ပြောပါတယ်။ ၂၀၁၇ခုနှစ် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်းတွေကိုဇွန်လ (၁၆)ရက် ညသန်းခေါင်ကျော်ကစပြီး ရန်ကုန်တိုင်းဒေသကြီးရှိ သက်ဆိုင်ရာ မြို့နယ်အလိုက် စာသင်ကျောင်းတွေမှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ မအင်ကြင်းနိုင်က အသေးစိတ်ပြောပြမှာပါ။

ဒီနှစ်အောင်စာရင်းထွက်တဲ့အခြေအနေနဲ့ ပတ်သက်လို့ လသာမြို့နယ် အမှတ် (၂) အထက်တန်းကျောင်းကနေ ၃ ဘာသာဂုဏ်ထူးနဲ့ အောင်တဲ့ မသက်စုစံက သူတို့ကျောင်းရဲ့ အောင်စာရင်း အခြေအနေကို ပြောပြပါတယ်။

" မနှစ်ကထက် အောင်ချက် နည်းနည်းကျသွားတယ်။ ဒါပေမဲ့ အမှတ်များမှာတော့ the whole-Burma ဝင်တဲ့သူ များတယ်။ ဂုဏ်ထူးရတဲ့သူလည်းများတယ်။ ကျတဲ့သူလည်းများတယ်။ အောင်တဲ့ရာခိုင်နှုန်း နည်းသွားတာပေါ့။"

ဒီနှစ် မတ်လက ကျင်းပခဲ့တဲ့ တက္ကသိုလ်ဝင်ခွင့် စာမေးပွဲမှာ သင်္ချာဘာသာရပ်မေးခွန်း တချို့မှာ အမှားတွေပါခဲ့တယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်ခဲ့ပါတယ်။ ဒီအပေါ် စာမေးပွဲ ဖြေဆိုခဲ့တဲ့ ကျောင်းသူ၊ ကျောင်းသားတွေကြားမှာ စိုးရိမ်မှုတွေရှိခဲ့တာပါ။ ဒါနဲ့ ပတ်သက်လို့ မသက်စုစံက သူ့ရဲ့ အမြင်ကို အခုလို ပြောပါတယ်။

" သင်္ချာနေ့က ဆရာတွေကြည့်တာ မှားသွားတယ် အဲ့လို ဆရာတွေက ဘယ်လိုခေါ်မလဲ သူတို့သီအိုရီအရ မှားတာပေါ့။"

မေး။ ။ အဲ့တော့ သမီး သင်္ချာမှာ ဂုဏ်ထူးမထွက်ခဲ့တာ အဲ့တာကြောင့်များလား။

" အဲ့တာကြောင့်တော့ မဟုတ်ဘူး သမီးက အခြားအပုဒ်တွေ မှားလာတာ။ နည်းနည်းမှားသွားတာ။ အဲ့တာကြောင့်တော့ မဟုတ်ဘူးထင်တာပဲ။"

မေး။ ။ သမီးက အခုဆယ်တန်းကို သုံးဘာသာနဲ့လုပ်ခဲ့တာဆိုတော့ သမီးရော ဘာဆက်လုပ်ဖို့စဉ်းစားထားလဲ။ သမီးရည်မှန်းချက် အတိုင်း ရခဲ့လား။

"အစက နည်းနည်းတော့ မှန်းထားတယ် ဒါပေမဲ့ အခုသုံးဘာသာထွက်တော့ သမီးက နဂိုကတည်းကလည်း စီးပွားရေးလိုင်းပဲ ယူဖို့စဉ်းစားထားတယ် စီးပွားရေး Management အဲ့လိုမျိုးပဲဖြစ်ချင်တယ်။"

အခုလို အောင်စာရင်းတွေ ထုတ်ပြန်ချိန်မတိုင်ခင်ကတည်းက တချို့ ကျောင်းသူကျောင်းသားတွေဟာ သူတို့ရဲ့ အောင်စာရင်းကို ကြိုသိနေခဲ့ကြပြီး ဒါမျိုး မဖြစ်သင့်ဘူးလို့ မသက်စုစံရဲ့ မိခင် ဒေါ်နုနုအောင်က ပြောပါတယ်။

" ပုံမှန်အတိုင်းပဲ အခုအချိန်မှ သိတာမျိုးပဲ လိုချင်တယ်။ ကြိုသိပြီး စုံစမ်းလို့ရတယ် ဆိုတဲ့အနေအထားတခုကတော့ စုံစမ်းလို့ရတယ်လို့ပြောတဲ့သူလည်းရှိတော့ ဒါတွေဟာ သွေးရိုးသားရိုးဖြစ်နိုင်သလား အဲ့တာလေးပဲ အားလုံး တပြေးညီပဲဖြစ်စေချင်တယ်လေ။ အောင်စာရင်းထွက်တယ် ထွက်တဲ့အချိန်မှ သိရတာမျိုး လိုချင်တယ်။"

လက်ရှိ အထက်တန်းကျောင်းပညာရေးစနစ်ဟာ အရင် စစ်အစိုးရ လက်ထက်တွေ တုန်းကလိုပဲ ၁၀ တန်းအောင်တဲ့အခါမှာ တက္ကသိုလ် ဘာသာရပ်တွေကို အမှတ်နဲ့သတ်မှတ်တဲ့ စနစ်ပဲရှိနေတာပါ။ အခု NLD အရပ်သားအစိုးရသစ်လက်ထက်မှာ ဒီစနစ်ကို ပြောင်းလဲဖို့ မိဘတွေဘက်က လိုလားနေကြောင်း ဒေါ်နုနုအောင် ပြောပါတယ်။

" မိဘတယောက်အနေနဲ့ ခံစားရတာကတော့ အမှတ်နဲ့မဟုတ်ပဲနဲ့ ကိုယ်လိုချင်တဲ့ တက္ကသိုလ်ကိုလျှောက်တာပေါ့ ဒါပေမဲ့ အဲ့ဒီ့တက္ကသိုလ်ကို လျှောက်တဲ့ တက္ကသိုလ်နဲ့ပတ်သက်ပြီးတော့ ကိုယ်ဘယ်လောက်စိတ်ဝင်စားတယ်။ အဲ့တာလေး တခုတော့ ပြန်စဉ်းစားပြီးတော့ သက်ဆိုင်ရာတွေ ရှိတဲ့ပါမောက္ခတွေ ရဲ့ဆုံးဖြတ်ချက်ဆိုတာထက် ကိုယ့်အနေနဲ့ ရွေးချယ်ပြီးတော့တက်တာကိုပဲ ပိုပြီးတော့ လိုလားတယ်ပေါ့နော်။ အစကတည်းကလည်း သိပ်မကြိုက်ခဲ့ဘူး။ အဲ့စနစ်ကိုတော့ မဖြစ်မနေ ပြင်စေချင်တယ်ပေါ့နော်။ ဒီစနစ်ကို ပြောင်းလဲတဲ့စနစ်ကိုဖြစ်စေချင်တယ် မိဘအနေနဲ့။"

အလားတူ ဒဂုံတက္ကသိုလ်မှာ တက်ရောက်သင်ကြားနေတဲ့ ကိုနန်းလင်းကလည်း ဒီစနစ်ကြောင့် ကျောင်းသားတွေရဲ့ အနာဂတ် နစ်နာမှုတွေရှိခဲ့တဲ့အကြောင်း အခုလိုပြောပါတယ်။

" အဓိကကတော့ တက္ကသိုလ်ဝင်ခွင့်ကို အမှတ်နဲ့ဆုံးဖြတ်တဲ့စနစ်ကို မြန်မာပြည် တက္ကသိုလ်မှာ ပညာရေးအတွက် အရမ်းဆိုးဝါးတယ်။ နောက် လူ့စွမ်းအားအရင်းအမြစ်က ဆုံးရှုံးတယ်။ အဲ့တာခေတ်အဆက်ဆက်ပဲ ကျောင်းသားက ကိုယ်စိတ်ဝင်စားတဲ့မေဂျာကို မတက်ရပဲနဲ့ အမှတ်ပေါ်မူတည်ပြီးတက်နေရတာပေါ့ ကျနော်တို့က ဘာဖြစ်စေချင်လဲဆိုရင် တက္ကသိုလ်တွေကို တက္ကသိုလ်တွေက ဝင်ခွင့်စနစ်သတ်မှတ်ပြီးမှ လုပ်တာမျိုးဖြစ်စေချင်တာပေါ့။"

မနေ့ညနှောင်းပိုင်းက သက်ဆိုင်ရာ အထက်တန်းကျောင်းအသီးသီးမှာ စတင်ထုတ်ပြန်ခဲ့တဲ့ ၁၀တန်းအောင်စာရင်းတွေကို အရင်နှစ်တွေလိုပဲ ကျောင်းသူကျောင်းသား၊ မိဘတွေအပြင် အခြားလာရောက်ကြည့်ရှုသူ အများအပြားရှိခဲ့ပါတယ်။ ဒါအပြင် တိုင်းဒေသကြီးနဲ့ ပြည်နယ်တွေရဲ့ အထက်တန်းကျောင်းအသီးသီးက အောင်စာရင်းတွေကိုလည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း အင်းစိန်၊ ကမာရွတ်၊ လမ်းမတော်၊ ဒဂုံနဲ့ သင်္ဃန်းကျွန်းမြို့နယ်တွေက အထက်တန်းကျောင်းတချို့မှာ ထုတ်ပြန်ကြေညာထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG