သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လူငယ်တွေရဲ့ဘ၀ ၁၀တန်း ရလဒ်နဲ့ မဆုံးဖြတ်သင့်


ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း လာရောက်ကြည့်ရှုနေသူများ ကို ဂျူလိုင်လ ၁၁ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - MOI
ရန်ကုန်တိုင်း၊ ဒဂုံမြို့နယ် အမှတ် (၂) အခြေခံပညာ အထက်တန်း ကျောင်းတွင် တက္ကသိုလ်ဝင် စာမေးပွဲ အောင်စာရင်း လာရောက်ကြည့်ရှုနေသူများ ကို ဂျူလိုင်လ ၁၁ရက်က တွေ့ရစဉ်။ ဓာတ်ပုံ - MOI

မြန်မာနိုင်ငံရဲ့ပညာရေးစနစ်ဟာ မကြာခဏ ပြုပြင်ပြောင်းလဲမှုလုပ်တဲ့ အစမ်းသပ်ခံ ပညာရေးစနစ်မဟုတ်ပဲ ကျောင်းသားလူငယ်တွေ အနာဂတ်ဘဝ အတွက် သင်ကြား တတ်မြောက်စေတဲ့ ပညာရေးစနစ်ဖြစ်အောင် ဖော်ဆောင်သင့်တယ်လို့ ပညာရေး အသိုင်းအဝိုင်းက ပြောဆိုလိုက်ပါတယ်။ ဒီကနေ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်စာရင်းတွေ ထွက်လာပြီးနောက် အခုလို သုံးသပ်သွားကြတာပါ။ မဆုမွန်က အပြည့်အစုံတင်ပြထားပါတယ်။

မြန်မာနိုင်ငံ တဝှမ်းလုံးနဲ့ နိုင်ငံပြင်ပက ဖြေဆိုခဲ့ကြတဲ့ ဆယ်တန်း ကျောင်းသူ ကျောင်းသားတွေ ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် မတ်လ က ဖြေဆိုခဲ့ကြတဲ့ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်စာရင်းကို ဒီကနေ့ ဇွန်လ ၁၁ရက်နေ့ မနက်ခြောက်နာရီ တိတိမှာ ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံ စာစစ် ဦးစီးဌာနက ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်။ ဒီနှစ်အတွက် တက္ကသိုလ်ဝင်တန်း တိုင်းဒေသကြီးနဲ့ ပြည်နယ်အလိုက် စာမေးပွဲအောင်မြင်မှုနှုန်းက ဖြေဆိုခဲ့သူပေါင်းရဲ့ ၃၀% ရာခိုင်နှုန်း ဝန်းကျင်လောက်ပဲ အောင်မြင်ခဲ့တာမို့ အရင်နှစ်တွေ ထက် အောင်ချက် အတော်လေးကို လျော့နည်းခဲ့ရပါတယ်။

၂၀၁၆ ခုနှစ်အတွက် တက္ကသိုလ်ဝင်တန်းမှာ အောင်ချက်နည်းခဲ့တယ်လို့ဆိုပေမဲ့ ရန်ကုန်တိုင်း ဒေသကြီးက ဝင်ရောက်ဖြေဆိုခဲ့သူတွေထဲမှာ ငါးဘာသာ ဂုဏ်ထူးရှင်အဖြစ် အောင်မြင်ခဲ့တဲ့ မောင်ကျော်မင်းထက်ကတော့ စာသင်နှစ် အစကတည်းကနေ စလို့ အားသွန်ခွန်စိုက် ကြိုးစားခဲ့တဲ့အတွက် အခုလို ငါးဘာသာ ဂုဏ်ထူးကို ဆွတ်ခူးရခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

“၉တန်း စာမေးပွဲ ပြီးကတည်းက ကျွန်တော်တို့ တစ်ရက် နှစ်ရက်ပဲ နားပြီး၊ ၁၀တန်း အတွက် မောင်းလာပါတယ် ခင်ဗျ။ တစ်နှစ်လုံးပေါ့နော်။ အဓိကကတော့ ဘာသာစုံ All D လို့တော့ မှန်းတာပဲ ခင်ဗျ။ အကုန်လုံး အားသွန် ခွန်စိုက်နဲ့ ကြိုးစားရပါတယ် ခင်ဗျ။ ဆရာတွေကော၊ မိဘတွေကော၊ ဂိုက်တွေကော အားလုံးရဲ့ ပံ့ပိုးမှုကြောင့် ကျွန်တော်တို့ တစ်နှစ်ပတ်လုံး စာကောင်းကောင်း ကြိုးစားနိုင်တယ်။ စာမေးပွဲမှာလဲ ကောင်းကောင်း ဖြေဆို နိုင်ခဲ့ပါတယ် ခင်ဗျ။ ဂုဏ်ထူးရတာက အင်္ဂလိပ်စာ၊ သင်္ချာ၊ Chemistry၊ Physics၊ Bio ပါ။ ကျွန်တော်ကတော့ ကျွန်တော် ဝါသနာပါတဲ့ အင်ဂျင်နီယာ လိုင်းကို တက်ဖို့ စီစဉ်ထားပါတယ် ခင်ဗျ။”

တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ကိုယ်တိုင်ဖြေဆိုခဲ့ပေမဲ့ ကျရှုံးခဲ့တဲ့ ကျောင်းသား မောင်အောင်မင်းခိုင်က ဒီကနေ့ စနေနေ့ မနက်ပိုင်း အောင်စာရင်းထုတ်ပြန်ပေးခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“ကျောင်းခန်းမရဲ့ အောက်ထပ်။ အောက်ထပ် ရှေ့မှာ ကပ်တယ်။ နောက်ပြီးတော့ ပညာရေးမှုး ရုံးတွေမှာ ထားတယ်။ အလယ်တန်းကျောင်း၊ အထက်တန်း ကျောင်းတွေ၊ အဲလိုမှာ။ ၁၀တန်း တက်တဲ့ ကျောင်းတွေမှာ အကုန် ထားတယ်။ အချိန်က တရားဝင် ၆နာရီ ထိုး ကြေငြာထားတယ်ဗျ။ ဒီနှစ်က ကျွန်တော်တို့လည်း အရမ်းကြီး မျှော်လင့်မထားကြဘူး။ ကျွန်တော်နဲ့ အတူတူ ဖြေတဲ့ သူငယ်ချင်းတွေပေါ့။ အောင်တဲ့ သူတွေ ရှိသလို၊ ကျတဲ့ သူလည်း ရှိတယ်။ မေးခွန်းစာက လွယ်မလိုလိုနဲ့ ခက်တယ်ဗျ။”

အခုလို တက္ကသိုလ်ဝင်တန်း စာမေးပွဲ အောင်မြင်မှုနှုန်း နည်းလွန်း ရတာ ဟာ မြန်မာနိုင်ငံတွင်းမှာ အခြေခံပညာ သင်ကြားတဲ့ ပညာရေးစနစ် ခိုင်မာမှု မရှိခဲ့ပဲ စမ်းသပ် ပညာရေးစနစ်ကြောင့်ဖြစ်ရ တယ်လို့ အခြေခံပညာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းက ဆရာ၊ ဆရာမတွေနဲ့ စုဖွဲ့ထားတဲ့ မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ်က ပြောဆိုလိုက်ပါတယ်။

မြန်မာနိုင်ငံ ဆရာ၊ ဆရာမများအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးသုတက မြန်မာနိုင်ငံမှာ ကျောင်းသား လူငယ်တွေရဲ့ ဘဝအနာဂတ်ကို ဆယ်တန်း အောင်စာရင်းအပေါ်မူတည်ပြီး ဆုံးဖြတ်တာကို မလုပ်သင့်တော့ဘူး လို့ အခုလိုပြောပါတယ်။

“မြန်မာ့ ပညာရေး စနစ်က ၁၀တန်းနဲ့ အကဲဖြတ်တာကိုတော့ ကျွန်တော်တို့ မှားယွင်းတဲ့ စနစ်လို့ မြင်တယ်။ မြန်မာပြည်မှာကကျတော့ သူငယ်တန်းကနေ အရင် ကိုးတန်းအထိပေါ့နော်။ လေးတန်းနဲ့ ရှစ်တန်းကို ပြန်ပြီးတော့မှ အစိုးရစစ် စာမေးပွဲတွေ ထည့်တယ်။ အဲဒီတော့ ပညာရေးက ကမောက် ကမတွေ ဖြစ်သွားတယ်။ နောက်ပြီးတော့ စာမေးပွဲ အောင်မှ လူ တစ်ယောက်က တော်တယ်ဆိုတာကလဲ လက်ခံလို့ မရတော့ပါဘူး ဒီခေတ်ထဲမှာ။ ဒီ ၁၀တန်းအောင်မှ တက္ကသိုလ်တက်ရမယ်။ ကျန်တဲ့ ၇၀က တော်တော် မတော်တော့ဘူး ဆိုတော့ တိုင်းပြည်အတွက် တော်တော် နစ်နာတဲ့ အခြေအနေပေါ့နော်။ အဲဒီတော့ အဓိက လုပ်သင့်တာက ကျွန်တော်တို့က ဒီ ၁၀တန်း စနစ်ကြီးကို ပြင်သင့်တယ်ပေါ့နော်။ တက္ကသိုလ် ဝင်ခွင့်ကို သူ့တက္ကသိုလ် အလိုက် သီးခြား ခေါ်မှသာ အဆင်ပြေမယ့် ကိစ္စတွေ ဖြစ်လာတယ် ခင်ဗျ။ အမြန်ဆုံး ပြန်လည်ပြီးတော့ ပြင်ဆင်ဖို့ လိုအပ်တယ်ပေါ့နော်။ ”

NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အစိုးရသစ် လက်ထက်မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ပညာရေးဝန်ကြီးအဖြစ် ယခင်အစိုးရသစ် တက်ကာစက တာဝန်ယူပြီး ပညာရေးစနစ် ပြုပြင်ပြောင်းလဲဖို့ ကြိုးစားခဲ့ပေမဲ့လို့ ပညာရေးဝန်ကြီး ဒေါက်တာမျိုးသိမ်းကြီးကို ပညာရေးဝန်ကြီးအဖြစ် တာဝန် လွှဲပြောင်း ပေးအပ်ပြီးနောက် နိုင်ငံရဲ့ အနာဂတ် ပညာရေးစနစ်ကို နိုင်ငံတကာ အဆင့်မှီအဆင့်မြင့် ပညာရေး စနစ် ဖြစ်အောင် ဆောင်ရွက်နေပါတယ်လို့ ပညာရေးဝန်ကြီး သစ်က ပြည်သူ့ လွှတ်တော်မှာ ပြောဆိုထားတာပါ။

အစိုးရသစ် လက်ထက် ပညာရေးစနစ်တွင်း မဖြစ်မနေ ပြုပြင်ပြောင်းလဲ သင့်တဲ့ အချက်တွေနဲ့ ပတ်သက်လို့ ကိုယ်တိုင် ဒီမိုကရေစီ ပညာရေးစနစ်ပြုပြင်ပြောင်းလဲရေး အကြမ်းဖက်အရိုက်နှက်ခံပြီး ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုခဲ့သူ ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် အခြေခံပညာကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ဖြစ်သူ မောင်အောင်မင်းခိုင်က အခုလိုပြောပါတယ်။

“ကျွန်တော့်အနေနဲ့ ဆယ်တန်းက ကျက်ဖြေ စနစ်ကြီးကို ပြုပြင်ပြောင်းလဲစေချင်တယ်ဗျာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့ စာသင်တယ်။ စာသင်ပြီးတော့ ကျက်တယ်။ အဲဒါကြောင့် ကျက်ဖြေစနစ်ကို အဓိက မလုပ်ပဲနဲ့ လေ့လာရေးပိုင်းတွေ၊ နောက်ပြီးတော့ စဉ်းစား ခိုင်းတာ တွေ၊ နောက်ပြီးတော့ ဗဟုသုတတွေ ရှာဖွေခိုင်း ပြီးတော့ ကျောင်းသားတွေရဲ့ သင်ကြားမှုကို မြှင့်တင်ပေးစေချင်တယ်ဗျ။”

အစိုးရသစ်လက်ထက်မှာ နိုင်ငံအနာဂတ် လူငယ်တွေအတွက် အသက်တမျှ အရေးကြီးတဲ့ မြန်မာ့ပညာရေးစနစ် ပြောင်းလဲမယ်လို့ မြန်မာနိုင်ငံ ဆရာ၊ ဆရာမ များအဖွဲ့ချုပ် ဒု ဥက္ကဋ္ဌ ဦးသုတကတော့ ယုံကြည်မျှော်လင့်ပါတယ်။

“ပညာရေးကတော့ အရင် အစိုးရ ခေတ်အဆက်ဆက် အစိုးရတွေနဲ့ မတူတဲ့ ပုံစံနဲ့ ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ အခုဆိုရင်ပဲ ကျွန်တော်တို့ အခြေခံ ပညာကျောင်းတွေမှာ လာဘ်ပေး လာဘ်ယူမှုတွေဟာ ဒီကျောင်းဖွင့်ရာသီမှာ ဗြောင် လာဘ်မစားရဲတော့ဘူး။ ဗြောင် မတောင်းရဲတော့ဘူး။ အဲဒါကြောင့်မို့ ကျွန်တော်တို့က ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရဟာ မြန်မာ့ ပညာရေးကို စွမ်းစွမ်း တမန် ပြုပြင်ပြောင်းလဲ နိုင်လိမ့်မယ်လို့ တော့ ယုံကြည်ပါတယ် ခင်ဗျ။”

နိုင်ငံပြင်ပ နိုင်ငံခြားက သံရုံးတွေမှာ ဖြေဆိုခဲ့သူတွေ အပါအဝင် နေပြည်တော်နဲ့ တိုင်းဒေသကြီး၊ ပြည်နယ်အသီးသီးက ဖြေဆိုခဲ့သူတွေရဲ့ ၂၀၁၆ တက္ကသိုလ်ဝင် စာမေးပွဲ ရလဒ်တွေကို ထုတ်ပြန်ရာမှာ လမ်းပန်းဆက်သွယ်ရေး ခက်ခဲတဲ့ ဒေသ တွေ အတွက် မြန်မာ့အသံ ရေဒီယိုက ကြေညာပေးခဲ့ပြီး www.myanmarexam.org အွန်လိုင်းကနေလည်း စာမေးပွဲရလဒ်တွေကို သက်ဆိုင်ရာ မြို့နယ်တွေအလိုက် ကြည့်ရှုနိုင်ဖို့အတွက် မြန်မာနိုင်ငံစာစစ်ဦးစီးဌာန က စီစဉ်ပေးထား ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG