သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ တပ်ချုပ်ရာထူးမှတ်ချက် တိုင်ကြားချက် သမ္မတရုံးပြန်ကြားစာပို့


ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း။
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆင့်နေရာနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်အပေါ် နိုင်ငံတော်သမ္မတရုံးက ဝန်ကြီးချုပ် ဆောင်ရွက်ရမယ့်အပိုင်းကို ညွှန်ကြားထားပြီး ဒီကနေ့ ညနေပိုင်း အထိတော့ တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။ နိုင်ငံတော်သမ္မတရုံးကတော့ ဝန်ကြီးချုပ်ရဲ့ ပြောဆိုချက်ဟာ အစိုးရရဲ့ သဘောထားမဟုတ်ကြောင်းနဲ့ ဒီပြောကြားချက်ဟာ အစိုးရနဲ့ တပ်မတော်အကြား အထင်အမြင် လွဲမှားမှုဖြစ်စေကြောင်း ထုတ်ပြန်ထားပါတယ်။ ဒီသတင်းကိုတော့ ဗွီအိုအေမြန်မာပိုင်းရဲ့သတင်းထောက် ကိုမိုးဇော်က တင်ပြထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးဖြိုးမင်းသိန်းက အရပ်ဘက် စစ်ဘက်ဆက်ဆံရေး ဆိုတာ ဒီမိုကရေစီခေတ်မှာ မရှိကြောင်းနဲ့ ကာကွယ်ရေးဦးစီးချုပ်ဆိုတာ Protocol အရ ညွှန်ကြားရေးမှုးချုပ် Level ပဲ ဖြစ်ကြောင်း အခမ်းအနားတခုမှာ ထည့်သွင်း ပြောကြားခဲ့တဲ့အပေါ် တပ်မတော်ဖက်က အရေးယူဆောင်ရွက်ဖို့ အတွက် အစိုးရကို တင်ပြတောင်းဆိုခဲ့တာ ဖြစ်ပါတယ်။

အစိုးရက တပ်မတော်ကို ဒီလ ၁၃ရက်နေ့မှာ အကြောင်းပြန်ကြားခဲ့ပါတယ်။ ဒီပြန်ကြားချက်မှာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ဟာ နိုင်ငံတော် အစိုးရရဲ့ ရပ်တည်ချက် သဘောထား မဟုတ်ကြောင်း၊ ဒီပြောကြားချက်ဟာ အစိုးရနဲ့ တပ်မတော်အကြား အထင်အမြင်လွဲမှားမှုတွေ ဖြစ်ပေါ်စေခဲ့ကြောင်းနဲ့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဆောင်ရွက်ရမယ့်အပိုင်းကို ညွှန်ကြားထားပြီး ဖြစ်ကြောင်း ကို သမ္မတရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှုးချုပ် ဦးဇော်ဌေးက သတင်းမီဒီယာတွေကို ပြောကြားထားပါတယ်။

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဘက်က ဘယ်လိုပြန်ကြားမယ် ဘယ်အချိန် ထုတ်ပြန်မယ်ဆိုတာကို လောလောဆည်မသိရသေးကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့က စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောပါတယ်။

“ဘယ်အချိန်ထုတ်ပြန်မယ်၊ ဘာအချက်အလက်တွေဆိုတာကို အန်ကယ်တို့ မသိရသေးဘူး။ အန်ကယ်တို့ကို သိခွင့်ပေးရင်တော့ သိခွင့်ပေးမှာပါ။”

ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်တွေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ဆက်သွယ်မေးမြန်းရာမှာလည်း သူတို့ မသိရသေးကြောင်းသာ ဖြေကြားပါတယ်။

အရပ်ဘက် စစ်ဘက်ဆက်ဆံရေးနဲ့ပတ်သက်ပြီး စာတမ်းတွေ ရေးသားခဲ့တဲ့ စာရေးဆရာ ဦးကျော်ဝင်းကတော့ လက်ရှိ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ်နဲ့ တပ်မတော် အကြားဖြစ်ပေါ်နေတဲ့ တင်းမာမှုအပေါ်မှာ အခုလို သုံးသပ်ပြောဆိုပါတယ်။

“နိုင်ငံတော်ရဲ့အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်သွားနေတဲ့ လမ်းကြောင်းက အမျိုးသားပြန်လည်သင့်မြတ်ရေးကို သွားနေတာပေါ့။ အဲဒီတော့ ရန်ကုန်တိုင်းဝန်ကြီးချုပ်မှ မဟုတ်ဘူး NLD ပါတီဝင်တွေအားလုံးအနေနဲ့ ကိုယ့်ခေါင်းဆောင်သွားနေတဲ့ လမ်းကြောင်းကို ကိုယ်ပြောလိုက်တဲ့စကားတခွန်းက တတ်နိုင်သလောက် အထောက် အကူပြုနိုင်ရင် ကောင်းတယ်ပေါ့။ အထောက်အကူမပြုဘဲ အဟန့်အတားဖြစ်သွားရင်တော့ သိပ်မကောင်းဘူးလို့ ထင်တာပဲ။”

တပ်မတော်ဘက်က သဘောထားထုတ်ပြန်ရာမှာတော့ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ဟာ အမျိုးသားရင်ကြားစေ့ရေးဦးတည်ချက်ကို ထိခိုက်စေနိုင်တဲ့အပြင် အစိုးရနဲ့ တပ်မတော်၊ လူထုနဲ့ တပ်မတော်အကြား ဆက်ဆံရေးကောင်းမွန်စေဖို့ စဉ်ဆက်မပြတ်တည်ဆောက်ရမယ့် ရေရှည်ဆက်ဆံရေး လုပ်ငန်းစဉ်ကိုပါ အခက်အခဲဖြစ်လာစေနိုင်သူဖြစ်ကြောင်း လည်း သုံးသပ်ထားပါတယ်။ ဒါကြောင့် ဝန်ကြီးချုပ်ဟာ အပြုသဘောနဲ့ ရေရှည်ဆက်ဆံဖို့ မသင့်လျော်တာကြောင့် လိုအပ်သလို စိစစ်အရေးယူဖို့တင်ပြရခြင်းဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ထားပါတယ်။

ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်အပေါ်မှာ ဒီမိုကရေစီနိုင်ငံကြီးတွေရဲ့ စံနှုန်းကို ပြောဆိုတာကြောင့် မမှားကြောင်း သုံးသပ်သူတွေရှိသလို ပြည်ထောင်စု အင်္ဂါစဉ် သတ်မှတ်ချက်အရ ဒီပြောဆိုချက်ဟာ ထိပ်တိုက်ရင်ဆိုင်မှုပုံစံဖြစ်နေကြောင်း သုံးသပ်တာတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG